Labels
- ၀တ္ထုတို (8)
- ကဗျာ (15)
- ဓာတ်ပုံမှတ်တမ်းများ (1)
- ပြည်တွင်းသတင်း (5)
- ဆောင်းပါး (37)
- နိုင်ငံတကာသတင်း (3)
Monday, August 4, 2014
မြန်မာစကားပုံများတွင် အရိပ်ထင်နေသော မြန်မာတို့၏ စိတ်နေစိတ်ထား
စာရေးသူတို့မြန်မာလူမျိုးများသည် ရှေးယခင်ကပင် ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် တင့်တယ် ၀င့်ထယ်စွာနေထိုင်လာခဲ့ကြသည်မှာ အမှန်ပင်ဖြစ်ပါသည်။ အသွင်သဏ္ဍာန်အားဖြင့် တင့်တယ်စွာနေ ထိုင်ခဲ့ကြသကဲ့သို့ ကိုယ့်ယဉ်ကျေးမှု၊ကိုယ့်စာပေကိုလည်း မြတ်နိုးတန်ဖိုး ထားစွာထိန်း သိမ်း စောင့်ရှောက် ခဲ့ကြပါသည်။
ကိုယ့်စာပေ ကိုယ့်ယဉ်ကျေးမှုဖြင့် တင့်တင့်တယ်တယ်နေထိုင်လာခဲ့ကြပေရာ မြန်မာစာသည် တို့စာ၊ မြန်မာစကားသည် တို့စကား၊ တို့စာကိုမြတ်နိုးကြသကဲ့သို့ တို့စာပေကိုလည်းအစဉ်အဆက် လက်ဆင့် ကမ်းကာထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြပါသည်။
မြန်မာစာ၊မြန်မာစကား၊မြန်မှာုဝေါဟာရများ မြန်မာပေါရာဏများ မြန်မာစာအသုံးအနှုံးများ မြန်မာဘန်းစကားများ ပြည့်စုံကြွယ်ဝလှသည့် စာရေးသူတို့စာပေတွင် စကားပုံဆိုထုံးစကားများကလည်းဝေဆာ ပြည့်လျှမ်းလျက်ရှိပါသည်။
မြန်မာစာပေရယ်ဟု မတီထွင်နိုင်သေးမီရှေးယခင်ကတည်းကပင် မြန်မာမှုတွင် မြန်မာစကားနှင့် အတူ စကားပုံများဆိုထုံးစကားများသည် ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်ဟု ပညာရှင်တို့က ဆိုခဲ့ကြသည် ကို လေ့လာ မှတ်သားဖူးပါသည်။ စကားပုံဆိုသည်မှာ “အနက်အဓိပ္ပါယ်နှင့်ပြည့်စုံ ၍ လူများစံပြုပုံ ခိုင်း ပြောဆိုလေ့ ရှိ သော စကား”ဟု မြန်မာအဘိဓာန်အကျဉ်းချုပ်တွင်ဖွင့်ဆိုထားပါသည်။
မြန်မာလူမျိုးတို့သည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်စကားပြောကြရာတွင် မိမိပြောလိုသည့် စကား၏ အနက်အဓိပ္ပါယ်ကို တစ်ဖက်သား ပိုမိုနားလည်လွယ်ကူစေရန် စကားပုံများ ဆိုထုံးစကားများဖြင့် ဥပမာပေး ကာ ပြောဆိုလေ့ရှိကြပါသည်။ မြန်မာစကားပုံများမှ မြန်မာတို့၏ စိတ်နေသဘောထား၊အမူအကျင့် ကိုယ် အမူအရာ နှုတ် အမူအရာ ပေါင်းသင်းဆက်ဆံရေးနှင့်လောကသဘာဝ လူ့သဘာဝကိုလေ့လာသိရှိနိုင်ပါ သည်။
၁။ ကိုယ့်စိတ်နှင့်နှိုင်းမရိုင်း ။ ။ သူတစ်ပါး၏အလိုဆန္ဒကို သိလိုမူ ကိုယ့်အလို ဆန္ဒဖြင့် နှိုင်းစာ ဆင်ခြင်ပြုအပ်သည။် ထိုသို့ပြုလုပ်ခြင်းသည် မဆိုးဝါး မမှားယွင်းနိုင်သောနည်းဖြစ်သည်ဟု ဆိုလိုသည်။ မိမိကိုယ်တိုင်က မနှစ်သက်သည်ကို သူတစ်ပါးလည်းနှစ်သက်လိုလားမည်မဟုတ်သကဲ့သို့ မိမိလိုလား တပ် မက်သည့်အရာကိုလည်း သူတစ်ပါးနှစ်သက်မည်စသည်ဖြင့် သူတစ်ပါး၏အလိုဆန္ဒကို ကိုယ်ချင်း စာ စိတ်ဖြင့် နှိုင်းယှဉ်တွေးဆကာ အရာရာတွင် မိမိကဲ့သို့ပင် ခံစားနိုင်မည် နားလည်နိုင်မည်ဟု စသဖြင့် အစဉ်နှလုံးသွင်းရန် ဆုံးမလမ်းညွှန်ထားသည့် စကားပုံဖြစ်ပါသည်။
၂။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ။ ။မိမိပေါင်ကို လူရှေ့တွင်လှန် ၍ မိမိဘာသာနာကျင်အောင် မိမိတံတောင်ဖြင့် ထောင်းကျိတ်ပြသကဲ့သို့ ဖြစ်နေသည်ကိုဆိုလိုခြင်းဖြစ်သည်။ လူ့ခန္ဓာကိုယ်မှအစိတ် အပိုင်း တစ်ခုဖြစ်သော ပေါင်ဟူသည် မဖွင့်ပြအပ်သည့် အစိတ်အပိုင်းတစ်ခုဖြစ် ပေရာ လူရှေ့တွင်ပေါင် လှန်ပြခြင်းသည် ကိုယ့်အရှက်ကို ကိုယ်ခွဲသည်နှင့်တူသည်။လှန်ရုံမျှမကမိမိတံတောင်ဖြင့် ထောင်းပြန်သော် မိမိလုပ်ရပ်ကြောင့် မိမိကိုယ်တိုင်သာနာကျင်ရပေမည်။ ထို့ကြောင့်ရှက်လည်းရှက်ရ၊ နာလည်းနာရအောင် မိမိအပြုအမူဖြင့် မိမိပြုလုပ်မိခြင်းကို ပမာပြု ၍ ကိုယ့်ကြောင့် ကိုယ်ကိုယ်တိုင် အရှက်ကွဲ ၍နစ်နာအောင်ပြု မိသောအခါများတွင် သုံးနှုန်းသည့်စကားပုံဖြစ်ပါသည်။
၃။ ကြာကြာဝါးမှခါးမှန်းသိ ။ ။အခါးပါသောအစားအစာများကို ကြာကြာဝါးစားမှသာ အခါးအရသာ ပါမှန်းသိမြင်ရသည် ကိုဆိုလိုခြင်းဖြစ်ပါသည်။ လူတို့၏သဘောသည်လည်း အပေါ်ယံဟန်ဆောင်မှုရှိ တတ်သော်လည်း ခဏခဏဆက်ဆံရသည့်အခါ တွင် အတွင်းသဘောကိုရိပ်စားမိလာကာ အချိန်ကြာလေလေ အတွင်းသဘောကိုသိလေလေဖြစ်သည်။ထိုအခါ မျိုးတွင် ခဏတာဝါးရုံဖြင့်ခါးမှန်း မသိဘဲ ကြာကြာဝါးမှခါးမှန်းသိသည့်စကားပုံနှင့်ခိုင်းနှိုင်းကာ ပြောကြလေသည်။
၎။ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ။ ။တစ်ဦးနှင့်တစ်ဦးအပြန်အလှန်အားကိုးမှီတွယ်နေရသည်ကို ဆိုလိုခြင်းဖြစ်ပါသည်။ မြစ်များတွင်သောင်ထွန်းသည့်အခါ နှုန်းတင်သဖြင့် ကျွန်းများပေါ်လာ တတ်သည်။ ထိုကျွန်းများသည် မြေနုများဖြစ်သောကြောင့် ရေတိုက်စားသည့်အခါတွင် ပါသွားတတ်ကြသည်။ သို့ရာတွင် ကျွန်းများပေါ်တွင် ကိုင်းပင်များပေါက်လာသောအခါတွင် ကိုင်းပင်အမြစ်ကုတ်တွယ် ထားခြင်းကြောင့် လည်းကောင်း၊ ကိုင်းပင်များ သေသွားသဖြင့်မြေစာမြက်သစ်များတက်လာခြင်းကြောင့်လည်းကောင်း ကိုင်းပင် များကြောင့် ဒိုက်များနှုန်းများ ပို ၍ငြိတွယ်လာခြင်းကြောင့်လည်းကောင်း ကျွန်းမြေများသည် ပိုမိုမြင့်မောက်လာကာ နှစ်ကာလကြာရှည်တည်တံ့ နိုင်လေသည်။ထိုနည်းဖြင့် ကျွန်းသည် ကိုင်းပင်ကိုမှီ ရလေသည်။ ကိုင်းပင်သည်လည်းကောင်း ကုန်းမြေပေါ်တွင်သာ ပေါက်နိုင်သဖြင့် ကျွန်းကိုမှီကာ ရှင်သန်ပေါက်ဖွားရသောကြောင့် ကိုင်းကကျွန်းကိုမှီရသည်ဖြစ်ရာ ကိုင်းနှင့်ကျွန်းသည် တစ်ခုကိုတစ်ခု အပြန်အလှန်မှီတွယ်ရလေသည်။ လူ့လောကတွင် တစ်ဦးကိုတစ်ဦးအပြန်အလှန်မှီတွယ်ကြရသည့် အခါမျိုးတွင် ထိုစကားပုံကို သုံးနှုန်းပြောလေ့ရှိကြပါသည်။
၅။ စကားနောက်တရားပါ ။ ။စကားကို အထိန်းအချုပ်မရှိပြောတတ်သူသည် စကားအနေနှင့် အမှတ်မဲ့ပြောဆိုသွားရာတွင် စကားထဲမှ အချို့သောအချက်များသည် တရားတဘောင်အမှုအခင်း အတွက်အထောက်အထားသဲလွန် စရစရာများနေ ၍ တရားတဘောင်ဝင်သောစကား မျိုးဖြစ်နေတတ်သည် ဟုဆိုလိုသည်။ နှုတ်လွန်ခြင်းကြောင့် သော်လည်းကောင်း၊ နှုတ်မစောင့်သောကြောင့်လည်းကောင်း၊ အမှုအခင်းဖြစ်ပေါ်လာနိုင်စရာရှိသောကြောင့် စကားနောက်အမှုအခင်းပါတတ်သည်ကိုဆိုလိုခြင်းဖြစ်သည်။ စကားပြောဆိုရာတွင်သတိထားကာ ဆင်ခြင် သင့်သည်များကို ဆင်ခြင်သင့်သည်များကို ဆင်ခြင်ပြောဆိုရန်သတိပေးထားသည့်စကားပုံဖြစ်ပါသည်။
၆။ စုဖန်များလျှင် ပျားလပို့ဖြစ်မည် ။ ။ပျားများသည် ပန်းပွင့်များမှပန်းဝတ်ရည်ဝတ်မှုန်တစ်စက်စီ ကိုစုတ်ယူ ၍ စုဆောင်းထားရာ စုဖန်များ လတ်သော် ကြီးမားသော ပျားအုံ၊ပျားလပို့ကြီး တစ်ခုဖြစ်လာ သည်ဟု ဆိုလိုသည်။
၇။ စိုပြီးသောလက်မခြောက်စေနှင့် ။ ။စိုစွတ်ပြီးသောအခက်အလက်ကိုခြောက်သွေ့မသွားစေအောင် ကြတ်မတ်ဂရုစိုက်လျက် အမြဲစွတ် စိုနေအောင် သတိပြုဟုဆိုပါသည်။ ခင်မင်ရင်းနှီးပြီးသော မိတ်ဆွေ အပေါင်း အသင်းများနှင့်ခင်မင်မှုမပြတ်စေ ရန် စိမ်းကားမသွားစေရန် ခင်မင်ပြီးသူကို သေတပန် သက် တဆုံးခင်မင်ရင်းနှီးသွားရမည်ဟု ပြောလိုသည့်အခါမျိုး တွင် ထိုစကားပုံနှင့် တင်စားခိုင်းနှိုင်း ကာပြောဆိုကြ ပါသည်။
၈။ စစ်မရောက်ခင်မြားကုန် ။ ။စစ်ရောက်လာမှ မြားကိုအသုံးပြု ၍ ပစ်ခတ်ရန်ဖြစ်သော်လည်း ကြိုတင်ကာ ပစ်ခတ်ဖြုန်းတီးနှင့်သဖြင့် စစ်မရောက်သေးမီ မြားကုန်နေသည်ဟု ဆိုလိုခြင်းဖြစ်သည်။ အချိန်တန်မှ အားထုတ်အစွမ်းပြရမည်ဖြစ်ပါလျက် ကြိုတင်ကာ မလိုအပ်သောနေရာတွင် အစွမ်းပြ ထားသဖြင့်အမှန်တကယ်ဆောင်ရွက်ရတော့မည့်အခါတွင် အစွမ်းမပြနိုင်တော့ဘဲဖြစ်ကာ မလိုအပ်ဘဲ အစွမ်းမပြရန်သတိပေးဆုံးမသည့်အခါမျိုးတွင် ထိုစကားပုံနှင့်တင်စား ခိုင်းနှိုင်းကာပြောဆိုကြပါသည်။
၉။ ဆရာမပြငပိဖုတ်မှနည်းမကျ ။ ။အလွန်လွယ်ကူသည်ဟုထင်ရသည့် ငါးပိဖုတ်ခြင်းကိုပင် သွန်သင်ပြသသူမရှိက ကောင်းမွန်မှန်ကန်စွာမလုပ်တတ်ကြောင်းဆိုလိုခြင်းဖြစ်သည်။ထို့ကြောင့်မည်သည့်အတတ်ပညာ၊အသိပညာကိုမဆို နည်းစနစ်တကျသွန်သင်ဆုံးမနည်းပြခြင်းကို ခံယူအပ်ကြောင်းပြောဆိုသည့်အခါမျိုးတွင် ထိုစကားပုံနှင့် တင်စားခိုင်းနှိုင်းပြောဆိုကြသည်။
မြန်မာလူမျိုးတို့သည် တစ်ဦးနှင့်တစ်ဦးစကားပြောဆိုကြရာတွင်စကားပုံ ဆိုထုံးစကား ဥပမာ၊ဥပစာ များဖြင့် ဝေေ၀ဆာဆာသုံးနှုန်းပြောဆိုလေ့ရှိကြပါသည်။ထိုသို့ပြောဆိုကြခြင်းသည်ပင်လျှင် မြန်မာ လူမျိုး တို့၏ စိတ်ကူးဥာဏ်ရင့်သန်မှု၊ အတွေးအခေါ်ထက်မြက်မှု စဉ်းစားဝေဖန်တတ်သော အရည်အချင်းကောင်း များရရှိမှုတို့ကို ဖော်ပြပေးသကဲ့သို့ ဖြစ်နေပါတော့သည်။ထိုစကားပုံလေးများထဲမှ မြန်မာ့စိတ်နေသဘောထား ၊လောကသဘာဝကိုလှစ်ဟပြနေသကဲ့သို့ဖြစ်ရာ မြန်မာစာပေအဆင့်အတန်းမြင့်မားသကဲ့သို့ မြန်မာ့စိတ်နေစိတ်ထားလည်းကြီးကျယ်မြင့်မြတ်လှသည်မှာ ငြင်းဆို ဖွယ်ရာမရှိပါ။
(ဆက်လက်တင်ပြပါဦးမည်။)
ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment