ဘယ်ပန်းသာလို့ယဉ်
“ဟောဒီက ခရေပန်း”ဟု တစာသာအော်ကာ တစ်လမ်း ၀င်တစ်လမ်းထွက်နဲ့ခရေပန်းရောင်းနေ ရရှာသော အဖွား အို ဒေါ်မြင့်မေ။ ဒုတိယအရွယ်ကိုကျော်ကာ တတိယ အရွယ်ကိုရောက်နေပြီဆိုတော့ အရင်လို စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့။ မိမိတစ်ဝမ်းတစ်ခါးအတွက်ဆိုလျှင် ဖြစ်သလိုဘ၀ကိုရင်ဆိုင်နိုင်သော်လည်း မြေးလေးနှစ်ယောက်ရဲ့ဘ၀ရှေ့ရေးကြောင့်သာ အံကိုခံမာန်ကိုတင်းနေရသည်။တစ်ခါတစ်ခါတော့ ဖြစ်ချင် ရာဖြစ် ဟဲ့ဆိုပြီး စိတ်ကိုဒုံးဒုံးချလိုက်ချင်သော်လည်း ပညာတော်ကာ လိမ္မာရေးခြားရှိလှ သည့် မြေးနှစ် ဦး၏ မျက်နှာကို မြင်ရပြန်တော့် ဒေါ်မြင့်မေ၏စိတ်ကူးဟာ မှုန်ဝါးပျောက်ကွယ်သွားရစမြဲ….။
ဒီနေ့..ခရေပန်းတွေကလည်း ရောင်းရတာအဆင်ကိုမပြေ ဘူး။ တော်တော်ကျန်သေးတာပဲ။ ဟင်း… ဒီခရေ ပန်း ကုန်အောင်ရောင်းနိုင်မှဖြစ်မယ်။ ပြီးရင်ါ နေ့လည်မှာ မုန့်ဟင်းခါးဆိုင်ထွက်ရဦးမယ်။ဒီလိုအချိန်တိုင်းမှာ ရောင်းနိုင် ပါမှ ကလေးနှစ်ယောက်နဲ့ ဒေါ်မြင့်မေတို့ အဆင်ပြေရုံရှိ တာ။ ကလေးတွေကျောင်းစားရိတ်နဲ့ အိမ်စ ရိတ်က တစ်နေ့တစ်နေ့မလွယ်။ ငွေစက္ကူတွေအတောင်ပံမပါလို့သာ တော်သေးသည်။အတောင်ပံပါလို့က မလွယ်ရေးချမလွယ်ပါ…။
“ဟော..ဘုရားဖူးကားတစ်စင်းပါလား။ ဒီခရေပန်း ကလေးတွေ ကုန်အောင်သွားရောင်းလိုက်ဦးမှ။“ခရေ ပန်းတွေနော်…ခရေပန်းတွေဝယ်ပါဦး။ ဝေလည်းမွှေး ၊ကြွေလည်းမွှေးတဲ့ ခရေပန်းတွေကို ဘုရားပဲတင် တင် ခေါင်း မှာပဲ ဆင်ဆင်၊ လည်မှာပဲဆွဲဆွဲ..တစ်ကုံးမှ တစ်ဆယ်ထဲရယ်ပါ..”
“အဖွား ခရေပန်းဘယ်နှစ်ကုံးရှိလဲ။ ကျွန်တော်တို့ အကုန် ယူမယ်နော်..”
“သြော်..သားရေ.. (၃၂)ကုံးရှိတယ်ကွဲ့။ ၃၀၀ကျပ် ပဲပေးနော်။ ကျေးဇူးတင်လိုက်တာ လူလေးတို့ရယ်။ အဖွားကိုလှူတယ်လို့သဘောထားလိုက်ပါတော့။ ရော့. .ရော့..လူလေးတို့ကျန်းမာချမ်းသာကြပါစေတော်..”
ဒေါ်မြင့်မေသည် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ဆုတောင်းမိ သည်။ ရင်ထဲမှာလည်းအပျော်မြစ်ကလေးဖြတ် ဆင်းသွား သည်။ ရောင်း၍ရသော ပိုက်ဆံများရေတွက်နေစဉ်မှာ…
“အဖွားရေ..မေတ္တာလမ်းကိုဘယ်လိုသွားရသလဲခင်ဗျာ..”
“သြော်..လူလေးတို့ရေ..ရှေ့တစ်လမ်းကျန်သေးတယ်။ဒါ ကတော့ သစ္စာလမ်းပေါ့။မေတ္တာလမ်းက တစ်လမ်းကျော် မှာလေ။ ဒါနဲ့ မေတ္တာလမ်းက ဘယ်သူ့ကိုများတွေ့ချင် တာ လဲကွယ်..”
“ဒေါ်မြင့်မေပါခင်ဗျ..”
“အလို…ငါ့ကိုတွေ့ချင်တာပါလား။ ဘယ်သူတွေများပါ လိမ့်။ မြေလေးတို့နဲ့များပတ်သက်နေမလား။ ဘုရား.. ဘုရား..ကောင်းသောသတင်းကိုသာ ကြားပါရစေလို့ ရင်ထဲမှာ အခါခါဆုတောင်းနေမိပါတော့တယ်”
“ဒေါ်မြင့်မေဆိုတာ အဖွားပါကွယ်။ဒါနဲ့ လူလေးတို့ လာ ရင်းကိစ္စလေး တဆိတ်သိခွင့်ရှိမလားကွဲ့..”
ဒေါ်မြင့်မေနှင့်လူငယ်လေးတို့အပြန်အလှန်ပြောနေစဉ်မှာ ပင် ကားရှေ့ခန်းမှ အမျိုးသမီးကြီးတစ်ဦး ဆင်းလာ သည်။ ဒေါ်မြင့်မေသည် မိမိနှင့်ရွယ်တူလောက်ရှိသည့် အမျိုးသမီးအားတွေ့သောအခါရင်ထဲမှာဒိန်းကနဲ ဆောင့် ခုန်သွားသည်။ မထင်ပါ။ ဒေါ်မြင့်မေ လုံးဝမထင်ထားပါ။ ရှယ်လီကို ဒီလိုအချိန်မျိုးမှာ တွေ့ရလိမ့်မယ်လို့ လုံးဝမျှော် လင့်မထားပါ။
“မေ..မင်း..မေ ဟုတ်ပါတယ်နော်။အမလေးသူငယ်ချင်း ရယ်..တွေ့မှတွေ့ပါ့မလားလို့ တို့မှာစိတ်ပူလိုက် ရတာကွာ..”
“ဟုတ်ပါတယ် ရှယ်လီ..ကိုယ်..မေပါ။ ဒါပေမယ့် ဟိုတစ် ချိန်တုန်းက မေမဟုတ်တော့ပါဘူး။ အခုတော့ အရာ ရာပြောင်းလဲကုန်ပါပြီကွယ်။ ..”
“မေရယ်..ဘယ်လိုက ဘယ်လိုဖြစ်ရတာတုန်း..အင်း.. မင်းကိုတွေ့ချင်လွန်းလို့ အောင်လံကနေ တကူးတက လာခဲ့တာတွေ့မယ်တွေ့တော့လည်း ၀မ်းသာဝမ်း နည်းကြီး ပါလားမေရယ်။ ကြည့်ပါဦးကွယ်။ မင်းအိုစာ သွားလိုက်တာ မင်းသာမပြုံးခဲ့ရင်မင်းအပြုံးကို အမြဲမှတ် ထားတဲ့သူမဟုတ်ရင် မင်းဟာမေပါဆိုတာ ဘယ်သူမှယုံ မျာမဟုတ်ဘူး။ ကဲ..ကဲ..မင်းရဲ့အဖြစ်သနစ်အစုံအလင် ကို ပြောပြပါဦးလားမေရယ်…”
“ပြောပြချင်ပါတယ် ရှယ်လီရယ်… ကိုယ့်မှာ ရင်ဖွင့်စရာ မရှိလို့ မျိုသိပ်ထားရတာ နှစ်ပေါင်းမနည်းတော့ ဘူး။ရင်ထဲ မှာ အစိုင်အခဲကြီးတောင်ဖြစ်နေလောက်ရောပေါ့။ ကဲ.. လာကွာ ကိုယ့်အိမ်ကိုလိုက်ခဲ့ပေတော့..”
ဒေါ်မြင့်မေသည် မမျှော်လင့်ဘဲ သူငယ်ချင်းကိုတွေ့ လိုက်ရ သည့်အတွက် ရင်ထဲမှာ ဖော်မပြနိုင် လောက်အောင် ၀မ်း သာနေမိသည်။ စိတ်တို့တက်ကြွကာ ပြောလိုက်တဲ့စကားတွေကလည်းရေ ပက်မ၀င်တော့။ “သူငယ်ချင်းရေ ကိုယ်တို့အိမ်ကတော့ တဲသာသာရယ်နော်။ မင်းကို ခေါ်လာရတာတော့ ကိုယ် အရမ်းအားနာပါ တယ်ကွယ်။ သူငယ်ချင်းနဲ့ စကားအေးအေးဆေးဆေးပြောပြချင်လို့သာ အိမ်ကိုခေါ် ခဲ့ရတာ။ အင်း…ခက်တာက ကိုယ့်မှာ သူငယ်ချင်း လာလို့မှ ဆိုင်ကြီးကနားကြီးမှာ ဧည့်မခံနိုင်တဲ့အဖြစ်..”
“အမလေး မေရယ် ကိုယ်ကမင်းကိုတွေ့ရရင်ပဲ ကျေနပ် လှပါပြီ။ကိုယ့်အတွက်ဘာမှမလိုအပ်ပါဘူးကွယ်။ မေဘာ မှ စိတ်အနှောင့်အယှက်ဖြစ်မနေပါနဲ့ကွာ။ ကိုယ်အရာ အားလုံးကို နားလည်ပါ တယ်။ ကဲ..ကဲ…မင်းရဲ့ အဖြစ်သနစ်တွေ ကို ဇာတ်စုံခင်းပါဦး ကွယ်…”
သူငယ်ချင်းဖြစ်သူက မေးလာတော့လည်း မေသည် မဖြေ မဖြစ်ဖြေရတော့မည်။ အတိတ်အကြောင်းကို မေ မတွေး ချင် ပါ။တွေးနိုင်အောင်လည်းအင်အားမရှိလှပါ။ အတိတ် သည်ဒဏ်ရာဒဏ်ချက်တွေနဲ့သာပြည့်နှက်နေတာမို့ မေ့ ထားလိုက်ချင်ပါပြီ။သို့သော်…ခံစားချက်သည် နှလုံးသား အပိုင်းဖြစ်၍ မေ့မရခြင်းသည် ဦးနှောက်၏အ ပိုင်းဖြစ်လေ သည်။
“ဒီလိုသူငယ်ချင်းရေ…ကိုယ်မင်းနဲ့ကွဲပြီး (၂)နှစ်အကြာမှာ အိမ်ကသဘောတူတဲ့ ကိုသက်ဦးမောင်နဲ့ လက်ထပ် ခဲ့တယ်။ ကိုသက်ဦးမောင်ကရိုးသားကြိုးစားပြီး သစ္စာရှိ တဲ့ ယောက်ျားတစ်ယောက်ဆိုတော့ ကိုယ့်ဘ၀ အေးချမ်း ခဲ့တယ်လေ။ ကိုယ်တို့အိမ်ထောင်ကျပြီး တစ်နှစ်အကြာ မှာတော့ သမီးလေးသက်ထားကိုမွေးခဲ့တယ်။ ကိုသက်ဦးမောင်ဟာ ဇနီးနဲ့သမီးကိုချစ်လိုက်တာမှ တုန်နေတာပဲ။ အဲဒီအချိန်တွေက ကိုယ့်ဘ၀ ရဲ့ရွှေရောင်နေ့ ရက်တွေပဲပေါ့ကွယ်..”
“ဒါပေမယ့်..ကံကြမ္မာဆိုတာ ဘယ်လိုမှ ကြိုတင်တွက် ဆလို့ရတဲ့ အရာမှမဟုတ်တာ။ ကိုယ်တို့ဘ၀လေး သာယာပျော်ရွှင်နေတုန်းမှာ ရွှေတောင်ကြီးပြိုခဲ့ရတယ်လေ။ ကိုသက်ဦးမောင်ဟာ စီးပွားရေးကိစ္စတစ်ခုနဲ့ ခရီး ထွက်ရင်းလမ်းမှာ ကားမှောက်ပြီးဆုံးခဲ့တယ်လေ။
“အို..ဖြစ်ရလေ..သူငယ်ချင်းရယ်..”
“ကိုယ်လဲ သမီးလေးဘ၀ရှေ့ရေးအတွက် ကြံ့ကြံ့ခံရင် ဆိုင်နိုင်အောင်ကြိုးစားခဲ့ပါတယ်။ သွားလေသူ ကလည်း ကိုယ်တို့အတွက် ပစ္စည်းအတော်များများထားခဲ့ပါတယ်။ သမီးလေးမျက်နှာမငယ်ရအောင် ကိုယ်လည်း အားတင်း ခဲ့ပါတယ်။ဒီလိုနဲ့သမီးလေးလည်းအရွယ်ရောက်လာခဲ့တယ်။ ဒါပေမယ့် သမီးလေးဟာ ပညာကို ဆုံးခန်းတိုင်အောင် မသင်ဘဲ ချစ်သူနောက်ကောက်ကောက်ပါအောင် လိုက် သွားခဲ့တယ်လေ။အင်း..မေ့ဘ၀မှာပထမဦးဆုံးထွက်သွား တာက ကိုသက်ဦးမောင်။ ဒုတိယကသမီးလေး။ ကိုယ်လည်းအထီးကျန်ဘ၀နဲ့ပဲ ယောင် ချာချာဖြစ်ခဲ့ ရတာပေါ့လေ..”
“အဲ..နှစ်နှစ်လောက်အကြာမှာ သမီးလေးဟာ ကလေး တစ်ယောက်နဲ့ အိမ်ကိုပြန်ရောက်လာပါလေ ရော။ သူ့ခင်ပွန်းကရှာဖွေမကျွေးတဲ့အပြင် အရက်သောက်၊ ဖဲရိုက်၊အိမ်ကပါသွားတဲ့ ပစ္စည်းတွေလည်းကုန်ရော သမီးကို နှိပ်စက်တော့တာပဲ။လင်ဆိုးမယားတဖားဖားဆိုသလိုပေါ့ကွယ်။ သမီးလည်း သူနဲ့ဆက်ပြီး မနေနိုင်တော့တာနဲ့ကိုယ့် ဆီကိုရောက်လာတယ်။ ကိုယ်လည်း သမီးကိုချစ် တဲ့စိတ် ရယ်၊ သနားတဲ့စိတ်ရယ်ကြောင့် သမီး ကိုပြန်လက်ခံခဲ့ ပါတယ်။ သမီးလေးဟာ သူ့ခင်ပွန်းရဲ့နှိပ်စက်ဒဏ်ကြောင့် စိတ်ထောင်းလို့ ကိုယ်ကျေကာ ကျန်းမာ ရေးချို့တဲ့ လာ တယ်။ ကိုယ်လည်းတတ်နိုင်သလောက်သမီးလေး ကိုပြုစုစောင့်ရှောက်ခဲ့ပါတယ်..”
“အဲ..သမီးလေးဟာ မိခင်ရဲ့စေတနာနဲ့နွေးထွေး တဲ့ အကြင်နာ မေတ္တာတွေကြောင့်ကျန်းမာရေး ကောင်းပြီးစို စိုပြေပြေဖြစ်လာတယ်။ မကြာပါဘူး။သမီးယောက်ျားဟာ သမီးလေးကိုချော့လို့တစ်မျိုး ခြောက်လို့တစ်ဖုံ ပြန်လာခေါ် တယ်။ သမီးလေးကလည်း အတင်းငြင်းပါတယ်။ ဒါပေမယ့် နောက်ဆုံးတော့ သူ့ ခင်ပွန်းလက်ထဲကို ပြန်ပါ သွားခဲ့တယ်။ဒုတိယကိုယ်ဝန်လွယ်နေတုန်းမှာ သူ့ ယောက်ျားနောက်အိမ်ထောင်ထပ်ပြု ပြန်ပါလေရော။ သမီးလေးလည်းယောက်ျားဆိုးရဲ့နှိပ်စက်တဲ့ဒဏ်ကို ကြာရှည်မခံနိုင်တော့ဘဲ သားလေးကိုဖြိုး မွေးပြီး ဆုံးသွားတယ်လေ။ ကိုယ်လည်းမြေးနှစ်ယောက်ကိုရင်ခွင်ပိုက်ရတော့တာပေါ့။ မြေးလေးတွေလည်း လိမ္မာကြပါတယ်။ ပညာကိုကြိုးစားပြီးသင်တယ်။ အကြီးမ ပန်းခရေ ဆယ်တန်းဖြေထားတယ်။ အငယ်လေး ကိုဖြိုး ကရှစ်တန်းတက်ပြီလေ..။
“သမီးပန်းခရေနဲ့သားလေးကိုဖြိုးရေ..အမေကြီးဆီကိုလာ ပါဦးကွယ်။ မြေပဲဆားလှော်ပါတစ်ပါတည်းယူ ခဲ့နော်။ ရှယ်လီကမြေပဲဆားလှော်သိပ်ကြိုက်တာကွဲ့..”
ပန်းခရေသည် မြေပဲဆားလှော်ပန်းကန်နှင့် ရေနွေးကြမ်း အိုးလေးကိုင်ကာ ထွက်လာသည်။ ဖြူစင်သန့်ရှင်းကာ လှပ၍ ချစ်စရာကောင်းသော ဒေါ်ရှယ်လီမြင်လိုက်ရာ တွင် ….
“ဟယ်…မေရေ…မင်းရဲ့မြေးမလေးက မင်းနဲ့တထေရာ တည်း ပါလား..”
“ဟုတ်ပါ့ရှယ်လီရယ်..သမီးပေးခဲ့တဲ့အမွေတွေပေါ့..ဟင်း…ဟင်း”
“ကဲ…မေရေ..အခုကစပြီး ကျွန်မသူငယ်ချင်းဘာမှ စိတ်အားမငယ်နဲ့တော့သိလား။ မင်းရှေ့မှာ ကိုယ် တစ်ယောက်လုံးမားမားမတ်မတ်ရှိတယ်လို့ စိတ်ထဲမှာ သဘောထား။ မင်းခရေပန်းမရောင်းနဲ့တော့ လိုအပ် တဲ့ အရာမှန်သမျှ ရှယ်လီကိုပြော မေ..အခု ကစပြီး အေးအေးချမ်းချမ်းနေပါတော့ကွယ်..”
“ဘယ်ဟုတ်ပါ့မလဲရှယ်လီရယ်…တို့ရှာနိုင်ပါသေးတယ်..”
“တော်ပြီမေ..ရှင့်ကိုယ်ရှင်ပြန်ကြည့်ဦး…မေရဲ့မိဘတွေ သာဒီပုံစံမြင်ရင် ရင်ကျိုးရချည်ရဲ့ကွယ်။ သူတို့ တွေက သူတို့ရဲ့သမီးကို ခြေမွှေးမီးမလောင် လက်မွှေးမီး မလောင်ထားခဲ့တာ အခုတော့ မေရယ်..”
“ဘယ်တတ်နိုင်ပါ့မလဲ သူငယ်ချင်းရယ်။ ဘ၀ပေး ကုသိုလ်ပေါ့။ တစ်ချိန်ကရွှေထီးစောင်းခဲ့ရတဲ့နေ့ရက် ကလေးတွေကို ပြန်တမ်းတလွမ်းဆွတ်နေတော့ရော ဘာဝမှာ အရာအားလုံးပြီးပြည့်စုံသွားတာမှမဟုတ်တာပဲ ကွယ်။မြေးလေးနှစ်ယောက်အတွက် လောကဓံကိုကြံ့ကြံ့ခံ ရင်ဆိုင်သွားရမှာပေါ့…မဟုတ်ဘူးလား..”
“ဟုတ်တော့ ဟုတ်ပါတယ်ကွယ်။အဲဒီတာဝန်ကို ကျွန်မကိုလည်း ထမ်းခွင့်ပြုပါနော်..”
………………………………
မေသည် သူငယ်ချင်းရှယ်လီ၏အကူအညီကို မယူမဖြစ်ယူ ရပေတော့မည်။
မြေးမလေးပန်းခရေသည် ဆယ်တန်းကို ဘာသာစုံဂုဏ် ထူးဖြင့် အောင်မြင်ခဲ့လေပြီ။ မြေးမလေး၏ ကြိုးစား မှုကြောင့် ရရှိလာသော အောင်မြင်မှုအတွက် ၀မ်းသာ ဂုဏ်ယူမဆုံးဖြစ်မိသော်လည်း အပျော်မြစ်သည် ခဏသာ စီးဆင်းနိုင်ခဲ့သည်။ မြေးမလေးသွားချင်သည့် ဆေးတက္က သိုလ်မေ့အနေဖြင့် ပို့နိုင်မည်မထင်ပါ။ ၀မ်းရေးတောင် အနိုင်နိုင် ရုန်းကန်နေရသည့် မေသည် မြေးမလေး အတွက်မည်သို့မည်ပုံဖန်တီးပေးရမည်မသိ။ အကြပ် အတည်းများကြားမှ မေသည် သူငယ်ချင်းဖြစ်သူ ကို သတိရ မိသည်။“ပူမနေပါနဲ့မြေးရယ်။ အဖွားသူငယ်ချင်း ရှယ်လီကိုအကူအညီလှမ်းတောင်းလိုက်ရင်ရပါတယ်။ မြေးလေးသာ ဆရာဝန်ကြီးဖြစ်အောင် ကြိုးစား..ကြားလား..”
“ဟုတ်ကဲ့ပါ အဖွားရယ်..”
ဒေါ်မြင့်မေသည် မြေးမလေးကို ဖြေသိမ့်ပြီး သူငယ်ချင်း ရှယ် လီပေးထားသည့် ဖုန်းနံပါတ်ကလေးကို ယူကာ လမ်းထိပ်သို့ထွက်လာခဲ့သည်။
“ဟယ်လို..ရှယ်လီလား..မေပါသူငယ်ချင်းရယ်..”
“အိုး…မေ..မင်းကိုယ့်ဆီကိုဖုန်းဆက်တယ်၊ကိုယ်ဝမ်းသာ လိုက်တာကွယ်…”
မေသည် သူငယ်ချင်းဖြစ်သူ၏လှိုက်လှိုက်လှဲလှဲရှိမှုကို သိရတော့ ၀မ်းသာမိသည်။ မြေးလေးအတွက် အကူ အညီတောင်းရန်လည်း အားတက်မိသည်။
“ဒီလိုပါရှယ်လီရယ်။ သမီးကြီးပန်းခရေလေ ဆယ်တန်း ကို ဘာသာစုံဂုဏ်ထူးနဲ့အောင်တယ်ကွ။အဲဒါ..”
“အိုကေ..သိပြီသူငယ်ချင်း..ပန်းခရေလေးကို သူတက်ချင်တဲ့ဆေးတက္ကသိုလ်ကိုတက်ခိုင်း၊ ကိုယ်အား လုံးကူညီမယ်..ဟုတ်ပလား..”
ဒေါ်ရှယ်လီသည် သူငယ်ချင်းဖြစ်သူကို ကူညီခွင့်ရ သည့် အတွက် ရင်ထဲမှာအပျော်ကြီးပျော်မိသည်။ မိမိ၏မြေးများ ကိုလည်း ပန်းခရေကဲ့သို့တော်စေချင်သည်။ တတ်စေ ချင်သည်။ လိမ္မာရေးခြားရှိစေချင် သည်။ခက်တာကသမီး၊ သမီးသည် သူမ၏သားသမီးများကို အချစ်လွန်ကာ အလို လိုက် လွန်းသည်။ မိမိကဆုံးမ သည့်အခါများတွင်လည်း သူမ၏သားသမီးများရှေ့မှကာဆီးကာဆီးလုပ်တတ်လေ သည်။ ကြာလျှင် မြေးများသည် လူ့မလှိုင်များဖြစ် လာတာ့ မည်။ အဆင်းလှဆန်းလူ့ပေါက်ပန်း ကလေးများဖြစ် လာတော့မည်။ အခုလည်း ပန်းခရေကဆယ်တန်းကို ထူးချွန်စွာအောင်မြင်ခဲ့ပြီး ၀တ်မှုန်ကတော့ မအောင်ခဲ့ပေ။
“သမီး ၀တ်မှုန်..သမီးကိုအကောင်းဆုံးကျောင်းတွေ မှာထားတယ်။ သမီးလုပ်ချင်တာမှန်သမျှ ဖွားဖွားနဲ့ သမီးမေမေကလိုလေသေးမရှိရအောင် ဖြည့်ဆည်းပေး တယ်။ ဖွားဖွားတို့ဘက်က တာဝန်ကျေပွန်ခဲ့ပါလျက်နဲ့ သမီးကတာဝန်မကျေပါလားကွယ်။ မေရဲ့မြေးလေးပန်း ခရေဆိုရင်အလုပ်တစ်ဖက်ကျောင်းစာတစ်ဖက်နဲ့ဘ၀ကို ရုန်းကန်နေရတဲ့ကြားက ဆယ်တန်းကိုထူးချွန် စွာအောင် ခဲ့တယ်။ သမီးအားမကျဘူးလား..”
“အို..ဖွားဖွားကလည်း မီးကို အဲဒီလိုအောက်တန်း စားတွေနဲ့နှိုင်းပြီး မပြောပါနဲ့။ မီးသိက္ခာကျတယ် သိလား။ မီးတို့က ကိုယ့်အဆင့်အတန်းနဲ့ကိုယ်နေလာတာ။ မီးစာမေး ပွဲမအောင်လည်း မီးတို့မှာ ဥစ္စာစည်း စိမ် တွေတစ်ပုံကြီးရှိတယ်။ ဖွားဖွားဘာမှစိတ်မူပါနဲ့..”
“မာမီနော်..ဒေစီသားသမီးတွေကို သိပ်မနှိမ်ပါ နဲ့။သူတို့ အားကိုးစရာမိဘနှစ်ပါးရှိတယ်။ဒီနှစ်မအောင် တော့နောက်နှစ်ထားရလည်း ဒေစီတို့ကထားနိုင်ပါတယ်.။ ပြီးတော့ ဒေစီသားသမီးတွေကို မာမီကဟိုခေါ်ဒီခေါ် ခေါ် မသွားပါနဲ့ ဒေစီတို့က အဆင့်အတန်းရှိရှိနေလာ တာ၊ ဒေစီသားသမီးတွေကို ကိုယ်နဲ့အဆင့်အတန်းတူတဲ့ သူ တွေနဲ့ပဲပေါင်းစေချင်တယ်။ တော်ကြာ သားတို့ သမီး တို့ အောက်တန်းစား စိတ်ဓာတ်တွေဝင်သွားပါဦးမယ်။..”
ခရေပန်းဟာ တန်ဖိုးမကြီးလှပေမယ့် လူတိုင်းမြတ်နိုး တန်ဖိုးထားတယ်။ ဝေလည်းမွှေး ကြွေလည်းမွှေး တယ်။ လောကကို သူရဲ့ရနံ့လေးနဲ့အလှဆင်တယ်။ ထပ်တရာပန်းက လှတော့လှပါရဲ့။ ဒါပေမယ့်…ခူးမယ့် ပန်မယ့်သူမရှိ။ တန်ဖိုးထားသူမရှိတဲ့ပန်းမျိုး။ အဲ..ပန်းချင်း တူပေမယ့် မတူညီတဲ့အချက်တွေရှိတယ်ဆိုတာ သမီး နဲ့မြေးလေးတွေသိစေချင်ပါရဲ့။ရှယ်လီရဲ့မြေးလေးတွေလောကကြီးမှာ ခရေပန်းလေးတွေပဲဖြစ်ပါစေတော့ ဟု ဆုတောင်းရုံမှ တပါး အခြားမရှိပါပြီ…။
ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)
No comments:
Post a Comment