Labels
- ၀တ္ထုတို (8)
- ကဗျာ (15)
- ဓာတ်ပုံမှတ်တမ်းများ (1)
- ပြည်တွင်းသတင်း (5)
- ဆောင်းပါး (37)
- နိုင်ငံတကာသတင်း (3)
Thursday, August 7, 2014
အ၀န်းပျက်စက်ဝိုင်းများ
နံနက်လင်းကတည်းက တစ်မိုးလုံးအုံ့ဆိုင်း၍ ညှို့ညှို့မှိုင်းနေသည်။
ရုံးခန်းအတွင်းသိုလှမ်းအ၀င်တွင် ကျွန်တော့်ကိုစောင့်နေသော စိုးစန္ဒီကိုတွေ့လိုက်ရသည်။ မျက်နှာထား ညိုညိုတွင် သောကရိပ်တို့ယှက်သန်းနေ၍ ပြသနာတစ်ခုခုများပေါ်နေပြီဟု တွေးဆမိရင်း နှစ်သိမ့်ပြုံးလေးနှင့် နှုတ်ဆက်မိသည်။ ကျွန်တော့်ကိုမြင်သည်နှင့်စိုးစန္ဒီ၏ညိုသောမျက်နှာပြိုသွားသည်။ မျက်ရည်ကြောင်းများ ချောင်းဖြစ် သွားတော့ သည်။ ငိုနေခြင်းကပင်လျှင် ပြောပြချင်နေသော စကားတို့အတွက်အားယူနေခြင်းဟုသိထားရာအားရအောင် ငို ပါစေဟူသောသဘောဖြင့် လွှတ်ထားပေးရင်း နှစ်သိမ့်စကားဆိုမိသည်။ နှစ်သိမ့်ကာမှ အငိုကသည်းလာ သည်။ ဆို့နစ်ကြေကွဲရှိုက်သံဝဲနေသည့် စိုးစန္ဒီ၏ ဗလုံးဗထွေးစကားတို့သည် ကျွန်တော့် နားစည်ကို ထိုးဖောက်ဝင်ရောက်လာတော့သည်။ “ကိုကြီးမွန်ပဲစဉ်းစားကြည့်လေ။ဒီအခြေအနေရောက်အောင်သူဘာတွေများစွမ်းဆောင်ခဲ့လို့လဲ စန္ဒီနဲ့ အိမ်ထောင် ကျမှ ဘွဲ့ကလေးတစ်ဘွဲ့ရတာမဟုတ်လား။ ဘွဲ့ရအလုပ်လက်မဲ့တွေလမ်းဘေးမှာ ခလုတ် တိုက်မတတ်ပေါနေ တဲ့အချိန်မှာ အရာရှိငယ်အဆင့်ရောက်အောင်ဘယ်သူဖန်တီးပေးခဲ့တာလဲ။ စန္ဒီတို့ မိသားစုကပါ ကိုကြီးမွန်ရယ် ” “ကဲ..အဲဒါအသာထားဦး နေရတဲ့တိုက်၊စီးရတဲ့ကား၊သုံးစွဲရတဲ့အသုံးအဆောင်တွေကျတော့ရော ဘယ်သူ့ ပစ္စည်း တွေလဲ ။စန္ဒီဂုဏ်ဖော်ချင်လို့ပြောတာမဟုတ်ဘူးနော်။စန္ဒီမှာလေ ဘာမှသုံးမရတဲ့ အရာရှိကတော် ဆိုတဲ့ ဂုဏ်ပုဒ် လေးတစ်ခုပဲ သူ့ဆီကရတာပါ။ကိုကြီးမွန်စဉ်းစားကြည့် အိမ်ထောင်သက်တမ်းဆယ်နှစ် အတွင်းမှာ တစ်ပြားတစ် ကျပ်မှ ရတာမဟုတ်ဘူး။ သူ့လခဘယ်လောက်ရလို့ရမှန်းတောင် စန္ဒီသိတာ မဟုတ်ဘူး။ သူ့လခမကိုင်ရတဲ့ အပြင် စန္ဒီမှာလေ ငါ့ယောက်ျားကအရာရှိဟဲ့ သူများနဲ့ယှဉ်ရင် မျက်နှာမငယ် ရအောင်ဆိုပြီး သူ့အိပ်ထဲမှာ ငွေမ ပြတ်အောင်ထည့်ပေးတာပါ ကိုကြီးမွန်ရယ်။ ကိုယ့်မိသားစုအတွက်ဆိုပြီး စန္ဒီမှာ မိန်းမ မတန်ဘ ရှာဖွေလိုက်ရ တာ သားကိုသခင် လင်ကိုဘုရားဆိုပြီး တလေးတစားနဲ့ထားလိုက်ရ တာ ဘာမှလိုလေသေးမရှိအောင်ပြုစုလိုက် ရတာ။ဒီကြားထဲက ဖောက်ပြီး ကိုကြီးမွန်ညီက လုပ်ရက်လိုက် တာ စန္ဒီသိပ်အခံရခက်တာပဲ..”
ပြောနေရင်းမှ စိုးစန္ဒီခမျာ ရှိုက်ကြီးတငင်ငိုကြွေးချလိုက်သည်။ ကျွန်တော်မှာ စကားဖန်ထိုးစရာရှာမရ၍ ဦးနှောက်ခြောက်ရတော့သည်။ စိုးစန္ဒီပြောစကားများသည် အပိုချဲ့ကားပြောနေသည်မဟုတ်။ အမှန်တွေ ချည်း ရင်ဖွင့်နေခြင်းဖြစ်သည်။ သည်ပြဿနာတွင် ကျွန်တော့်ညီကလွန်မှန်း ကျွန်တော်ကောင်းကောင်းသိပါ သည်။ သိုးသိုးသန့်သန့်ကြားနေသည်မှာ ကြာပြီ။ သည်အထိပြဿနာကြီးထွားလာလိမ့်မည်ဟု မမျှော်လင့် ခဲ့။ ခေါ်ပြီးသတိပေးစဉ်တုံးကလည်း “ဟာ..မဟုတ်ပါဘူး ကိုကြီးမွန်ရာ ”ဟု ဘူးကွယ်ခဲ့သဖြင့် သည် အထိအောင် မိုက်လိမ့်မည်မဟုတ်ဟု လျှော့တွက်ခဲ့သည်။ သူလဲအရာရှိတစ်ယောက်ပဲလေ တတ်ထားသည့် ပညာ ရင့်ကျက် သောအတွေ့အကြုံ၊မငယ်သော အသက်အပိုင်းအခြားနှင့် သည်အမှားမျိုးကို ရှောင် တိမ်းနိုင် တန်ရာသည်ဟု ကျွန် တော်ထင်မှတ်ခဲ့ပါသည်။ အားရအောင်ငိုပြီးမှ စန္ဒီက စကားဆက်သည်။ “စန္ဒီနဲ့အကြီးအကျယ်စကားများပြီး အိမ်ပေါ်က ဆင်းသွားတယ် ကိုကြီးမွန်၊ မယားပြိုင်ထားဖို့မဆိုထားနဲ့ အဲဒီ မိန်းမနဲ့ ကင်းရှင်းပါပြီဆိုတောင် စန္ဒီကတော့လက်မခံနိုင်ဘူး။ အိမ်ရိပ်ကိုနင်းလဲနင်းရလိမ့်မယ် မအောက်မေ့ နဲ့ ကလေးတွေနဲ့လဲတွေ့ရလိမ့်မယ်မထင်လေနဲ့။ စန္ဒီတို့မျိုးရိုးလဲ ကိုကြီးမွန်သိပြီးသားပါ။ တစ်လင် တစ်မယားစနစ်ကို အသက်လို တန်ဖိုးထားတတ်တဲ့အမျိုး။သူနဲ့ကျမှ မျိုးရိုးအစဉ်အလာကို အစွန်း အထင်းမခံနိုင် ဘူး။ မွေးထား တဲ့သားသမီးတွေကိုလည်း အတုခိုးမမှားစေချင်ဘူးကိုကြီးမွန်။စန္ဒီဘက်က ကွာရှင်းဖို့လုပ်နေပြီဆိုတာ ကိုကြီးမွန် သိအောင်လာပြောတာ စန္ဒီပြန်မယ်..” ပြောချင်သမျှပြောအပြီးတွင် ကျွန်တော်၏ တုန့်ပြန်စကားကိုပင်မစောင့်တော့ဘဲ ငေါက်ကနဲထပြန်သွား သည်။ ဒေါသမာနတို့ဖြင့် တွန်းထွက်သွားသောကြောင့် ဆင်နားရွက်တံခါးလေးသည် လှုပ်ခါ၍ကျန်ရစ်ခဲ့သည်။ အလုပ်စလုပ်တော့ မည်ဟူသော ရည်ရွယ်ချက်ဖြင့် စာတွဲများကို ဖွင့်လိုက်သည်။ အပြင်ဘက်တွင် မိုးဖွဲတို့ကျစပြု လာသည်။ ………………………
မိုးတဖွဲဖွဲရွာနေသည်။
စာတွဲများကို ဖွင့်လိုက်ရင်းမှ အလုပ်ထဲအာရုံနှစ်လိုက်သည်။ အာရုံက စုစည်းရခက်လှသည်။ ကြည့်နေ လျက်က ဘာကိုမှမမြင်။ မျက်စိအကြည့်ကပြတင်းကိုကျော်ကာ အပြင်သို့ရောက်သွားသည်။ ရွာနေကျမိုးမှုံ များ ကြားတွင် ဆွေမျိုးသားချင်းတို့၏ မျက်နှာများက ထင်းထင်းကြီးပေါ်လာသည်။ သူတို့သည် တစ်ဆိတ်ရှိ “ကိုကြီး မွန်”ဟုခေါ်ကာ ကျွန်တော့်ထံရောက်လာတတ်သည်။ လာလျှင်လည်း ကောင်းသော လာခြင်း မဟုတ်။ ကောက် ရိုးလှည်းကိုစီးကာ သပွတ်အူတောင်းကိုပွေ့၍ လာခြင်းဖြစ်သည်။ ကျွန်တော့်ထံခေါင်းတပ်လာသော သူတို့၏ကိစ္စ၀ိစ္စပေါင်းသောင်းခြောက်ထောင်၊ပြဿနာပေါင်းကုဋေကု ဋာတို့ကို ဒိုင်ခံဖြေရှင်းနေရသောကြောင်း ကိုယ့်အလုပ်ပျက်ပေါင်းလည်းများလှပြီ။ သို့သော် ကျွန်တော်မငြိုငြင်ပါ။ ဥာတကာနဉ္စသင်္ဂဟောဟု ဆိုထားသည်မဟုတ်လား။ သူတို့ခမျာကျွန်တော်ကလွဲ ၍ အခြားအားကိုးစရာ ဆွေမျိုးသားချင်းအကြီးအကဲရှိသည်မဟုတ်။
ကျွန်တော်သည် ငွေချမ်းသာပါသည်။ ထို့အတူ ဆွေလဲကြွယ်ဝပါသည်။ သစ်တစ်ပင်ကောင်းလျှင် ငှက် တစ်သောင်းနားနိုင်သည့်ပုံနှယ်ပင်။ ရန်ကုန်တွင်အခြေတကျ အနေခိုင်ပြီဆိုကတည်းက ကျွန်တော့်အား ကိုးနှင့် နယ်မှတက်လာကြသော ဆွေမျိုးသားချင်းတွေရေလို့မနိုင်။ ပညာရေးအတွက်၊ စီးပွားရေးအတွက်၊ ကျန်းမာရေး အတွက် ကျွန်တော့်မှာ ရခိုင်သူမြတ်၏ဆုံးမစာကို လိုက်နာကျင့်သုံးဖြစ်ပါသည်။ “မျိုးပေါင်းဆွေ ၀ါး၊ လူအများကို၊ သနားကြင်နာ၊ စီးပွားရှာ ၍၊ မေတ္တာမကင်း၊မစခြင်း ”တွေများခဲ့ပါသည်။
“အစ်ကို..အစ်ကို့ဆွေမျိုးတွေကအများကြီးပဲနော်။ ရန်ကုန်ရောက်နေတာကိုက မနည်းတော့ဘူး။ တစ်ယောက် တစ်နေရာဆီကွဲနေလို့သာပေါ့။ တစ်စုတစ်ဝေးတည်းသာဆိုင်ရင် မြို့သစ်တည်လို့ ရလောက်တယ်နော်..”
ဆွေမျိုးသားချင်းနည်းပါးသူ ကျွန်တော့်ဇနီးကပြောဖူးသည်။ သူကလည်း ဆွေမျိုးချစ်တတ်သူ။ ကျွန်တော်နှင့် ပတ်သက်သောအရင်းအခြာအဖျားအနားဟူသမျှသော ဆွေမျိုးသားချင်းများကို ပေးရ၍လည်းမတွန့်တို၊ ကျွေး ရ ၍လည်း မနှမြော၊ ထောက်ရ ၍လည်း သ၀န်မကြောင်၊ ဆွေမျိုးတစ်စုပျော်ပျော်အုံးအုံးစည်း စည်းရုံးရုံးနှင့် တစ်စုတဝေးမြင်နေရလျှင် စိတ်ချမ်းမြေ့တတ်သူ။ လင်နှင့်မယားစိတ်သဘောထားခြင်းညီ ၍လည်း ဆွေမျိုး သားချင်းများက ကိုကြီးမွန်မှ ကိုကြီးမွန်ဖြစ်လာသည်။ ကိုကြီးမွန်မပါလျှင် ဘယ်ဟာမှ မပြီးတော့။ မျိုးဆက်သစ်တစ်ယောက်တိုးမလာလိုက်နှင့် တိုးလာလျှင် ကလေးကင်ပွန်းတပ်၊ ကျောင်းအပ်၊ကျူရှင် ပို့၊ရှင်ပြု၊ မိန်းမတောင်းပေးရသည့်ကအစ၊ ငွေရေးကြေးရေးအလယ်၊ အိမ်တွင်းရေးပြဿနာအဆုံး“ကိုကြီးမွန်ရေ လုပ်ပါဦး”ဖြစ်လာသည်။ ကောင်းတာနှင့်ဆက်နွှယ်ရသလို မကောင်းတာနှင့်ပတ်သက်ရသည်။ သူတို့၏ အပျော် လေးတွေကို မျှဝေပေးတတ်သလို အပူတွေကိုလည်း လက်ဆင့်ကမ်းတတ်ရာ အစစအရာရာ ကျွန်တော်သာ လျှင် အခရာဖြစ်လာသည်။
“မင်းတို့ကလဲကွာ…ငါ့ဆီမလာလိုက်နဲ့ လာလိုက်ရင် မီးဖိုရွက်ပြီး သံအိုးကင်းတင်လာကြတာချည်းပဲ။ မင်းတို့တစ် တွေအဆင်ပြေနေရင်တော့ ငါ့ကိုချောင်ထိုးထားကြတယ်။ကျွန်တော်တို့ပျော်နေတယ် ကိုကြီးမွန်ရေ..တစ်ဝက် လောက်မျှယူပါဦးလို့ ဘယ်ကောင်မှလာမပြောဘူး။ လာပြောကြည့်ပါလား ဒီကောင်က ဆယ်ဆပိုပြီး ကူညီလိမ့် မဗျား…”
သည်စကားမျိုး ကျွန်တော်ခဏခဏပြောဘူးတယ်။ပြောလည်း အလကား၊ အအေးထက် အပူပြဿနာ ကများခဲ့သည်။ ခုလည်း စိုးစန္ဒီက အပူထုပ်ကို ဖြည်ပြသွားခဲ့လေပြီ။ သူ့ယောက်ျားရဲမင်းအောင်က ကျွန်တော့်ညီ တစ်ဝမ်းကွဲ။ သည်ကောင်အရာရှိဖြစ်တာ မကြာသေး။ သူ့ရုံးမှ စာရေးမလေးနှင့် မရှင်းမရှင်းဖြစ်နေသည်ဆိုပဲ။ သည်သတင်းကြားရကတည်းက ကျွန်တော်သူ့ကိုသတိပေးခဲ့သေးရာ ယခုတော့ အပျက်အပျက်နှင့် နှာခေါင်း သွေးထွက်ခဲ့လေပြီ။ထိုစဉ်..တယ်လီဖုန်းကမြည်လာသည်။
“ဟုတ်ကဲ့..မင်္ဂလာပါ..ကျွန်တော်ကောင်းမွန်ပါ..”
“ဟေ့..မွန်ကြီး ကိုယ်ပါ ..သိန်းလှဇော်ပါ..”
“အော်..ကိုဇော်..ဘာများလဲဗျ..”
“ခင်ဗျားတူတော်မောင်အကြောင်း သတိပေးချင်လို့…”
“ဘယ်တူတော်မောင်လဲ..ကျွန်တော့်မှာ တူတွေက အများကြီးဗျကိုဇော်ရ..”
“ဟို..ကွန်ပျူတာကောင်လေးဗျာ..”
“အော်..ဇင်မင်းလွင်ကို ပြောတာထင်တယ်။သူဘာဖြစ်လို့လဲဗျ..”
“ဟုတ်တယ်..ကိုယ် မှတ်မိပြီ..ဇင်မင်းလွင်..ဇင်မင်းလွင်..
ဒီကလေးကို ကောင်မလေးတစ်ယောက်နဲ့တွဲနေတာ ကိုယ်ခဏခဏတွေ့နေရတယ်။ ခုလဲ ဆူးလေ ဘုရား လမ်းအကူးမှာ တွေ့လိုက်ရလို့ ခင်ဗျားဆီလှမ်းအကြောင်းကြားတာ။ သူ့ကောင်မလေးက သိပ်မလှ ဘူး။ ခပ်ရှုပ်ရှုပ်ထဲကပဲ။ မလွန်ခင်ထိန်းထားအုံး..ဒါပဲနော်..”
ဦးသိန်းလှဇော်က ဖုန်းချသွားသည်။ သူနှင့်ကျွန်တော်မှာ ကြီးမှတွေ့ရသော်လည်း ငယ်ပေါင်းမကရင်းနှီး ကျွမ်းဝင်လှသည်။ တစ်ယောက်နှင့်တစ်ယောက်အပြန်အလှန်အမှီသဟဲပြုနေကြသည့် စီးပွားဖက်လည်းဖြစ် သည်။ တစ်မိသားစုနှင့်တစ်မိသားစု ကူးလူးဆက်ဆံနေကြသဖြင့် ဆွေမျိုးရင်းချာပမာ ဖြစ်နေပေသည်။ သူသတိ ပေးကာမှ ဇင်မင်းလွင်ကို နားရင်းပိတ်ရိုက်ချင်စိတ်က ပေါ်လာသည်။
ဇင်မင်းလွင်မှာ ကျွန်တော့်အစ်မကြီး၏သားဖြစ်သည်။ မိန်းကလေးတွေကြား ရှားရှားပါးပါး သား ယောက်ျား အဖြစ် သူတစ်ဦးတည်းပါလာသဖြင့် အားလုံး၏အချစ်တော်ဖြစ်နေသည်။ ရုပ်ကလေးဖြောင့် ပညာက လည်းတော်၊ ရည်ရည်မွန်မွန်ချက်ချက်ချာချာရှိ၍ မိန်းကလေးမိတ်ဆွေပေါများသူလည်းဖြစ်သည်။ ကွန်ပျူတာ နှင့်ကျောင်းပြီး၍ နိုင်ငံခြားသွားချင်သည့် ရောဂါကျွမ်းနေသူ။“မင်းလိုကွန်ပျူတာတတ်မှတော့ နိုင်ငံခြားသွားနေစ ရာမလိုပါဘူး ငါ့တူရာ ..တို့ပြည်တွင်းမှာတင် လုပ်ကိုင်စားသောက်လို့ရပါတယ် ကွာ။ ပြောလိမ့်မယ် …နိုင်ငံခြားကမှ ၀င်ငွေပိုရတယ်လို့ ဆိုလိမ့်မယ်။ အေး..ငါးစာသာမြင်ပြီး ချိတ်ကိုမမြင်ဘူးဆိုတာလို ရမယ့်ဝင်ငွေကိုပဲမက်မော နေတာနဲ့ ကိုယ်ပေးဆပ်လိုက်ရတာတွေကိုတော့ သတိမပြုမိကြတော့ဘူး။ သူတို့ပေးတဲ့ငွေကြေးအတွက် လုပ် အားခအတွက် ကိုယ့်မှာပေးဆပ်လိုက်ရတာ ကိုယ့်ရဲ့အတတ်ပညာတွေ ကိုယ့်ရဲ့ခွန်အားတွေ ကိုယ့်ရဲ့နုသစ်တဲ့ အချိန်တွေ တန်ဖိုးအကြီးမားဆုံး ဆုံးရှုံးခြင်းကတော့ အမျိုးသားရေး တန်ဖိုးနဲ့ အမျိုးသားရေးစံနှုန်းပဲ။ ကိုယ့်ပြည် တွင်းမှာကျတော့ ၀င်ငွေနည်းတာပေါ့ကွာ။ တစ်ပါးကျွန်တော့ မဖြစ်ပါဘူး။ အဲဒီတော့ကွာ သူများဆီသွားပြီး ကျွန် ခံမယ့်အစား ကိုယ့်ဆီမှာပဲ သခင်လုပ်စားပါ။ မင်းကို.. ကွန်ပျူတာလုပ်ငန်းတစ်ခုထောင်ပေးမယ်။လောလော ဆယ်လုပ်ငန်းကျွမ်းကျင်အောင် တစ်ခြား ကုမ္ပဏီတွေ မှာ သွားလေ့လာချည်အုံး..ဟုတ်ပလား..”
ကျွန်တော့်စကားကို မလွန်ဆန်နိုင်သဖြင့် နိုင်ငံခြားရောဂါပိုးသေသလိုလိုရှိသော်လည်း ကွန်ပျူတာလုပ် ငန်းလေ့လာဟန်ပြ ၍ ကားတစ်စီးနှင့်လျှောက်သဝေထိုးနေသည်ကို ကျွန်တော်ကိုယ်တိုင်မြင်တွေ့ပြီးဖြစ်ပါ သည်။ Golden Comptuerသို့လုပ်ငန်းနှင့်ပတ်သက် ၍ ကျွန်တော်မကြာခဏရောက်သည်။ ကျွန်တော်ရောက် သည့်ခေါက်ရေ၏ လေးပုံတစ်ပုံမျှပင် ထိုနေရာသို့ သူမရောက်။ တော်တော်သြ ချဖို့ကောင်းသည်။လူပျိုလူလွတ် ဆို ၍ ပွေသည်ဆိုမူကြံဖန် ၍ခွင့်လွှတ်ရကောင်းဦးမည်။ သည်ကောင်က အိမ်ထောင်နှင့် မိန်းမရတာဖြင့် တစ် နှစ်မပြည့်သေး။ ကလေးမကနယ်ကျောင်းမှာဆရာမလုပ်သည်။မြန်မာဆန်ဆန်ယဉ်ယဉ်ကျေးကျေးသိမ်သိမ် မွေ့ မွေ့လှလှပပလေး။ မောင်တစ်ရွာမယ်တစ်မြို့ဖြစ်နေ ၍ ဒီကောင်ပွေနေရော့သလား။ ကလေးမလေးကို ရန်ကုန် မြို့ပေါ်အမြန်ဆုံးပြောင်းနိုင်အောင်စီစဉ်ဦးမှပဲဟု တွေးနေစဉ် တယ်လီဖုန်းက မြည်လာပြန်သည်။
အပြင်ဘက်သို့လှမ်းအကြည့်တွင် မိုးကပို ၍သည်းလာသည်ကို မြင်လိုက်ရသည်။
…………………………………
အပြင်ဘက်တွင် မိုးတို့က သည်းသည်းမည်းမည်းရွာနေသည်။
“ဟုတ်ကဲ့..မင်္ဂလာပါ..ကျွန်တော် ကောင်းမွန်ပါ..”
“အစ်ကိုလား..ခင်နွယ်ရယ်…”
“အော်..နွယ်လေးလား..ပြောလေ..ဘာပြောချင်လို့လဲ..”
“ဟိုလေ..အစ်ကိုဒရိုင်ဘာမြင့်ထွန်းအကြောင်း ပြောချင်လို့..”
“မြင့်ထွန်းအကြောင်း..ဟုတ်လား။ ဒီကောင်ဒီနေ့ ခွင့်ယူထားတယ်..”
“ယူမှာပေါ့အစ်ကိုရာ အစ်ကို့လူက မဟုတ်တာလုပ်သွားတာကိုး..”
“ဘာလုပ်သွားလို့လဲ နွယ်လေးရ။ ဒီကောင်ရိုးရိုးသားသားလေးပါ။
“အစ်ကိုသာ ရိုးသားတယ်ထင်နေ သူ့ကိုသူ သူဌေးဦးကောင်းမွန်ရဲ့တူအရင်း၊သူဌေးကသား အဖြစ်မွေးစား ထား တာ၊သူဌေးမှာသားသမီးမရှိတော့ အမွေအကုန်လုံးသူပဲရမှာ၊ အခုလည်းလုပ်ငန်းအားလုံးကို သူပဲကြီးကြပ်နေရ တယ်ဆိုပြီး လိုက်ကြွားသတဲ့လေ..”
“ကြွားရုံပဲလားကွ လိမ်ရောလိမ်သွားသေးသလား..”
“လိမ်သွားလို့ပြောတာပေါ့ အစ်ကိုရဲ့ သူ့အလိမ်မိလို့ပါသွားပြီ..”
“ဘာပါသွားလဲ နွယ်လေး..”
“ကောင်မလေးတစ်ယောက် သူဌေးသားထင်ပြီး သူကြွားသမျှယုံစားမိတဲ့ကောင်မလေးတစ်ယောက်ပါ သွားပြီ အစ်ကိုရေ…အဲဒါသူ့မိန်းမလာတိုင်လို့ အစ်ကိုကိုပြောရတာ..”
“ဟေ..ဟုတ်လား။တော်တော်မိုက်ရိုင်းတဲ့ကောင် ကဲ..နွယ်လေးရေ ကလေးမကိုပြောလိုက်ပါ ကွယ်။မြင့်ထွန်း ကို ဒီနေ့ကစပြီးအလုပ်ထုတ်ပစ်လိုက်ပြီလို့ သူတစ်ပါးသားသမီးကို သားမှတ်မှတ်မယား မှတ်မှတ်မပေါင်းတဲ့ကောင်၊ မဟုတ်တာကို အဟုတ်လုပ်ပြီး လိမ်ညာတတ်တဲ့လူလိမ်လူကောက်ကို ငါ့အလုပ်ထဲဘယ်တော့မှ မသုံးဘူးလို့ ပြောလိုက်၊အော်..နွယ်လေး..ကလေးမလေးသနားပါတယ်ကွာ။ သုံးလစာလောက်တော့ထောက်ပံ့လိုက်ဦး။ သူ့ခမျာယောက်ျားမရှိတော့ ကသီလင်တဖြစ်နေပါမယ်..”
“ဟုတ်ကဲ့ အစ်ကို တစ်ခြားဘာပြောဦးမလဲ..”
“မရှိပါဘူးကွာ..”
ဖုန်းချရင်း ကျွန်တော်စိတ်မောသွားသည်။ ဒီကနေ့ ကျွန်တော်ဘယ်လိုဖြစ်နေသည်မသိ။ ရောက်က တည်းက အိမ်ထောင်ရေးပြဿနာတွေနှင့်နှင့်ကြုံနေရသည်။စောစောကဆွေမျိုးရင်းချာတွေ၊မြင့်ထွန်းကရပ် ဆွေ ရပ်မျိုး ကြံဖန်စပ်ရင်တော့တော်နိုင်သေးသည်။ အရင်းမဆိုထားနှင့် ၀မ်းကွဲကိုပင် အရင်း။အဖျားကို ၀မ်းကွဲ မျှချစ် ခင်တွယ်တာတတ်သော ကျေးလက်ဓလေ့အရ မြင့်ထွန်းကိုလည်းဆွေမျိုးရင်းချာပမာထားခဲ့သည်။
တောမှာ အလယ်တန်းအောင်ပြီး ကျောင်းဆက်မနေနိုင်သဖြင့် ခေါ်ယူပြီးအလုပ်ပေးထားခြင်းဖြစ်သည်။ မွန်ရည်သည်။ ရိုသေကိုင်းရှိုင်းသည်။ ဂါရ၀တရားကိုနားလည်သည်။ စည်းကမ်းရှိသည်။ အလုပ်ကိုလေးစား သည်။ စာရိတ္တကောင်းသည်။ သည်အရည်အချင်းတွေကြောင့် ကျွန်တော့်ကားကို မောင်းခိုင်း ထားခြင်းဖြစ် သည်။ ကျန်ရစ်ခဲ့သော ကလေးမလေးက မြင့်ထွန်းကိုအရွှဲ့တိုက်ကာခင်လေးမြင့်လိုများ လုပ်သွားမှဖြင့် ဘုရား…ဘုရား။
ခင်လေးမြင့်ဆိုသည်မှာ ကျွန်တော်၏နှမအထွေးဆုံး နောက်မိန်းမယူသွားသော ယောက်ျားကိုအရွဲ့ တိုက်ရင်း နောက်တစ်ယောက်ကောက်ယူခဲ့သည့်အဖြစ်။ အဆိပ်တက်နေစဉ်တွင် မည်သူ၏ဖျောင့်ဖြမှု ကိုမျှနား မ၀င်။ ဇွတ်တိုးခဲ့သည်။ ချီကတည်းက ယဉ်သကိုဆိုသလို မခိုင်ခန့်သော အိမ်ထောင်တစ်ခုအစား မကြံ့ခိုင်သော အိမ်ထောင်သစ်တစ်ခုထူထောင်မိသဖြင့် ဒူးနှင့်မျက်ရည်သုတ်နေရသည်ကို ကြားရတိုင်း ကျွန်တော်စိတ် မကောင်းပါ။
“အရင်ဘုန်းကြီးကတစ်ချက်ခေါက်၊ နောက်ဘုန်းကြီးက နှစ်ချက်ခေါက်ဆိုသလိုပဲ ကိုကြီးမွန်ရယ်။ အရင်လင်ကမှနောက်မိန်းမသာရှာသွားရော ညီမလေးကို ရိုက်နှစ်ဖို့မဆိုထားနှင့် စကားတောင်မာမာပြောခဲ့ တာမဟုတ်ဘူး။ နောက်လင်ကတော့ ဘာပြောကောင်းမလဲ မိုးမလင်း ကိုးပုလင်းဆိုတဲ့ဇိုးသမား။ အမြဲကစား တဲ့ ဖဲသမား။ဖဲကရှုံးရှုံး အရက်ကမူးမူးဆိုလို့ကတော့ လက်သံကဘာပြောင်သလဲမမေးနဲ့ ။စိန်စတင်းတောင်ထိုင်ငို သွားရမယ်။ဒီမှာမြင်လား သေရာပါအနာရွတ်လေ၊ သေချင်းဆိုး နှိပ်စက်ထားတာ..”
နဖူးကအမာရွတ်ကိုပြရင်း နတ်သံနှောတော့ မခင်နွယ်က စုပ်တသပ်သပ်။ ကျွန်တော့်မှာလည်း စိတ်မကောင်းရုံကလွဲပြီး ဘာမှမတတ်နိုင်။ ဘယ်သူမပြုမိမိမှုပေကိုး..။
“ညီမလေးတို့ တော်တော်ကသီနေပြီ ကိုကြီမွန်။ အဲဒါ…ကိုကြီးမွန်အလုပ်ထဲမှာ သူ့ကိုတစ်နေရာ လောက် ပေးနိုင်မလားလို့လာတောင်းတာ..”
ကျွန်တော်ခေါင်းသာရမ်းမိသည်။ အပြိုင်အဆိုင်သူ့ထက်ငါ အားကြိုးမာန်တက် လုပ်ကိုင်ကြရသော စီးပွားရေးလောကတွင် ယောက်ဖသစ်အရက်သမား၊ ဖဲသမားအတွက်နေရာမရှိ။ ငါသူဌေးယောက်ဖဟူသော မာန်စွဲဖြင့် တစ်လွဲတစ်ချော်တွေလုပ်သွားမှဖြင့် အခက်။ ချော့မော့ပြောဆိုရင်း ခင်လေးမြင့်ကို ပြန်လွှတ်လိုက်ရ သည်။ မခင်နွယ်လက်သိပ်ထိုးပေး လိုက်သော ထောက်ပံ့ငွေ လည်းပါသွားမှာမလွဲ..။
ဖုန်းကမြည်လာပြန်သည်။ ဒီတစ်ခါလည်း မခင်နွယ်ဆီကပင်..။
“အစ်ကိုရေ..ဒီမှာနွဲ့နွဲ့ဝင်း ငိုနေတယ်…”
“ဘယ်ကနွဲ့နွဲ့ဝင်းလည်းနွယ်လေးရ။
“ဟာ..အစ်ကိုကလည်း မြင့်ထွန်းမိန်းမလေ..”
“အော်..အေး အေး ဘာလို့ငိုတာတုံး။ သူ့ကိုသုံးလခပေးပြီးပြီမဟုတ်လား..”
“ပေးလို့ ငိုတာ အစ်ကိုရေ..”
“ဟေ..”
“ဒီလိုပဲ အစ်ကိုရေ..ခင်နွယ်ကပေးတော့ ငိုပါလေရော။ သူမယူပါရစေနဲ့တဲ့။ သူ့ယောက်ျားကိုလည်း အလုပ် မထုတ်ပါနဲ့တဲ့။ အလုပ်မရှိရင် သူ့ယောက်ျားမျက်နှာငယ်မှာစိုးလို့။ သူ့ယောက်ျားဂုဏ်ကြီးရှင်က သူ့ကိုပစ်ပြီး အသစ်ရှာသွားတာကိုတောင် သူကစာနာနေသေးတယ်..”
“ကဲ..ကဲ..နွယ်လေးရေ မင်းကောင်းမယ်ထင်သလိုသာ ကြည့်စီစဉ်လိုက်တော့ကွာ။ အစ်ကိုတော့ ဦးနှောက် ခြောက်သွားပြီ..”
မိုးသည်းထန်စွာ ရွာနေသည်။ သည်းရုံတင်မက တစ်ချက်တစ်ချက်တွင် ထစ်ချုန်းလိုက်သေးသည်။
……………………………….
အပြင်ဘက်တွင် မိုးသည်းထန်စွာ ရွာနေသည်။ ဝေနေသောအတွေးစတို့ဖြင့် ပြတင်းပေါက်ဆီသို့ ကျွန်တော် လျှောက်မိခဲ့သည်။ လေအဝှေ့တွင်မိုးမှုန်မိုးစက်တို့ကဖျန်းပက်လာသည်။ အေးမြသောမိုးရေစက် တို့ကို ကျွန်တော်ဆီးကြိုနေမိသည်။ သောကပေါင်းစုံကြောင့် ရင်တွင်းဆူဝေနေသော် လည်း ဗဟိဒ္ဓမှာ တဒင်္ဂအေးမြနေသည်။ ပြတင်းပေါက်နားတွင် မည်မျှကြာအောင်ရပ်နေမိသည်ကိုပင် မသိတတ်တော့။
“ဟဲ့တော့..ဦးတို့ကတော့လုပ်ပြီ။ ဒီလောက်မိုးတွေပက်နေတာကိုတောင် အစိုခံနေရတယ်လို့ အအေးမိပြီး နေမကောင်းဖြစ်တော့မှာပဲ။ လာ…လာ..ဒီဆိုဖာပေါ်မှာထိုင်နေ ။နှင်းပွင့်ရေစင်အောင် သုတ်ပေးမယ်..”
မိုးပေါက်စင်နေသည်ကို သိလျက်နှင့်ပင် မည်မျှငေးငိုင်နေမိသည်မသိ။ နှင်းပွင့်ဖြူဝင်လာမှပင် လွင့် ပြေး နေသောစိတ်အစဉ်တို့ကို စုစည်းရသည်။ နှင်းပွင့်ဖြူဆွဲငင်ခေါ်ဆောင်ရာသို့ အသာလိုက်ပါရင်း ဆိုဖာပေါ်တွင် ထိုင်လိုက်မိသည်။ နှင်းပွင့်ဖြူအပြုံးတစ်ချက်လက်ပြရင်း ကျွန်တော့်အပါးမှ လှစ်ကနဲထွက်ပြေး သွားသည်။ သူက လေး၏ ရုပ်သွင်ဟန်ပန်ကိုတမေ့တမောလိုက်ကြည့်နေရင်း ကိုယ့်ရင်ခုန်သံ ကိုယ်ပြန်ကြားနေရသည်ထင်သည်။
နှင်းပွင့်ဖြူသည် အရေအတွက်များစွာရှိသော အမျိုးသမီးဝန်ထမ်းများစွာအနက်မှ တစ်ဦးဖြစ်သည်။ ကျွန်တော် သည် အမျိုးသမီးဝန်ထမ်းများကို ကိုယ့်သမီး ကိုယ့်တူမ ကိုယ့်နှမသဘောထား ကာ ပြောဆိုဆက်ဆံ သည်။အနေတည်ပြီးစကားတည်တည်နှင့် စိတ်ထားလည်းခိုင်ကျည်ခဲ့ပါသည်။ပရောပရီ ကူလီကူမာလုပ်ရပ် များ လုံးဝကင်းသည်။ သို့သော်…နှင်းပွင့်ဖြူနှင့် ပတ်သက်လာလျှင် စိတ်ကသိပ်မခိုင်ချင်။ နှင်းပွင့်ဖြူက လှို့လား မဟုတ်။ သူ့ထက်လှတာ ချောတာတွေ အလုပ်ထဲမှာ အပုံအပင်။ အပြုအစုကောင်းလို့ ဂရုစိုက်ကောင်းလို့ဟု ဆို ရအောင်ကလည်း ကိုယ့်သူဌေးအတွက်လုပ်ဆောင်ပေးမည့်သူတွေတစ်ပုံကြီး။ သည်အထဲမှာမှ သူကလေးကို အမြဲမြင်ချင်မိသည်။ သူ့အသံလေးကိုပဲ အမြဲကြားချင်နေမိသည်။ သူကလေး၏အယု အယကိုပဲ အမြဲတောင့်တ နေမိတော့သည်။
သူကလည်း ကျွန်တော့်ကိုအလုပ်ရှင်ဆိုသည်ထက် ဦးလေးနှယ်အစ်ကိုကြီးနှယ် သဘောထားဟန်တူ သည်။ ကျွန်တော့်မျက်နှာရိပ်မျက်နှာကဲ ဟန်အမူအယာနှင့်အနေအထားတို့ကို အမြဲမပြတ်အကဲခတ် ကာ ဆေး တန်လျှင်ဆေး အစားတန်လျှင်အစား မပြတ်လပ်အောင် ပြုစုရှာသည်။ ညောင်းနေလျှင် ကုတ်ကြောအစ နားထင်နားရင်းအဆုံးနှိပ်နှယ်ပေးရှာပါသေးသည်။ ဤအလုပ်တွေကို ၀တ်ကျေ တန်းကျေလုပ်နေသည်မဟုတ်။ ရင်ထဲကစေတနာပါပါလုပ်နေသည်ဖြစ်ကြောင်း၊ ကျွန်တော်ကောင်းကောင်း သိပါသည်။
သူ့စေတနာကိုလည်း ကျွန်တော်အသိအမှတ်ပြုရပါသည်။ သူ့အကြင်အနာကိုလည်းရောင်ပြန်ဟပ်ရပါ သည်။ မကြာမကြာဆိုသလိုပင် အမျိုးသမီးငယ်သုံးအလှဆင်ပစ္စည်းများ အ၀တ်အစားအသစ်အဆန်းများ စား ကောင်းသောက်ဖွယ်ရာများ ၀ယ်ပေးခြင်းဖြစ်သည်။ ကွန်ပျူတာတက်ရန်မလိုတော့သဖြင့် Busines တို့ Commercial တို့လိုသင်တန်းတွေတက်နိုင်ရန် ပညာသင်စရိတ်ထောက်ပံ့ဖူးသည်။ ယခုလျှင်ပင် မကြာမီဖွင့် တော့မည့် International Trade Courseတက်ရောက်ရန် စာရင်းပေးခိုင်းရဦးတော့မည်။ သူ့လခတစ်ခု တည်းကိုသာ မှီခိုအားထားနေရသောကြောင့် ငွေကြေးအထောက်အပံ့ကလည်း မလွတ်ပြန် ပါ။ မောင်ညီမတွေအ တွက်ကျောင်းစရိတ် မိခင်အိုကြီးအတွက်ဆေးဖိုးဝါးခ မထပ်သော အကြောင်းတွေနှင့်တောင်းနေသော်လည်း ကျွန်တော်ကိုယ်နှိုက်ကပင် ပေးချင်နေမိသည်။
“ကော်ဖီဖျော်လာတယ်ဦး၊အက်ပီးလက်တစ်ပြားနဲ့ သောက်လိုက်နော်။ မိုးရေတွေစိုနေတာ နှင်းပွင့်သုတ်ပေး မယ်”
နှင်းပွင့်ဖြူပြန်ဝင်လာတော့ ကော်ဖီတစ်ခွက်နှင့်အက်ပီးလက်ကဒ်ပါလာသည်။လက်မောင်းပေါ်တွင် သဘက်ကြီးတစ်ထည်ကိုလွှားလျက်သားယူလာခဲ့သေးသည်။ ပြောပြောဆိုဆိုနှင့် ဆေးကဒ်ကိုထုတ်ကာ ဆေးတစ်ပြားကိုယူလိုက်သည်။ ကျွန်တော်က လက်အလှမ်းတွင် ခေါင်းကိုအသာရမ်းရင်း ဆေးပြားကို ကျွန်တော့်နှုတ်ခမ်းဆီသို့ အသာယူ လာသည်။ ကျွန်တော်က ပါးစပ်ဟပေးလိုက်သည်။ ဆေးပြားကျွန်တော့်ပါးစပ်ထဲအရောက်တွင် ကော်ဖီခွက် ကိုကမ်းပြန်သည်။ ကော်ဖီကိုအသာမော့ချရင်း မျက်လုံးကို အသာမှေးထား မိသည်။ မှေးထားသော မျက်လုံးအိမ်ထဲ တွင် နှင်းပွင့်ဖြူရောက်နေသည်ကို ဘယ်သူမှမသိသော်လည်း ကျွန်တော် သိပါသည်။
“ဟော..ဦး အကြောတက်နေပြီထင်တယ်။အဲဒါကြောင့်ပြောတာပေါ့။ဦးကလုပ်လိုက်ရင် ကလေးဆိုးကြီး အတိုင်း ပဲ။မိုးမိရင် နေမကောင်းဖြစ်တတ်တယ်ဆိုတာမသိဘူးလား ဦးရဲ့။ ကဲ..နှင်းပွင့်ဇက်ကြော ဆွဲပေး မယ်..”
အထိအတွေ့က ငြင်သာသည်။လည်နှင့်ကုတ်တစ်လျှောက် ခပ်ဖွဖွထိတွေ့လာသော လက်ချောင်းနုနု လေး ၏အယုအယကို ခုံခုံမင်မင်ခံယူနေရင်း အရာရာကို မေ့ထားလိုက်ချင်တော့ သည်။နှင်းပွင့်ကလွဲရင်ပေါ့။ ဒါတောင်စိုးတင့်အောင်၏စကားများကို မဆီမဆိုင်ပြန်ကြားမိနေသေးသည်။ စိုးတင့်အောင်မှာ ကျွန်တော်၏
ညီဝမ်းကွဲတစ်ယောကဖြစ်သည်။ ငွေရှာကောင်းသလောက်အပျော်အပါးခုံမင်သည်။ အပေါင်းအသင်းစုံလင် သည်။ သူနောက်မိန်းမယူသွားသဖြင့် ဖုန်းဆက်ပြီး ကျွန်တော်ဆိုသမျှ ဆဲသမျှ ကုန်းရုန်းခံရင်း နောက်ဆုံး ကျမှ စကားတစ်ခွန်းတုန့်ပြန်သည်။
“ဆူ..ဆူ…ကိုကြီးမွန်ရေ ဆူသာဆူ၊ ဆူလဲဆူထိုက်ပါတယ်လေ။ ကိုကြီးမွန်အပြစ်တင်သမျှလည်စင်းခံဖို့ အသင့်ပါ. ကလေးရိုက်သလိုရိုက်ပြီးဆုံးမဦးမလား ရတယ်။ကျွန်တော်ခံပါ့မယ် ကိုကြီးမွန်။ ဒါပေမယ့်.. ကျွန်တော် ပြောတာလေးတော့နားထောင်ပေးပါဦးဗျာ. ကိုကြီးမွန်အသိပါ။ ကျွန်တော့်မှာလေ နေထွက် ကနေ နေ၀င်ထိ ရုန်း ကန်လိုက်ရတာ။လျှာတစ်ချောင်းအရင်းပြုပြီးဟုတ်တာကောမဟုတ်တာကော ပြောပြီး ရှာရတာ။ အိမ်ပြန် ရောက်တော့ကြည့်… တစ်နေကုန် မောခဲ့သမျှ ရွှေရင်ဆို့တော့တာပဲ။ ကိုကြီးမွန်ညီမက မျက်နှာရှစ်ခေါက်ချိုးနဲ့ ကျောခိုင်းနေတယ်လေ။ ကျွန်တော်အိမ်ပြန်နောက်ကျလို့ပေါ့။ မယားစိတ်ကောက်ပေ မယ့် သားသမီးတွေက ရှိပါ သေးရောလို့မထင်လိုက်နဲ့။ဖအေဆီဝိုင်းပြီး တစ်ယောက်တစ်ပေါက် ဆူကြတော့ တာပဲ။ သူတို့မှာတာများမေ့ပြီး မပါလို့ကတော့ ဂျီကျလို့ကို မဆုံးတော့ဘူး။ ကဲ… ဘယ်မလဲ.. အိမ်ထောင် တစ်ခု ရဲ့ သာယာမှု၊မိသားစုရဲ့နွေးထွေး မှု၊ ကျွန်တော်ပင်ပန်းချင် သလောက်ပင်ပန်းပါစေရတယ် ကိုကြီးမွန်။ မိသားစုတစ်စုပျော်ပျော်အုံးအုံး ရယ်ရယ် မောမော ရွှင်ရွှင်ကြည်ကြည်ဆို ငတင့်အောင် ဘာလုပ်ရလုပ်ရပါ။ ကျွန်တော့်ကို ခွင့်လွှတ်ပါလို့ မတောင်းဆိုပါ ဘူး။ ဒါပေမယ့်…နားလည်ပေးပါ ကိုကြီးမွန်ရာ…”
သူ့စကားနှင့်သူတော့ ဟုတ်နေသည်။ စိုးတင့်အောင် မိန်းမခင်နှင်းသက်ကလည်း နှလုံးမလှသူ။ နဂိုမျက်နှာအလှကို အရုပ်ဆိုးအကျည်းတန်အောင် ဆူပုတ်နေသူ။ ဘယ်တော့ကြည့်လိုက်ကြည့်လိုက် မျက်နှာ က ရှစ်ခေါက်ချိုး။ ပြောလိုက်လျှင်လည်း တစ်ဖက်သား နားမခံချင်စရာကစသည်။ တုတ်ထိုး အိုးပေါက်ရုံမက ပိ ဿလေးနှင့်ဘေးပစ်တတ်သူ။ သားသမီးကို ကွပ်ညှပ်ထိန်းသိမ်းခြင်းမရှိ။ ထစ်ကနဲဆို ဒေါက်ကနဲ လက်ကပါ တတ်၍ ကလေးများအနားတွင် မကပ်ရဲရှာ။ မအေကိုချွဲမရ၍ ဖအေကိုနွဲ့ရာတွင် အပြင်မှပြန်လာသော စိုးတင့် အောင်အဖို့သူပြောသည့်စကားလို ရွှေရင်ဆို့ရတော့သည်။ သည်အထဲ.. မိန်းမ၏ကြင်နာယုယမှုတို့နှင့် ကင်းဝေး လာသောအခါ…
“ဦး သက်သာတယ်နော်။ ဟော..ထမင်းစားချိန်တောင်ရောက်နေပြီ။ နှင်းပွင့်ထမင်းပွဲပြင်လိုက်တော့ မယ်နော်..”
ကုတ်ကြောဆွဲပေးနေရာမှ နှင်းပွင့်ဖြူထွက်သွားသည်။ ထမင်းပွဲပြင်နေသော နှင်းပွင့်ဖြူ၏ ကိုယ်ဟန် သွယ်နွဲ့နွဲ့လေးကချစ်စရာ။ သွယ်သလောက်သွက်လက်ဖျတ်လတ်နေသော အမျိုးသမီးငယ်၏ အလှကို တမေ့ တမော ငေးကြည့်နေမိရင်း ခင်နှင်းသက်သာ နှင်းပွင့်ဖြူလိုဆိုရင် စိုးတင့်အောင်နောက်မိန်းမ ယူဖြစ်ပါ့မလားဟု တွေးမိသေးသည်။
“ဒါတွေကအကြောင်းပြချက်တွေပါ ကိုကြီးမွန်ရာ။ ကျွန်မတို့က ငယ်လင်ငယ်မယားတွေပါ။ ဘယ်သူက မှ ရိုက်နှက်ပေးစားခဲ့တာလဲမဟုတ်ဘူး။ ကိုယ့်ဘာသာကို ချစ်လို့ကြိုက်လို့ယူကြတာမဟုတ်လား။ အခု.. သူ နောက်မိန်းမယူသွားတယ်။ ကျွန်မထက်ချစ်ရမယ့်သူထင်လို့ယူတာ ယူပေါ့။ ဖြစ်သွားလို့ အပြစ် တင်ရင် လည်း အပိုပါပဲလေ။ သူ့ခမျာအိမ်ထောင်သက်တစ်လျှောက်လုံးဒီပြစ်ချက်ကလေးပဲရှိတာပါ။ ကျွန်မခွင့်လွှတ် တယ် ကိုကြီးမွန်။ဒီလိုကိစ္စမျိုးဟာ တစ်ဖက်တည်းနဲ့တော့ဖြစ်လာနိုင်စရာအကြောင်းမရှိဘူး။ ဟိုတစ်ဖက်က ကိုဆွဲ ဆောင်နိုင်စွမ်းအားကြီးလွန်းလို့ လို့ ကျွန်မထင်တာပဲ။ အဓိကကတော့ သားသမီးတွေအတွက် ပါပဲ။ ဝေးနေနေနီး နေနေသူတို့မှာအဖေရှိတယ်ဆိုပြီး လက်ညှိုးထိုးပြနိုင်ရင် အဖေခေါ်စရာရှိနေသေး တယ်ဆိုရင် တော်သေးတယ် လို့မှတ်ရမှာပဲ။ ကိုယ့်ခြံဝင် ကိုယ့်နွားတဲ့ ကျွန်မပုံခိုင်းတာ ရိုင်းများရိုင်းသွား သလားတော့မသိဘူး။ ရိုင်းချင်ရိုင်းပါ စေတော့။ မတတ်နိုင်ဘူးကိုကြီးမွန်ရေ.. သူကိုတွေ့ရင်သာ ပြော လိုက် ပါ။ ကလေးလေးယောက်ကိုရင်ခွင် ပိုက်ပြီးစောင့်နေလေရဲ့။သားမယားကို အမှတ်ရရင် အချိန် မရွေးပြန် လာနိုင်တယ်လို့ ပြောပေးပါ ကိုကြီးမွန်..”
ယောက်ျားအပေါ်သဘောထားကြီးကြီးနှင့်ခွင့်လွှတ်နိုင်စွမ်းရှိသော ခင်စိန်မြင့်၏သဘောထား ပင်ဖြစ်သည်။ ကလေးတွေအတွက် အဖေခေါ်စရာရှိလျှင်ပြီးရော ယောက်ျားကိုမုန့်ဝေသလိုမျိုးဝေမျှနိုင်သည်း ခွင့် လွှတ်နိုင်သည်။သည်လိုသဘောထားကြီးသော မိန်းမကို ဘာကြောင့်များ ခင်မောင်ဝင်းကပစ်သွားပါလိမ့်။ မယားဝတ်ပျက်လို့လား။ မြန်မာပီသသည့် မျိုးရိုးကောင်းမှ ပေါက်ဖွားလာသည့် မိန်းကလေးပဲ။ ခင်စိန်မြင့် ဘက် က ပျက်ကွက်တာမရှိနိုင်။ အလှများပျက်သွားလို့လား။ အပျိုတစ်ယောက်၏ အလှအပလိုနုစို မနေသော်လည်း ရင့်ကျက်တည်ကြည်သောအလှနှင့်အရွယ်တင်နေသော ခင်စိန်မြင့်ကို မသိသူများက ကလေးလေးယောက် အမေဟု မထင်ကြ။လင်သားအပေါ်အကြင်နာများနည်းရော့သလား။ ဒါလည်း မဖြစ်နိုင်။လင်ကိုအရိပ်တကြည့် ကြည့်နှင့်ဖူးဖူးမှုတ်ထားတာ ကျွန်တော်အသိ။ ခင်စိန်မြင့်ထက် အလှမှာသာ လို့လား။ ဒါလည်းမဟုတ်။ သာမန် ရွက်ကြမ်းရည်ကြို ဒါနဲ့တောင် ခင်မောင်ဝင်းတစ်ယောက် ခြံ ခုန်ဖြစ်အောင်ခုန်လိုက်သေးသည်။ ခင်စိန်မြင့်က လည်းသဘောထားကြီးသည်။
ခင်စိန်မြင့်လိုသဘောထားမျိုး မခင်နွယ်များထားနိုင်ပါ့မလား။ ဟာ..မဟုတ်သေးပါဘူးလေ။ အတွေးတို့က တောင်ရောက်လိုက်မြောက်ရောက်လိုက်ဖြစ်နေသည်။
“ဦး ထမင်းပွဲပြင်ပြီးပြီ စားနှင့်တော့လေ..”
နှင်းပွင့်ဖြူက လှမ်းခေါ်သည်။ ကျွန်တော်လေးကန်စွာ ထလာခဲ့သည်။ စားပွဲပေါ်တွင် မခင်နွယ် လက်ရာ ထမင်းဟင်းတို့က စားချင်စဖွယ်စောင့်ကြိုနေသည်။ ကျွန်တော့်အကြိုက်ကိုသိလည်းသိ၊ ဟင်းစပ်လည်း တည့်အောင်စီမံတတ်သည့် မခင်နွယ်။ကူဖော်လှောင်ဖက်တွေ တစ်လှေကြီးရှိနေ သည့်ကြားမှ ကျွန်တော် စားဖို့ အတွက်မီးဖိုချောင်ကို ကိုယ်တိုင်ဝင်ရမှကျေနပ်သူ။ နံနက်စာကိုရုံးတွင်စားဖြစ်သည်ကများ၍ နှစ်ဦး သားလက် ဆုံမစားရသော်လည်း ညစာကိုမူ ကျွန်တော်နှင့်စားတတ်သည်။ စားသည်ဆိုရာထက် ကျွန်တော်လိုအပ်သမျှကို ဖြည့်ဆည်းကျွေးမွေးရင်း သူ့အတွက်ကျတော့ စားဖို့ပင်မေ့ မေ့နေတတ်သည်။
“ဦးမြင်းခွာရွက်သုတ်တွေ ထည့်စားလေ၊ ဆေးဘက်ဝင်တယ် ဦးရဲ့…”
နှင်းပွင့်ဖြူက ပြောလည်းပြော မြင်းခွာရွက်သုတ်တွေ ကျွန်တော့်ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။ ကျွန်တော်စားလိုက်သည်။ မြင်းခွာရွက်ကို ကျွန်တော်မကြိုက်ပါ။ နှင်းပွင့်ထည့်ပေး ၍ သူကျေနပ်အောင် စားလိုက်ခြင်းဖြစ်သည်။ တိုင်းရင်းသမားတော်ကြီးတစ်ဦးက မြင်းခွာရွက်၏ အာနိသင်များကိုရှင်းပြကတည်း က မခင်နွယ်တစ်ယောက်မြင်းခွာရွက်နှင့်အလုပ်ရှုပ်တော့သည်။ သုပ် ၍တစ်မျိုး၊ အတို့အမြှုပ်ဖြင့်တစ်ဖုံ၊ ဟင်းချို အဖြစ်တစ်နည်း ဒီဇိုင်းမထပ်အောင် အမျိုးမျိုးလုပ်ကျွေးတော့သည်။
“အစ်ကို..မြင်းခွာရွက်သုပ်ကလေးစားလိုက်နော်. အစ်ကို့မှာက ထိုင်အလုပ်တွေများတာဆိုတော့ ဒူလာ ကိုင်တတ်တယ် အစ်ကိုရဲ့။ မြင်းခွာရွက်က ဆီးကောင်းတယ်။ အညောင်းအညာပြေတယ်။ အသက်လည်း ရှည် တယ်အစ်ကိုရဲ့..”
“မစားချင်ပါဘူးကွာ။ မြင်းခွာရွက်က စိမ်းရွှေရွှေကြီးနံကနံသနဲ့…”
“မနံအောင် ခင်နွယ်စပါယ်ရှယ်သုတ်ထားတာပါနော်။ ပဲမှုန့်လေးနဲ့၊ ပုစွန်ခြောက်လေးနဲ့။မြေပဲဆံက လည်းနိုင်ချင်း၊ဆေးဖြစ်ဝါးဖြစ်ပဲ အစ်ကိုရယ် စားလိုက်နော်..”
အပြောချိုချိုနှင့် မခင်နွယ်မည်သို့ပင် ချော့မော့ကျွေးစေကာမူ တစ်စွန်းအပြင် နှစ်စွန်းထက်ပို၍ ကျွန် တော် မစားဖြစ်ပါ။ ယခုမူ နှင်းပွင့်၏ အပြောလေးနှင့် အယုအယလေးကြောင့်ကျွန်တော် တော်တော် စားဖြစ်လိုက် ပါသည်။ ထမင်းစားကလည်း မြိန်သည်။ အနားတွင် နှင်းပွင့်ရှိနေ ၍ဖြစ်မည်။ထိုစဉ်နှင်းပွင့်ကစကား စလာ သည်။
“ဦး”
ခေါ်သံကနွဲ့လွန်းသည်။
“ပြော”
တမင်တကာ ဟန်လုပ်ကာ သံပြတ်နှင့်ထူးလိုက်သည်။
“နက်ဖန်ဘာနေ့လဲဟင်..”
သိပြီးအဖြေကိုအမေးလုပ်လာသည်။ ကျွန်တော်ကရွဲ့ ၍ဖြေသည်။
“လွတ်လပ်ရေးနေ့..”
ကျွန်တော့်အဖြေကြောင့် နှင်းပွင့်မျက်နှာလေးညိုသွားသည်။
“ဟာ..ဦးကလည်းလုပ်ချလိုက်ပြန်ပြီ။ လွတ်လပ်ရေးနေ့ဆိုတာတော့ ဘယ်သူ့သွားမေးမေးသိမှာပါ။ နှင်းပွင့်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ဘာနေ့လဲလို့မေးတာ ဦးရဲ့..”
“အော်..ဒါများကလေးရယ်၊ပဟေဋိဖွက်သလိုမေးနေရသေးတယ်။ နက်ဖန်တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ လွတ်လပ်ရေးနေ့။နှင်းပွင့်အတွက်သီးသီးသန့်သန့်သက်ဆိုင်တဲ့နေ့ဆိုရင် နှင်းပွင့်ရဲ့မွေးနေ့။ ဒါကို ဦးမသိဘဲနေပါ့ မလား။..”
“ဟယ်..ဦးကမှတ်မိသားပဲ..”
“မှတ်မိတာပေါ့ နှင်းပွင့်ရယ်။ နှင်းပွင့်နဲ့ပတ်သက်လာရင် ဦးက အလေးအနက်ထားတာကိုး..”
“၀မ်းသာလိုက်တာဦးရယ်။ ဦးရဲ့စကားလေးတစ်ခွန်းနဲ့တင် နှင်းပွင့်မွေးနေ့ဟာ မင်္ဂလာရှိသွားပြီ..”
“ဒီစကားနဲ့တင်မင်္ဂလာရှိစေရုံတင်မဟုတ်သေးဘူး ကလေးရဲ့ မနက်ဖန်ကျရင် ကလေးရဲ့ဘ၀မှာ အမှတ်တရအဓိပ္ပါယ်ရှိရှိကျန်နေစေမယ့်အ မှတ်တရလက်ဆောင်လဲပေးဦးမှာ…”
“ဘာလက်ဆောင်ပေးမှာလဲဟင်.. အို..ဘာပေးပေးပါဦးရယ်။ နှင်းပွင့်ကတော့လေ ဦးပေးတဲ့လက်ဆောင်ဆိုရင် အမြတ်တနိုးနဲ့ တန်ဖိုးထားနေမှာပါဦးရယ်..”
“ဦးလက်ဆောင်ပေးပါပြီတဲ့။ မွေးနေ့ရှင်ကရော ဘာတုန့်ပြန်မှာလဲ..”
“တုန့်ပြန်ရမှာပေါ့ ဦးရဲ့။ ဦးဘာစားချင်လဲ ပြော နှင်းပွင့်ကျွေးမယ်..”
“စားစရာတင်ဘဲလား ကလေးမရဲ့..”
“အဲဒါဆိုရင် ဦးဘာလိုချင်သလဲပြော။ ဦးလိုချင်တာ နှင်းပွင့်ပေးမယ်..”
“တကယ်နော်..”
ရင်လှိုက်ခုန်မှုကြောင့် ဣနြေ္ဒပျက်စွာထွက်သွားသော ကိုယ့်အသံအတွက်ရှက်မိသလိုလိုပင်ဖြစ်သွား သည်။နှင်းပွင့်၏ တျာသံလေးက ရင်ခုန်နှုန်းကိုမြန်လာစေပါသည်။
“တကယ်ပါဦးရဲ့…နှင်းပွင့်ပေးနိုင်တာဆို ဘာမဆိုပေးပါ့မယ် ဦးရယ်..”
ကျွန်တော်ဆုံးဖြတ်ချက်တစ်ခုကို အလျင်အမြန်ချလိုက်သည်။ ဤသို့ချဖြစ်သည်ကလည်း နှင်းပွင့်၏ ပဋိဥာဉ်တွင် နွဲ့နွဲ့လေးနှင့် ခရာတာတာအသံလေးစွက်နေ ၍ဖြစ်သည်။
“ဒီလိုဆို မနက်ဖြန်ဦးလာခေါ်မယ်။ နှင်းပွင့်ရဲ့မွေးနေ့အထိမ်းအမှတ်ကို ဦးနဲ့ နှင်းပွင့်တို့နှစ်ယောက်ထဲကျင်းပကြရ အောင်နော်..”
“ဦးသဘောပါလို့ဆိုနေ..”
မိုးအမည်းတွင် အသည်းဆင့်နေသည်။
………………………………….
ရုံးဆင်းသည်အထိ မိုးကသည်းနေဆဲ။
သည်ကနေ့ရုံးအလုပ်ကို မည်မည်ရရမလုပ်နိုင်။ ဆွေမျိုးသားချင်းတို့၏အရှုတ်တော်ပုံများကြားတွင် လုံးလည် လိုက်နေ ခဲ့သည်။ သည်ကြားထဲ ကိုယ်ပိုင်ဇာတ်ညွှန်း၊ကိုယ်တိုင်ဒါရိုက်တာ၊ ကိုယ်တိုင်မင်းသားအဖြစ် ပါဝင် ရမည့်ဇာတ်လမ်းတစ်ပုဒ်ကကျလာပြန်သေးသည်။ ရောက်ရှိလာမည့် နောက်တစ်နေ့ကိုကြိုမောနေမိခြင်း ဖြင့် အချိန်တွေကုန်လွန်စေခဲ့သည်။နက်ဖန်မွေးနေ့တစ်သက်တာတွင်မှတ်မှတ်ထင်ထင် ကျန်ရစ်စေမည့် နေ့ တစ် နေ့။ထိုနေ့တွင် နှင်းပွင့်နှင့် ဘုရားအတူတူသွားမည်။
“ဟာ..မဖြစ်နိုင်။ရှေ့သွားနောက်လိုက်အညီမျှသော သားအဖအရွယ်။ ပန်းခြံတို့ ဥယျာဉ်တို့တွင် အပန်းဖြေ မည်။ မဖြစ်သေး။ အသိမိတ်ဆွေတို့၏ မိသားစုများနှင့်တွေ့နိုင်သည်။ စားသောက်ဆိုင်တစ်ခုခုဆိုလျှင် ….ပိုမဖြစ်။ဆိုင် လာသော ပုရိသတို့၏ ရမ္မက်ခိုးဝေနေသော အကြည့်ရိုင်းတို့အောက် တွင် နှင်းပွင့်လေး အရောက်မခံနိုင်။ သြော.. တစ်ခုရှိသည်။ ကိုယ့်အတွက်မရောက်ဘူးသော်လည်း စီးပွားဘက်များအတွက်ပို့ ဆောင်ပေးခဲ့သော နေရာတစ် နေရာ။ခြံကျယ်ကျယ်အလယ်မှတိုက်ကလေးတစ်လုံး။ သည်နေရာသာ အလွတ်လပ်ဆုံးဖြစ်မည်။ ရုံးခန်းထဲတွင် တွေးခဲ့ရသော နက်ဖြန်အတွက် အရေးသည် ရုံးဆင်း၍ ကားပေါ်ရောက်သည့်တိုင် တွေးလက်စမဆုံးနိုင်သေး။ စိုးမိုးလှချည်လား ကလေးရယ်..။
မိုးကသည်းနေ၍ ကားကိုဖြည်းညှင်းစွာ မောင်းနှင်လာခဲ့ရသည်။ယာဉ်အသွားအလာများကို ဂရုစိုက်နေ ရသဖြင့် နက်ဖန်အရေးကို လွတ်လွတ်လပ်လပ်မတွေးနိုင်။စိတ်ကလုလင်ပျိုဖြစ်နေသော်လည်း လူကဇရာ အိုပေ ပြီ။ မျက်စိကမှုန်ချင်လာသည်။ လက်ကတုန်ချင်လာသည်။ သည်ကနေ့မှမြင့်ထွန်းကခွင့်ယူထားသဖြင့် ကိုယ်တိုင် ကားမောင်းနေရခြင်းဖြစ်သည်။ မြင့်ထွန်းသာကားမောင်းနေလျှင် ကိုယ်ကနောက်ခန်းတွင် အငြိမ့် သားထိုင်ရင်း နက်ဖန်အတွက် စိတ်ကူးသက်တန့်တွေ ဖန်ဆင်းနိုင်ပေလိမ့်မည်။ ဖြည်းဖြည်းငြင်သာမောင်း လာ ရာမှ အိမ်ဘက်သို့ချိုးဝင်လာရမည့်လမ်းသွယ်သို့ပင်ရောက်လာခဲ့တော့သည်။ လမ်းမကြီးပေါ်မှ ဖယ်ခွာကာလမ်း သွယ်ထဲသို့ ချိုးဝင်လိုက်သည်။ရှေ့တွင် ဦးမြကြီးတို့ ဇနီးမော်ငနှံကိုတွေ့လိုက်ရသည်။
မိုးထဲလေထဲတွင် တစ်နေရာရာမှ ပြန်လာဟန်ရှိသည်။ တစ်ချောင်းတည်းသောထီးကို နှစ်ယောက်သား မလုံမလဲဆောင်းရင်း တစ်ရွေ့ရွေ့သွားနေသော အဖိုးအိုအဖွားအိုတို့ကိုကြည့်ရင်း ကရုဏာသက်မိသည်။ သူတို့ အိမ်သည် လမ်းသွယ်၏ အဆုံးတွင်ရှိသော ကျွန်တော်တို့တိုက်မရောက်မီ တစ်အိမ်ကျော်တွင်ရှိ၍ အိမ်သို့ရောက် အောင်အတော်ပင်လျှောက်ရဦးမည်။ ညှာတာသောစိတ်ဖြင့် တင်ခေါ်ရန်ဆုံးဖြတ်ရင်း သူတို့ ဘေးနားတွင် ကားထိုးရပ်လိုက်သည်။
“ဟင်..ခေါင်းမလဲ ပတ်တီးအဖွေးသားနဲ့၊ဘယ်လိုဖြစ်လာတာတုန်းဦးလေးမြရဲ့..”
“မပြောချင်ပါဘူး မောင်ကောင်းရယ်..ဒီမိန်းမအချစ်စမ်းတာလေ၊ ဆေးခန်းကို လုပ်ကျွေးလိုက်ရရော.”
“ဟုတ်လား..ဒေါ်ဒေါ်ကြည်၊ကလေးကဆိုးလွန်းတော့ ဆုံးမတာလက်လွန်သွားပြီထင်တယ်..”
“ပြောကိုမပြောချင်ပါဘူးမောင်ကောင်းရယ်..မင်းဦးလေးမြအကြောင်းတော့..”
“မင်းမပြောချင်နေ ငါပြောမယ်။ပြောချင်လွန်းလို့အိမ်တောင်လည်ပြောရသေးတာ။အခုလိုကြုံတုန်းဆုံး တုန်းသာပြီးတောင်ပြောလို့ကောင်းသေး..”
“ကဲ..ကဲ..ကားပေါ်သာအရင်တက်ကြပါဗျာ။ နောက်မှအေးအေးဆေးဆေးပြော မိုးတွေစိုကုန်ပြီ..”
အဖိုးကြီးနှင့် အဖွားကြီးတို့ ကားပေါ်တက်လာကြသည်။ကားပေါ်ရောက်မှဖြစ်ပုံပျက်ပုံသနစ်စုံကို ဦးလေးမြက ရင်ဖွင့်တော့သည်။
“မောင်ကောင်းရာ ငါ့တူရာ မင်းပဲစဉ်းစားကြည့်စမ်းပါကွာ။ လောကကြီးမှာလူရယ်လို့ဖြစ်လာရင် တစ်ဦး တည်းရပ်တည်လို့ရတာမဟုတ်ဘူးကွ။ အဲဒါကို မင်းသဘောပေါက်တယ်နော်။ လူထဲမှာနေရင်ရပ်ရေးရွာရေး လူမှု ရေးဆိုတာက ရှိသေးတယ်မဟုတ်လား။ ဒို့ရပ်ကွက်ထဲမှာကြည့်..အများစုကမောင်ကောင်းတို့လို လူငယ်လူ လတ်တွေ၊အလုပ်ကိစ္စမအားလပ်ကြတဲ့လူတွေချည်းပဲ။ ဒီတော့ရပ်ရေး/ရွာရေးဆိုရင် လုပ်မယ့် ကိုင်မယ့် သူက ဦးလေးမြတို့လို လက်တစ်ဆုပ်စာပင်စင်စားဘူဒါးကြီးတွေပဲရှိ တယ်လေ။ မောင်ကောင်း တို့က ငွေအားစိုက်။ ဦး လေးမြတို့က လုပ်အားစိုက်။ ဒီလိုနဲ့ ကိုယ့်ရပ်ရွာကိစ္စဆောင်ရွက်ကြရတာလေ။ ဒါကိုပဲ…မင်းအဒေါ်က အပြစ် ကြီးတစ်ခုလို မြင်နေတာ မခက်ဘူးလား..”
“တော် စကားတတ်တိုင်း လိုရာဆွဲမပြောနေနဲ့။တော်ပြောသလိုဆို ကျုပ်က ပရဟိတစိတ်မရှိတဲ့ ပုံမျိုး ပေါက်နေပြီ။ ရပ်ရေးရွာရေးကိစ္စမလုပ်ရဘူးလို့မတားပါဘူး။လုပ်ပါ။ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက် လုပ်ပါ။လုပ် ပြီးရင် အချိန်အခါနဲ့ပြန်ပေါ့။ မဟုတ်ဘူးလားမောင်ကောင်းရယ်။ အိမ်မှာပြေးရေကြည့်လို့မျ ကိုယ်ခွဲလက်ခွဲကမရှိ။ အိမ်ကမယားကျားဆွဲဆွဲဆိုပြီး ထားရက်ခဲ့တာအံ့တယ်။ ဒေါ်ဒေါ်မှာလေ သူပြန်မလာ မချင်းစိတ်တထင့်ထင့်နဲ့ မျှော်ရတာ..”
“အေး…အဲဒါကြောင့် ပြောတာပေါ့ကွ။ငါနဲ့ဓမ္မာရုံလိုက်ခဲ့ပါဆိုတော့ မင်းကမလိုက်ချင်ဘူးဆို..”
“တော်တို့ယောက်ျားတွေအလုပ်ထဲ မိန်းမက ကန့်လန့်ကန့်လန့်နဲ့လို့အပြောမခံနိုင်ပါဘူးတော်..”
သူတို့ငြင်းခုန်နေသည်ကို နားထောင်ရင်း သူတို့၏ချစ်သက်ရှည်ကြပုံကိုတွေးနေမိသည်။ ရွှေရင် သိမ်းသစ်ဆယ်ကျော်နှစ်က ကျွမ်းချစ်ခဲ့ကြသည့် ဇနီးမောင်နှံ။အသက်ခုနှစ်ဆယ်ကျော်တိုင်တိုင် ခိုင်မြဲသော အိမ်ထောင်ရေး။သားသမီးတို့ပွားစည်းသော်လည်း အတောင်အလက်စုံ၍ သူတို့ခရီးလမ်းကိုသူ တို့နှင်ကြလေ ပြီ။ ဦးလေးမြတို့ ဇနီးမောင်နှံသည် တကျက်ကျက်ကြားမှ အချစ်ပွားနေကြသူများ။ လင်ဒေါပွ လျှင် မယားကပျော့ လျက် မယားစိတ်ကောက်လျှင် လင်ကချော့ရင်း ဘ၀နေ၀င်ချိန် ကိုငံ့လင့်နေသူများဖြစ်သည်။
ယခုလည်း ဦးလေးမြက ရပ်ကွက်အစည်းအဝေးသွားသည်။ အစည်းအဝေးပြီး၍ အိမ်ပြန်ချိန်တန် သော် လည်းမပြန်။ လူငယ်တစ်သိုက်နှင့်စကားကြောသန်နေသည်။ ဦးလေးမြသည်ရယ်ရွှန်းပတ်ရွှန်းဖြင့် စကား ပြောကောင်းသူဖြစ်သည်။ သူ့ဆီက ဟာသဆန်သောစကားများကြားလာရနိုင်သလို ထိုဟာသထဲမှ ပင် ဘ၀ အတွက် ဒသနများ၊သင်ခန်းစာများရနိုင်ပေရာ လူငယ်တို့ကတော်တော်နှင့်ပြန်မလွှတ်။ ဦးလေးမြကလည်း စကားတောင်းလို့ကတော့ ခါးမညောင်းနေမစောင်းထဲက။ သို့နှင့်ညဥ့်နက်၍ နက်မှန်းမသိ။အချိန်တွေလင့်လာ သည်။ ထိုညကမီးပြတ်နေ၍ မှောင်နှင့်မည်းမည်း။ဒေါ်ဒေါ်ကြည်တစ်ယောက်ထဲ ကြောက်ကြောက်လန့်လန့် တိမ်တိမ်ပွေပွေ။ ကြာတော့… အကြောက်တွင်ဒေါသက ၀င်လာသည်။ခြံတံခါး ကို သော့နှင့် အသေပိတ် လိုက်သည်။ဦးလေးမြပြန်လာ၍တကြော်ကြော်အော်ကာဖွင့်ခိုင်းသော်လည်းမကြားဟန်ပြုနေသည်။ ခေါ်မရသော် ဦးလေးမြခြံစည်းရိုးကိုကျော်တက်တော့သည်။
“တမင်လုပ်လိုက်တာတော့မဟုတ်ပါဘူးမောင်ကောင်းရယ်. သူကအဖိုးကြီးမဟုတ်လား။ ခြံစည်းရိုး ကို ပေါ်တော့ ကျော်မတက်လောက်ဘူးလို့ပဲ ဒေါ်ဒေါ်ကြည်ထင်ထားတာ။ အရင့်အရင်တွေတုန်းကလဲ တံခါးမှ ဖွင့်မ ပေးရင် တစ်အိမ်အိမ်ဝင်အိပ်နေကျဆိုတော့ သူရယ်လို့လုံးဝမထင်မိဘူး။ ကြည့် လိုက်တော့ …ခြံစည်းရိုးပေါ်မှာမည်းမည်း..မည်းမည်းလဲမြင်ရောလူလားဟဲ့..ဘာလားဟဲ့ပေါ့လေ။ ကြောက်ကြောက်လန့် လန့်နဲ့ပစ်မိပစ်ရာ ပစ်လိုက်တာ ..”
“ဦးလေးမြကလဲဗျာ။ မကြီးမငယ်နဲ့ ကျော်တက်ရတယ်လို့…တကယ်ဆို ကျွန်တော့်အိမ်ကိုလာခဲ့ရော ပေါ့..”
“အိပ်ချင်လို့ကတော့မောင်ရာ မင်းအိမ်တင်မဟုတ်ပါဘူး။ ဘယ်အိမ်မှာတက်အိပ်အိပ်ပါ။ အားနာတယ် ထင်ရင် ဓမ္မာရုံမှာတောင် အိပ်ရင်ရသေးတာ။ အဲဒီညက မီးတွေပြတ်နေလို့ မှောင်ထဲမှာတစ်ယောက်ထဲ အားငယ် နေမှာပဲဆိုပြီး ကျော်တက်လိုက်တာ။ ဟာ..ဟ မင်းအဒေါ်တော်တော်လက်ဖြောင့်သား ငါ့နဖူးကို ဒါရိုက်ကစ်တာ ပဲဟေ့။ သနပ်ခါးတုံးနဲ့ပစ်လိုက်တာမို့ပေါ့ကွာ။ ငရုတ်ကျည်ပွေ့နဲ့သာဆိုရင် မလွယ်ဘူးမောင်။ ဒါတောင် ငါးချက် ချုပ်ရ အား..ကျွတ်…ကျွတ်…”
“ဟင်..ကို..ကို…အနာကသိပ်နာနေသလားဟင်..”
“နာတော့နာတာပေါ့ကွာ။ဒါပေမယ့် မင်းလေးအနားရှိရင် မနာဘူး။ဟီး..ဟီး..”
ဦးလေးမြက ပြောရင်း တဟားဟားရယ်နေသည်။ ဒေါ်ဒေါ်ကြည်က မျက်စောင်းလေးထောင့်ကပ်ကာ ဦးလေးမြပေါင်ကို လှမ်းဆိတ်လိုက်သည်။ အသက်ကြီးသော်လည်း အချစ်ကြောင့် အရှက်သည်းဟန်လေး ကို ကျွန်တော်မြင်ဖြစ်အောင်မြင်လိုက်မိသည်။ စိတ်ကောက်သည်ဆိုသည်ကပင် ချစ်ခြင်းမေတ္တာ ၏ ပြယုဂ်အဖြစ် ဒေါ်ဒေါ်ကြည်ကျင့်သုံးလာဟန်ရှိသည်။ ကားပေါ်မှမဆင်းခင် ဦးလေးမြပြောသွားသော စကားတို့သည် ကျွန်တော့်ထံတွင် ပဲ့တင်ကျန်ရစ်ခဲ့သည်။
တကယ်တော့ကွာ အိမ်ထောင်တစ်ခုဆိုတာ ဘာနဲ့အလာသဏ္ဍာန်တူသလဲဆိုတော့ စက်ဝိုင်းလေးတစ်ဝိုင်း နဲ့တူတယ် မောင်ကောင်းရ။ ယောက်ျားဆိုတဲ့စက်ဝိုင်းခြမ်းနဲ့မိန်းမဆိုတဲ့စက်ဝိုင်းခြမ်း၊ အေး…နှစ်ခြမ်းပေါင်းလိုက်တော့ စက်ဝိုင်းဖြစ်သရော။ စက်ဝိုင်းကတော့ စက်ဝိုင်းပါပဲ။ တစ်ခါတလေကျရင် အထိ အခိုက်၊အဖိအနှိပ်၊ အထောင်းအထုတွေနဲ့က မလွတ်ပြန်ဘူး။အဲဒီအခါကျတော့ စက်ဝိုင်းစာ ပိန်ချင်ပိန်မယ်။ ချိုင့် ရင်ချိုင့်မယ်။ ခွက်ရင်ခွက်မယ်။ ပုံတော့ပျက်သွားတာပေါ့ကွာ။ အဲဒီတော့ဘာဖြစ်လဲ ပြန်ပြင်လိုက်ပေါ့။ ပြန်ပြင် လိုက်ရင် စက်ဝိုင်းပြန်ဖြစ်မှာပဲ။ စက်ဝိုင်းခြမ်းနှစ်ခုသာမြဲမြဲမြံမြံထိထိစပ်စပ်ရှိနေ အဲဒါစက်ဝိုင်း ပဲ။ အေး..ပဲ့သွား ရင် တော့ ပျက်ပြီပေါ့ကွာ။ စက်ဝိုင်းမဟုတ်တော့ဘူး။ ပြန်ဆက်ရင်ရပါတယ်လို့ ပြောဦးမလား။ ရတော့ရတာပေါ့ မောင်ရာ။ဆက်ရာကရှိနေတော့ မူလစက်ဝိုင်းလောက်ကောင်းနိုင်ပါဦးမလား ။ဟေ့..ဟေ့..ဒို့များစက်ဝိုင်းတော့ ပိန်လိုက်ကောင်းလိုက် ချိုင့်လိုက် ဖောင်းလိုက် ခွက်လိုက် ပြည့်လိုက်နဲ့ အသက်တွေသာကြီးလာတာ ခုထိချစ်ကြတုန်း။ မဟုတ်ဘူးလား မယ်ကြီးအို..”
စောစောက သူမဟုတ်သည့်ဟန်နှင့် မိုးကတန့်ကနဲရပ်သွားသည်။ မိုးအတန့်တွင် နေကထွက် လာသည်။ တစ်နေ့လုံးနေခြည်မဖြာခဲ့ရသမျှ ယခုမှအတိုးချကာ ၀င်းလက်နေသည်။ နေ၀င်ချိန်နီးသော်ငြား ရဲဝံ့ စွာသာနေသည်။
…………………………………………………..
မိုးတိမ်ကင်း၍ နေရှင်းရှင်းသာနေသည်။
ကျွန်တော်တို့နှစ်ယောက် ရွှေတိဂုံ ရင်ပြင်ပေါ်သို့ ရောက်နေကြသည်။ မောင်မယ်စုံညီဘုရားဖူး ပြီးပြီ။ ပန်းရေချမ်းကပ်လှူပြီးပြီ။ အလှူဒါနလည်းပြုပြီးပြီ။
ကျွန်တော်သည် မျက်လွှာချကာ မေတ္တာပို့အမျှဝေနေသော မခင်နွယ်၏ရင့်ကျက်တည်ကြည် သော မျက်နှာလှလှလေးကို တစ်စိမ့်စိမ့်ငေးကြည့်နေလျှက်……………………………..
ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)
Labels:
ဝတ္ထုတို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment