ပေးတဲ့မေတ္တာ အတူတူပါ
ဗျာ…အဖေအကြောင်းဟုတ်လား…ဆရာမ ဘယ်နစ်ဗျာ စာရေးဆရာမ ကြီးတစ်ယောက်က ကျွန်တော့် လို ကျေးလက် သားကိုမှ အဖေအကြောင်း လာမေးနေရ တယ်လို့ ရေးလိုက်စမ်းပါမြင့်မိုရ်တောင်ကြီး တစ်တောင် လုံးရှိ နေသားပဲ။ မြင်မိုရ်ကိုသာရေးလဲအမျိုးမျိုးနဲ့လှည့်သုံး၊ ထွက်လာလိုက်မယ့် အဖေ့အကြောင်းတွေ။ ကိုယ်မရေး လဲမဟာဗြဟ္မေလျှာကုဋေနဲ့ ကဗျာကဝေ ဆရာစလေလို ဆရာဆရာတွေကလည်းဒီခောတ်မှာ ပေါမှပေါမဟုတ်လား။ ရေးပြကြပါလိမ့်မယ်ဗျာ..။
ခုဟာက…ကျေးလက်သားလည်းဖြစ်ပြန်၊စာပေဗဟုသုတ ကြတော့လဲ ခပ်နဲနဲသာရှိတဲ့ ကျွန်တော်ကိုမှ အဖေ့ အကြောင်းလာ မေးတာဆိုတော့ ခက်ပြီပေါ့ဆရာမရယ်။ ဒီထက်ခက်တာရှိသေး၊ ကျွန်တော်ကအဖေဆို ဘယ်လို ပါလို့ မမြင်လိုက်၊ မတွေ့လိုက်၊ မသိလိုက်ရတဲ့သူလေး။ အဖေ့အ ကြောင်းဘယ်လိုပြောပြတတ်ပါ့မလဲ။
ဒါပေမဲ့အဖေကိုသာမသိလိုက်၊ မမီလိုက်တာပါနော်။ ကျွန်တော့်ဘ၀နဲ့ပတ်ပတ်သက်သကယှက်ယှက် နွယ်နွယ် ရှိခဲ့တဲ့ အဖေမဟုတ်တဲ့ အဖေတွေ အကြောင်းကိုတော့ ကျွန်တော်ကောင်းကောင်းသိသဗျ။
ဒီအကြောင်းတွေက ဆရာမအတွက် တွေးကွက်ရေး ကွက်ဖြစ်တယ်။ စာပေ၀မ်းစာ၊ စာပေကုန်ကြမ်းဖြစ်မယ် ဆိုရင်တော့ ပြောပြရတာပေါ့လေ။
သိပ်ဆန်းလှတာတော့မဟုတ်ပါဘူးဗျာ။ ဖြစ်ရိုးဖြစ်စဉ်ဆိုပေမဲ့ ဗွီဒီယို ဇာတ်လမ်းဆိုရင် ပရိတ်သတ်မျက်ရည်ချူနိုင် မယ့် ဇာတ်ကွက်လို့ ပြောရမယ် ထင်ရဲ့။
လင်သည်ယောင်္ကျားက ရွာမှစီးပွားရေးမပြေလည်လို့ တစ်နယ် တစ်ကျေးသွားပြီးစီးပွားရှာ၊ ဇနီးသည်က ကိုယ် ၀န်အရင့်အမာနဲ့ကျန်ခဲ့။ ခင်ပွန်းကွယ်လွန် တဲ့ သတင်းကြားရတော့ ဇနီးသည်က မီးတွင်းထဲမှာ ပဲ သွေး တက်ပြီး ဆုံးပါသွား။ ရက်သားလူမမယ်ကလေး ကျန်ရစ်။ ဒီကလေးကို အဒေါ်လုပ်သူက ကျွေးမွေးပြုစုစောင့်ရှောက် လာခဲ့။ ဒါပါပဲဗျာ..ကျွန်တော့် ဘ၀အစ။ ဆိုပါတော့…ဒေါ်လေးငွေကျော့က ကျွန်တော်ကိုမွေးစား ခဲ့တယ်။ ဒီမှာထွေးလေးမောင်နဲ့ ကျွန်တော်ပတ်သက်ခဲ့ ရပြီပေါ့။ ကိုမောင်တင်ဆိုတာ ဒေါ်လေးရဲ့ယောက်ျား။ တင်းထားလိုက်တဲ့မျက်နှာ..သံမဏိတုံးက အဘခေါ် ရလောက်တယ်။ အပြုံးအရယ်ဆိုတာဝေလာဝေး၊ စကားပြောလိုက်ရင်လဲပိသာလေးနဲ့ ဘေးပစ်တာခံသာသေးတယ်။ ပြီးတော့..သူအသိ၊သူအတတ်၊ သူပြောတာကမှ အမှန်ဆိုတဲ့ တကယ့်ကို တစ်ယူ သန် သမား။ တစ်ရွာလုံးက အော့ကျေလန်တဲ့ ဘုဂလန့်သမား။
ဒေါ်လေးကတော့ကိုယ့်သွေးကိုယ့်သားမို့ ကျွန်တော်အပေါ် ချစ်ရှာပါတယ်။အစားအ၀တ်မချို့တဲ့အောင် ကျွေးမွေးပြုစုစောင့်ရှောက်ပါတယ်။ ဒါပေမဲ့ယောက်ျား ကို ကြောက်ရတဲ့သူဆိုတော့လက်သိပ် ထိုးလောက်ပဲ တတ်နိုင်တာပါ။ ”သားလို့ခေါ်ချင်တာတောင် ယောက်ျားကွယ်ရာမှ အသံ ထွက်ခေါ်ရဲရှာတဲ့အဖြစ်။ ထွေးလေးမောင်ကတော့“ဟဲ့. .ကောင်လေး” လို့ ခပ်ငေါက်ငေါက်ခေါ်တတ်ရဲ့။ ဒီလို လူစားမျိုးက ကျွန်တော့်ကို သားအဖြစ် အသိအမှတ်မပြု ခဲ့တဲ့ ဖြစ်စဉ်တစ်ရက်ရှိခဲ့တယ်ဆိုရင် ယုံမလားတော့ မသိဘူး တကယ့်ကို တိုက်ဆိုင်လွန်းလှတဲ့ ရှားပါးဖြစ်စဉ်လေး တစ်ခုရယ်ပါ။
အရင်တုံးက ကျွန်တော်တို့ရွာမှာ အလယ်တန်းကျောင်း မရှိသေးဘူး။ စာသင်ချင်ရင် ဘုန်းကြီးကျောင်းကိုသွား ရတယ်။ ကျွန်တော်ဘုန်းကြီး ကျောင်းသား လုပ်ခဲ့ရသေး တာပေါ့။ ကျွန်တော်ခြောက်နှစ်သားလောက်မှာ အတန်းကျောင်းစဖွင့်တယ်။ ကျောင်းဖွင့်ကာစမှာ ကျောင်း သားမရှိတော့ ကျောင်းအုပ်ကြီးခင်ဗျာ တစ်အိမ်တက် တစ်အိမ်ဆင်းပြီး ကျောင်းသားစုလိုက်ရတယ်။ မိဘတွေ စီးပွားရေးမသောင်သာတော့ အတန်းကျောင်းထားရင် စရိတ်ကုန်မှာမိုလို့မထားချင်ကြဘူးလေ။ဘုန်းကြီးကျောင်း ဆိုတာကသေစာ ရှင်စာတတ်တယ်ဆိုပေမဲ့ ထမင်းလဲဝ ပညာလည်းရနေတာမဟုတ်လား။ ဒီတော့လဲ… ဘုန်းကြီးကျောင်း ပဲထားချင်ကြတာပေါ့။
“ဟဲ့..ကောင်လေးငါ့နောက်လိုက်ခဲ့” လို့ထွေးလေးမောင်တင်ခေါ်တာမို့ ခပ်ကြောက်ကြောက်နဲ့ လိုက်လာခဲ့ရတယ်။ ဘယ်ကိုလဲဆိုတာ ကျွန်တော် မမေး ရဲခဲ့လို့မသိခဲ့ဘူး။ လက်စသပ်တော့ ထွေးလေးက ကျွန်တော့်ကို ကျောင်းအပ်ဖို့ခေါ်သွားတာကိုး။ ရွာမှာပထမဆုံးကျောင်းအပ်ခံရတာကျွန်တော်ပဲ။ ကျောင်း အပ်ရောဆိုပါတော့ဗျာ။ ကျောင်းအုပ်ကြီးကျွန်တော့် နာမည်မေးတယ်။ ပြီးတော့အဖေနာမည်လို့ဆက်မေးတယ်။ ထွေးလေးကလဲ ချက်ချင်းပြန်ဖြေတယ်။မောင်တင်တဲပဗျား။
အဲဒီလိုဖြေလိုက်တာ။အဲဒီတုံးကတော့ဘာမှန်းမသိခဲ့သေး တဲ့လူမမယ်ကျွန်တော်တစ်ကိုယ်လုံးကြက်သီးတွေ ဖြန်းဖြန်းထသွားတာ အခုတွေး ရင်း အခုခံစားရတယ် ထင်မိတယ်။ ဒါတင်ဟုတ်ရိုးလားဗျာ။ ကျောင်းအပ်ပြီး ထွေးလေးပြန်မယ် လုပ်တော့ကျွန်တော့မှာနေရာသစ်လည်းဖြစ်ပြန်၊ ကျောင်း အုပ်ကြီးဆိုတာလည်းကြောက်ရ၊ စကားဖော် ဘုန်းတော်ကြီးကျောင်း က သူငယ်ချင်းတွေနဲ့ လဲခွဲရဆိုတော့ အားငယ်ပြီးမျက်ရည်ကျတော့တာပါ။ ဒီတော့ထွေးလေးက တစ်သက်လုံးတင်းထားတဲ့ မျက်နှာကြောကြီးကို လျှော့ပြီး လေသံပျော့လေးနဲ့နှစ်သိမ့်ရှာတယ်။ ”မင်းစာတတ်ကြီး ဖြစ်အောင် လို့ပါကွာ၊ မငိုနဲ့တိတ်.. တိတ်..“ဆိုတဲ့စကားလေးသာပြောပြီးကျွန်တော့်ကို ကျော သပ်ရင်း တစ်ခါထဲလှည့်ထွက်သွားတော့တာပဲ..။
ဒါတင်မကသေးဘူးနော်၊ ဒေါ်လေးပြန်ပြောလို့သိရတာရှိသေး။ ”ကောင်လေးကို အတန်းကျောင်းထားလိုက်ပြီ။ ဒီကောင်လေးစာတတ်မှတို့ လိုမဆင်းရဲ မှာ ကောင်လေး ကိုစာကြိုးစားဖို့ပြော၊ လိုတာရှိ လဲကြည့်ဝယ်ပေး လိုက်” တဲ့။
အမြဲတမ်းတင်းမာနေတဲ့ မျက်နှာထားအောက်မှာ ကျွန်တော့်ကို စာတတ်စေချင်တဲ့ နှုးညံ့တဲ့စေတနာတရား ရှိနေတယ်ဆိုတာ ဟိုတုန်းက သဘောမပေါက်ပေမဲ့ ခုတော့ကောင်းကောင်းကြီးနားလည်နေပါပြီဗျာ။
ဒါတွေက ထွေးလေးမောင်တင်အကြောင်းပါ။ ကျောင်းဝင် မှတ်ပုံတင် စာရင်းမှာ အဖေနာမည်ခေါ်ရုံတင်မကပဲ သား တစ်ယောက်ကို တတ်စေချင် တဲ့ ဖခင်ရဲ့စေတနာမျိုး ထားခဲ့သူဆိုတော့ ကျွန်တော်အဖေမဟုတ်ပေမယ့် တကယ်တော့အဖေစစ်စစ် နံပါတ်တစ်ဆိုရင် မှားမလားဟင်?
ဆက်ပြောရမယ်ဆိုရင်တော့ ကျွန်တော် ၄တန်းအောင်တော့ ၅တန်း တက်ရမယ်။ တက်ရ မယ့်ကျောင်းက ရွာနဲ့၈မိုင်လောက်ဝေးတဲ့ အုပ်စု ရွာကြီး မှာရှိတဲ့ အလယ်တန်းကျောင်း။ နေ့ချင်းပြန်တက်ဖို့ဆိုတာ မဖြစ်နိုင်တော့ ဦးလေးမောင်တင်က တမျိုးစီစဉ်ပြန်တယ်။ အဲဒီရွာက ဘုန်းကြီးကျောင်းမှာ ကျောင်းအိပ်ကျောင်း စားနေရင်းကျောင်းတက်ဖို့ ပေါ့လေ ဆရာတော်ကလဲ သူ့ရဲ့ဦးကြီးအရင်းဆိုတော့ ထူးပြီးလျှောက်စရာ မလိုဘူးပေါ့။ ကျွန်တော့် အတွက် ပညာရေးကံပါ တယ်ပြောပါတော့… ဆရာတော်က လိုလိုလားလား လက်ခံတယ်။
ဆရာတော်ကဟိုတုန်းက တန်းမြင့်ကျောင်းထွက်လို့ ခေါ် တဲ့ စာမေးပွဲ အောင်ပြီးနောက် သင်္ကန်းဝတ်ခဲ့တာ၊ ဓမ္မ စရိယပြီးပြီး တာဆိုတော့ ခေတ်လဲမီတယ်။ ဗဟုသုတ လဲကြွယ်ဝတယ် ပညာရေးကိုလဲအားပေးတယ်။ ကြိမ်မကိုင် မငေါက်ငမ်းပဲနဲ့ ဘုန်းကြီးကျောင်းသား(၂၀) ကို ညင်ညင်သာသာထိန်း ကျောင်းနိုင်ခဲ့သည့်ဆရာတော် ပါ။
ဆရာတော်မှာ ဆုပေးဒဏ်ပေးစနစ်ရှိတယ်။ ဘုန်းကြီးကျောင်းလုပ်ငန်း ပျက်ကွက်လို့ဒဏ်ပေးလျှင် သက်ညှာပေမယ့် အတန်းကျောင်းကစာမရလို့၊ စာမေးပွဲ ကျလို့ ဒဏ်ပေးပြီဆိုရင်တော့ မသက်သာဘူးမှတ်။ သဲဒဏ်၊ရေဒဏ် ဆိုတာပြောတော့တာဘာမှမဟုတ်တာ။ ဘယ်လောက်ဒဏ်ပြင်းတယ်ဆိုတာ ခံရဖူးတဲ့ကျောင်း သား မှပဲသိမယ်။ ကျွန်တော်တောင် ကိုယ်တိုင်ဒဏ် မခံရဖူး ပေမယ့်ဒဏ်ခံကျောင်းသားတွေကိုကြည့်ပြီး မောနေရ ဖူးတယ်။ စဉ်းစားကြည့်လေ..တလင့်မျက်ခေါင်သဲပြင်ကြီး ဆီက ကျောင်းအရောက်အကြိမ် ကြိမ်အခါခါ အခေါက် အလီလီ သဲသယ်ရတာလေ။ သယ်ရတာ သပိတ်တလုံး သာဆိုပေမယ့် အကြိမ်ရေများလာတော့ လျှာထွက်ပြီပေါ့ ။ရေဒဏ် ဆိုရင်လည်းအဲဒီလိုမျိုးဆိုတော့ ကျောင်းသား တိုင်းလန့်ကြတယ်။ ကျွန်တော်ကစာတော်တော့ ဒီဒဏ်တွေကလွတ်တဲ့အပြင် ဆရာတော်ကလဲ ချစ်တယ်။ ဘယ်လောက်ချစ်သလဲဆိုရင် ကျက်သရေခန်းသော့ အပ်ထား ခံရတဲ့အထိပဲဆိုတော့။
ကျွန်တော် ၇တန်းတက်ရတဲ့နှစ်မှာ ပဲ ထွေးလေးမောင် တင် ပိုးထိလို့ဆုံး သွားတယ်။ လှေလှော်ရင်းတက်ကျိုး တဲ့အဖြစ်ပါ။ ဒေါ်လေးကကျွန်တော့ တာဝန်ကိုဆက် မယူနိုင်တော့လို့ ကျောင်းနုတ်ရတော့မယ်ဆိုတဲ့အကြောင်း ဆရာတော်ကိုလာလျှောက်တော့။ဒီမှာပင်ဆရာတော်က အပြတ်ငြင်းလိုက် တယ်။
ကျွန်တော်ကစာတော်သူမို့ ကျောင်းဆက်ထားရင် ထွန်းပေါက်မယ့် အကြောင်း၊ ဒီအရွယ်လေး နဲ့ကျောင်းနှုတ်ပြီး ခိုင်းစားရင်လဲ နွားကျောင်းရေ ခပ် လောက်သာဖြစ်မယ့်အကြောင်း၊ ဒီတော့ကျောင်း ဆက်ထားပါ၊ ကျွန်တော့် ပညာရေးအတွက် ဆရာတော် ကလုံးဝတာဝန်ယူမယ့်အကြောင်း..စသည်ဖြင့် ဒေါ်လေး ကိုနားချတယ်။
စဉ်းစားကြည့်ဗျာ… ဘုန်းကြီးကျောင်းသား၁ယောက်လျှော့ သွားလို့ ဘာဖြစ်မှာလဲ။ ရှိနေရင်ကိုယ့်မှာဝန်ပိသေးတယ်၊ ဒီကြားထဲကိုယ်ကမကထ ခံပြီးကျောင်းထားပေးရအုံး မယ်။ ဒါကိုပဲကမကထခံပြီး စာသင်မပျက်စေခဲ့ကျွန်တော့် ဆရာတော်ရဲ့စေတနာဟာ ဖခင်တစ်ယောက်သားအပေါ် မှာထားရှိ တယ့်မေတ္တာတရားရဲ့အသီးအပွင့်တွေရဲ့ခြား နား ပေါ့မလားဗျာ။
ဒီလိုနဲ့ဒေါ်လေးလဲ သားစာကျိုးစားနော်ဆိုတဲ့ စကားလေး တစ်ခွန်းသာ ဆိုနင့်နင့်ပြောရင်း မျက်ရည်လည် ရွဲနဲ့ ပြန် သွားရတယ်။ ဒီကတည်းက ကျွန်တော်လဲ ဆရာတော်ရဲ့ အုပ်ထိန်းမှုအောက်လုံးဝ ရောက်တော့တာပေါ့။ ဒါကြောင့်လဲ ကျွန်တော့်ကိုအများက ဘုန်းကြီးသား ဘုန်းကြီးသားနဲ့ကွယ်ရာမှာခေါ်ကြတယ်။ ခေါ်ကြပါစေဗျာ၊ ဖခင်တယောက်ရဲ့တာဝန်ယူနေမှတော့ ဆရာတော်က ကျွန်တော့ရဲ့အဖေပေါ့။ မဟုတ်ဘူးလား၊ အဖေမဟုတ်တဲ့ အဖေစစ်စစ်နံပါတ်၂ လေ။
ကျွန်တော့်ရဲ့ပညာဇာတာကတော့ တရှိန်ရှိန် တက်နေတော့တာပဲလို့ ပြောရမလားမသိဖူး။ ကျွန်တော့ ၈တန်းအောင်တဲ့နှစ်မှာ ကျွန်တော့်တို့ အလယ်ကျောင်းကို အထက်တန်းတွဲဖက်ဖွင့်ခွင့်ရတယ်။ ကျွန်တော့်အတွက် ၉တန်း၊ ၁၀တန်းဆက်သင်ဖို့ အခွင့်အလမ်းပွင့် လာ တာပေါ့။ဆရာတော်က ကျောင်းဆက်ထားပေးတယ်။
ကျောင်းဝတ်စုံ၊စာရေးကိရိယာ ဘာမှမချို့ငဲ့ စေရဘူး။ ဒီလိုနဲ့ ၁၀တန်းကို နှစ်ချင်းပေါက်ဆွဲနိုင်ခဲ့တယ်။
ဆရာတော်ကကောလိပ်ဆက်လို့အားပေးပါတယ်။ ဒါပေမယ့်ကျွန်တော့် ရမှတ်က အထူးပြုလောက်သာ ရနိုင် တာကတကြောင်း၊ ပညာသင်စရိတ်ကို ငဲ့ရတာလဲ တကြောင်းမို့ အဝေးသင်ပဲယူဖြစ်ခဲ့ တယ်။ ကောလိပ် မတက် ကောင်းလားဆိုပြီးဆရာတော်ရဲ့ ငြိုငြင်တာကို လဲ ပြေလည်အောင်မနည်း လျှောက်ယူရတယ်။ ဘွဲ့ရပြီးရောမဟုတ်လားဗျာ။ ကိုယ့်အတွက်နဲ့ ဆရာတော် ၀န်မတက်စေချင်တာ ကျွန်တော့်ရဲ့စေတနာအရင်းခံပါ၊။
အဝေးသင်တက်နေတုန်းမှာပဲ ကျွန်တော့်ရွာက မူလ တန်းကျောင်းလေး ဟာမူလတန်း လွန်ကျောင်း ဖွင့်ခွင့် ရတယ်။ ဒီတော့ရွာလူကြီးတွေက ကျွန်တော့်ကို စာသင်ပေးဖို့လာခေါ်ကြတယ်။ လစာလဲပေးမယ်၊ စပါး လဲပေးမယ်ပေါ့လေ။ ဆရာတော်က ၀မ်းပန်း တသာ ခွင့်ပြုတော်မူတယ်။ ဒေါ်လေးဆိုတာ ဘာပြောကောင်း မတုန်း၊ ဂုဏ်ယူဝင့်ကြွား ၀မ်းပန်းတသာနဲ့ ပေါ့။ ကျွန်တော့် မှာလဲ ဒေါ်လေးရဲ့ကျေးဇူးပြန်ဆပ်ခွင့်ရပြီဆိုပြီး ပီတီတဝေေ၀ နဲ့ပေါ့ဗျာ။ ဒီလိုနဲ့မူလတန်းကျောင်း ဆရာလေးအဖြစ်နဲ့ သားထောက်သမီးခံ မရှိတဲ့ဒေါ်လေး ကို ပြန်လည်စောင့်ရှောက်နိုင်ခဲ့ပါတယ်။
ကျွန်တော်လည်းဘွဲ့ရရော အိမ်ထောင်ကျတော့တာပါပဲ။ ကျမှာပေါ့။ ဒီကိစ္စမှာဒေါ်လေးက ဒါရိုက်တာလုပ်ပြီးမနေ မနားလှုပ်ရှားနေမှကိုး။ ဒေါ်လေးရဲ့သဘောက ကျွန်တော်ဟာဘွဲ့ရပညာတတ်ကြီးဖြစ်လာပြီး၊ တော်တော် တန်တန်မိန်းကလေးနဲ့ အကြောင်းမဖက်စေချင်ဘူး၊ ကျွန်တော့်ရဲ့အိမ်ထောင်ဖက်ဟာသူလိုကိုယ်လို နှုတ်ခမ်း ပဲ့ချင်း မီးမှုတ်ရတဲ့ အတန်းစားမဖြစ်စေရဘူးဆိုတဲ့မူနဲ့ ရွာစဉ်လျှောက်ပြီး ရှာလိုက်တာ နောက်ဆုံးတော့ သူ့ စိတ်ကြိုက်တွေ့သွားတယ်။ ရွာမှာဒိတ်ဒိတ်ကြဲ စာရင်း ၀င် ပေါ့။ ဦးသာစိုးဆိုတာကမျိုးနဲ့ရိုးနဲ့ချမ်းသာတာ၊ မွေးထားတာကလဲ သမီးလေး တယောက်ထဲ။ လယ်တွေချောင်းတွေ ပြန့်ပြန့် ကျဲပြီး အကျယ်ကြီးကို အဖေနဲ့ သမီး၂ယောက်တည်း ဦးစီးနေရ တဲ့ မုဆိုးဖိုသားအဖ ဆိုပါတော့။ ကျွန်တော့် ဘ၀တသက်လုံး ရွှေပေါ်မြတင်ဖြစ်ဖို့ ဒေါ်လေးရဲ့ စီမံ ကိန်းလဲအောင်မြင်ရော ဒေါ်လေးလဲတရားစခန်းလုံးလုံး ၀င်သွားတော့တယ်။
အခုတော့ကျွန်တော်ဟာ မူလတန်းလွန်ကျောင်း ဆရာလေး မဟုတ် တော့ပါဘူး။ ဦးသာစိုးသမက်ဘ၀နဲ့ အလုပ်ကြီးအကိုင်ကြီးတွေကို ဦးဆောင် နေရပါပြီ။ စိုက်ပျိုးရေးမှာလဲ ကျွန်တော်၊ ရောင်းဝယ်ရေးမှာလဲ ကျွန်တော်၊ အရာရာမှာ ကျွန်တော်ကပဲ ဦးဆောင်နေရ ပါပြီ။ ဦးသာစိုးတော့ အိမ်မှာ နေရင်း စီမံခန့်ခွဲယုံပေါ့။ သမီးယောက်ခမ တက်ညီလက်ညီလုပ်နိုင်ခဲ့လို့လဲ စီးပွားရေးကတရှိန်ရှိန်တက်လာတယ် ဦးသာစိုး သမက်လေး ကတော့ သားတယောက်လိုပါပဲ။ သား တကောင်နွားတထောင်နဲ့မလဲနိုင်တဲ့ လူစားမျိုး၊ တယ်လဲ အားကိုးရတကိုး။ ဦးသာစိုးတို့များ အိုကံကောင်းချက်လို့ အများကပြောယူကြရတယ်။
ယောက်ခမဆိုပေမယ့် ဦးသားစိုးက ကျွန်တော့်အပေါ်မှာ အတော် ကောင်းရှာတယ်ဗျ။ ခေါ်တာကိုက သားတဲ့ ပြီးတော့ကျွန်တော်ဘာလုပ်လုပ် အဆိုးမမြင်ပဲ အကောင်းမြင်တာ၊ အခန့်မသင့်လို့လင်မယားစကားများ ရင် တောင်မှားမှားမှန်မှန်သူ့သမီးကိုပဲ အပြစ်တင်တာ၊ သမီးလုပ်သူကသမီး အရင်းကို ချွေးမများမှတ်နေလား လို့ မေးနေရလောက်အောင်ထားရှိတဲ့ မေတ္တာစေတနာတွေဟာ ကျွန်တော့်ရင်ကိုလှုပ်ရှားထိခတ်ပါတယ်။
ကျွန်တော့လုပ်ဆောင်ချက်တွေ ကောင်းလို့လုပ်ငန်းအောင်မြင်လို့ကတော့ ဘာပြောကောင်းမလဲ ခမောက်ဆောင်းပြီး တအိမ်တက် ဆင်းပြောလိုက်မယ့် ကျွန်တော့်ကောင်းကြောင်း. .တော်ကြောင်းတွေ…။ ကျုပ်သားကဘွဲ့ရပညာ တတ် ဆိုတော့ ဗဟုသုတသိပ်ပြီးကြွယ်ဝတာကိုး။ စိုက်ပျိုးရေး ဘက်မှာတော့ ပါရဂူမြောက်ပါရဲ့။ဓါတ်မြေသြဇာကို ဘယ်လိုသုံးရတယ်ဆိုတာ မင်းတို့မသိ ဘူး မဟုတ်လား။ ဓါတ်မြေသြဇာဆိုတာ သူ့အချိန်အခါနဲ့သူ ထိုက်သင့်သလို သုံးရတယ်။ အပင်ပေါက်စအချိန်၊ အပွင့်သိပ်တဲ့အချိန်၊ ပိုးမွှားကျရောက်တဲ့အ ချိန်၊ သူ့အချိန်အခါအလိုက်သုံး တတ်လို့ကတော့ အထွက်ကောင်းရောမောင်။ ဒီနှစ်ငါတို့ ကိုင်းက အထွက်၂ဆမကတိုးတယ်။ အဲတာဘာကြောင့် လဲဆိုရင် ကျုပ်သားအမြော်အမြင်ကြီးမားလို့ပဲ။ မင်းတို့လဲ အထွက်ကောင်းချင်ရင် ဓါတ်မြေသြဇာ ဘယ်လိုသုံးရ မလဲ ဆိုတာ ကျုပ်သားဆီမှာနည်းယူကြ။
ဈေးကွက်အခြေအနေကို ကျုပ်သားမှနားလည်တာသိလား။ နားလည်မှာပေါ့ ကျုပ်သားကပညာတတ်ကိုး။ သမားရိုး ကျဝယ်ရောင်း လုပ်နေလို့ကတော့ မင်းတို့ကြီးပွားမှာ မဟုတ်ဘူး။ ဗဟုသုတလေးဘာလေး ရှာကြအုံး။ မသိလဲ သားကိုမေးပေါ့။ အခုကိစ္စပဲကြည့်လေ…. ပဲဈေးတွေထိုး တက်လာလိုက်တာ၊ မြို့ပွဲစားတွေလဲ အလုအယှက် လာဝယ်နေပြီ။ ဘယ်မတုံး မင်းတို့မှာရောင်းစရာ၊ ပဲတစေ့တောင်မရှိတော့ဘူး။ မင်းတို့တွေ ရောင်းတုန်းက တို့ ထုတ်မရောင်းခဲ့ဘူး။ ကိုယ့်မှာငွေလဲလိုတာမဟုတ်၊ ရွက်ပိုး ထားရတာလဲမဟုတ်၊ ခဏလေးလှောင်ထား ရ တာ ဘာပင်ပန်းတာမှတ်လို့။ အဲဒီတုန်းက ငါတားသေး တာပဲ။ မင်းတို့က အတင်းရောင်းချင်ခဲ့တာကိုး။ အခု ပဲတွေ့အိပ်စ်ပို့ဖြစ်တော့ ဈေးကမြောက်လာပြီ။ ဒါကြောင့် ဘာလုပ်လုပ် ကျုပ်သားကိုတိုင်ပင်ကွ…..
ကွယ်ရာမှာပြောလဲဒီစကား၊ ရှေ့မှာပြောလဲဒီစကားပါပဲ။ ကျုပ်သားက တကယ့်ကိုအတိဇာတသားဗျ ကျုပ်ကိုသိမ် ဒကာဖြစ်အောင် လုပ်ပေးတဲ့ကျေး ဇူးဟာနည်းနည်း မှတ်သလား။ သင်္ကန်းမှာကထိန်၊ ကျောင်းမှာသိမ်တဲ့။ တစ်သက်တခါမှာလှူရဖို့ခဲယဉ်းသားဗျ။ ကျေးဇူးကြီးပါပေ့။
ဦးသာစိုးကဒီလိုမျိုးဗျ။ ကျွန်တော့်ဆရာတော်ကျောင်းမှာ သိမ်မရှိသေး တော့ကိုယ့်အဖေလို ကိုယ့်ဆရာတော် အတွက် သိမ်တခုဆောက်လုပ် လှူဒါန်းပေးဖို့တိုင် ပင်တော့ အဖိုးကြီးက လုံးလုံးမငြင်းတဲ့အပြင် ငွေထုတ်ကို ပုံပေးတာကိုး။ ဘာပြောပြောသူ့ကျေးဇူးကြောင့် ကျွန်တော်တို့ဇနီးမောင်နှံလဲ ငယ်ငယ်ရွယ်ရွယ်နဲ့ သိမ်ဒကာ သိမ်အမ ဖြစ်ခဲ့ရတာပေါ့။ ပြီးတော့ရှိသေး…… သောက်သောက်စားစားလူမင်းသား ကွ။ စိီးပွားရေးလုပ်တာ အသောက် အစားလေးပါမှ အပေါင်းအသင်းဆန့်တာမဟုတ်တာလား။ ကိုယ့်ပိုက်ဆံ နဲ့ သောက်တာ သူတပါးမထိခိုက်ရင်ပြီးတာပဲ… ..
ကျွန်တော့ယောက်ခမက ကျွန်တော့်ကိုသားလို့ခေါ် သဗျ…… ကျွန်တော်ကလဲ ဓါတ်တူနံတူဖြစ်အောင် အဖေ လို့ပြန်ခေါ်ရတယ်။ ခေါ်စက တော့ နှုတ်ဖျားလေးနဲ့တင်ခေါ်တယ်ဆိုတာ ရိုးသားစွာဝန်ခံပါတယ် တဖြေးဖြေးနဲ့ ကိုယ့်အပေါ်မှာသား တယောက်လိုသဘောထားကာ၊ စေတနာ မေတ္တာထား တာသိရတော့ မေတ္တာရောင်ပြန်ဟပ်တယ်ထင်ပါရဲ့။ ကျွန်တော် ခေါ်လိုက်တဲ့အဖေဆိုတဲ့ခေါ်သံဟာ နှုတ်ဖျားက ထွက်လာတဲ့အသံမဟုတ် တော့ပဲ ကျွန်တော့်နှလုံး သားက လိုက်လိုက်လှဲလှဲပေါ်ထွက်လာတဲ့အသံ ဆိုတာ ကျွန်တော့ဖာသာသိလိုက်ရတယ်။ ဘာကြောင့်တုံး ဆိုတော့ ဦးသာစိုး ဆိုတာကျွန်တော့်အဖေမဟုတ်ပေမယ့် တကယ့်အဖေလို ဖြစ်နေမှကိုး ။
ကဲ…. ဆရာမရေ….။ ကျွန်တော်ပြောချင်တာတွေ လဲပြီးသွားပြီ။ ဆရာမ ကတော့ပြောလိမ့်မယ်။ အဖေအကြောင်းပြောစမ်းပါဆိုတာကို ဘယ်နဲ့အဖေ မဟုတ်တဲ့အကြောင်းတွေ ပြောနေရသလဲလို့။ ကျွန်တော်ပြောလိုရင်းက ဒီလိုပါ။ အဖေမဟုတ်တဲ့ သူတွေတောင် အဖေ၀တ်ကျေပွန်လို့ အဖေရဲ့ ဂုဏ် မြောက်နေမှတော့ တကယ့်အဖေစစ်စစ်တွေဆိုရင် ဘာပြောကောင်းမလဲလို့ ဆိုချင်တာပါ။ တကယ်တော့ အဖေဆိုတာ အဖေဖြစ်ပြီဆိုယုံနဲ့တင် အဖေဂုဏ် ဟာ ပါပြီးတာပါ။ အနှိုင်းမဲ့တဲ့အဖေ့ဂုဏ်ကို ဖွင့်ဖော်နိုင်တဲ့ မီဒီယာ မရှိနိုင်ဘူးလို့ ကျွန်တော်တော့တို့ယုံတယ်ဗျာ။
ပြောလို့တော့ကောင်းပါရဲ့၊ ဟိုဘက်ရွာကြွေးတောင်းသွား ရမှာ မို့လို့ ခွင့်ပြုအုံးနော်။ ဘာလဲ….နေပူတယ်လို့ပြော မလို့လား။ ပူလဲမတတ်နိုင်ဘူးဗျာ။ ဆိုင်ကယ်နဲ့ သွားရင်ခဏလေးပါ။ ဒီဆိုင်ကယ်ကအဖေက၀ယ်ပေးထားတာ လေ။ ဂျပန်ဆိုင်ကယ်ဗျ။ without မဟုတ်ဖူးနော်။…………….။
ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)
၁၅.၆.၂၀၁၄ရက်နေ့တွင်ကျရောက်မည့် အဖေများနေ့ကို ဂုဏ်ပြုကြိုဆိုပါသည်။ ကမ္ဘာပေါ်မှာရှိသော အဖေများအား လုံးကျန်းမာချမ်းသာကြပါစေ...။
No comments:
Post a Comment