Friday, June 20, 2014

သန္တိဝေဒနာ






ရေကတကယ်ကိုရှားသည်။ ရေရှားသည့်အရပ်ဖြစ်သည့်အထဲတွင် သူတကာအိမ်ဝိုင်းထက်ပိုပြီး မြင့်သော  တောင်ကုန်းခေါင်ခေါင်ရှိ အိမ်ဝိုင်းဖြစ်သည့်အတွက် ရေအခက်အခဲရှိလှသည်။ နွေမိုးဆောင်းမဟူ ရေ တစ်ထမ်း နှစ်ဆယ်အစိတ်ပေးရတတ်သည်။  ဈေးကြီး သည် ဈေးများသည်ဟု စိတ်သဘောမှာ မနောကွက်စရာ မရှိသော်လည်း ရေထမ်းသမားလာဖို့အရေးမျက်နှာ ချိုတော့သွေး ရသည်။ ကျသင့်သည့်ရေထမ်း ခအပြင် အပိုဆောင်း ငွေပေး ၍ တစ်မျိုး မုန့်ပဲသရေစာကျွေး ၍တစ်သွယ်ထမင်းဟင်းပေး၍တစ်ဖုံပီယ၀ါစာချိုသာသော စကားဖြင့် မောင်မောင်ဘဘလုပ်၍တစ်နည်း စည်းရုံးရေး လက်နက်မျိုးစုံသုံးပါမှ ရေထမ်းကရတတ်သည်။ဒါတောင် ဆယ် ကွေ့တစ်ကွေ့ကိုးကွေ့တစ်ခါမျှသာ။သည်မျှခက် ရ သည့်ကြား မှ ၀ါသနာ ကတား မရ။ ပန်းအလှစိုက် ပျိုးခြင်း သည် ဒေါ်ကေသီ၏၀မ်းတွင်းဝါသနာ။ ငယ်စဉ်တောင်ကျေး ကလေး ဘ၀က တည်းကစိုက်ချင် ပျိုးချင်စိတ်ကရှိသည်။ ပန်းဆိုလျှင် နှစ်သက်သည်။ ပန် လိုက် မည်။ဘုရားတင်လိုက်မည်ဆိုသည့် သဘာဝက မိန်းကလေးတိုင်းတွင် ရှိတတ်ကြသည်ဆိုသော် လည်း ဒေါ်ကေသီကမူ ကိုယ်တိုင်စိုက်သည့်ပန်း ကိုယ် တိုင်ပန်၍ ကိုယ်ပျိုးသည့်ပန်းကိုမှ ဘုရားအိုးထိုး ချင်သူ သာဖြစ် သည်။ထိုဓလေ့အထုံသည်ရေပေါသောနေရာ အတွက်မထောင်းသာလှ။ဒေါ်ကေသီ ၏မွေးရာချက်မြှုပ် မှာ ဧရာဝတီမြစ်နံဘေးတွင်ဖြစ်သည်။ ဘိုးဘွား စဉ်ဆက် ပိုင်ဆိုင် ခဲ့သည့် ခြံဝန်း ကျယ်ကြီး သည် အသီးအပင် တို့ဖြင့်ဝေ ဆာနေသည်။ တစ်နှစ်တစ်ခါမြတ်ရေ၀င်တတ် ၍ နှုန်းတင်မြေနု တို့ဖြင့် မြေဆီမြေသြဇာကြွယ်ဝလှ သည်။ ရေနားနီးသဖြင့် သစ်ပင်ပန်း မာလ်ဖြစ်ထွန်းလွယ် သည်။ အစေ့ချရုံနှင့် အပင်ပေါက်ကာ ကိုင်းချိုးထိုးရုံနှင့် ရှင်သန်လွယ်သော မြေနေရာလည်းဖြစ်သည်။ ခြံထွက်သီး ပင်စားပင်တို့ ရောင်းရ ငွေနှင့်ပင်တစ်နှစ်တစ်ကြိမ်ကထိန် ခင်းနိုင်သည်။လာသမျှသဟာယကို စားကောင်းဖွယ်မွန် တို့ဖြင့် အလျှံပယ် ကျွေးနိုင်သည်။ ငါ့မြေးကလက်ဆိပ်ပါ တယ်၊သူစိုက်လို့ကတော့ မရှင်တဲ့အပင်မရှိဘူးဟဲ့။ ဟု ဒေါ်ကေသီ၏အဖွားကပြောဖူးသည်။  ဒေါ်ကေသီစိုက် သမျှအပင် ရှင်သည်ချည်းတည်း။တစ်သက်လုံး ရေနား နီးနီးသစ်ပင်ကြီးငယ်တစ်ဝေေ၀နှင့်နေလာခဲ့သော   ဒေါ်ကေသီ အတွက် ယခုနေရာသည် ပစ္စန္တရာဇ် အလားယိုးမှားစရာပင်။ မြေကကျောက်စရစ်ကုန်းခေါင်ခေါင် ၊မြက်တောင်အနိုင်နိုင်ပေါက်ရသည့် နေရာဖြစ်၍ အစ ကတော့မူ ဒေါ်ကေသီအတွက် နေသားမကျလှ။ ရောက်တဲ့ အရပ်မှာပျော်သလိုနေနိုင်အောင် ယောနိသောမနသီကာ ရဖြင့် နေလာသဖြင့် နေသားကျလာသည်။သို့သော်…ရှိရင်း စွဲဝါသနာကို မစွန့်နိုင်သဖြင့် စိုက်တော့ စိုက်ဖြစ်သေး သည်။ အပျိုဘ၀ကမိဘအိမ်မှာလိုတော့မဟုတ်။ အိုးကြီး အိုးငယ်နှင့်ရွက်လှလောက်ဂမုန်းလောက် နှင်းဆီလောက် သာစိုက်ဖြစ်သည်။ စိတ်ရှိသလောက်စိုက်နိုင်သည်ကာ မဟုတ်။ စိတ်အဆာပြေရုံသာ။တန်ဖိုးကြီးဓာတ်မြေသြဇာ၊ ရွက်ဖျန်းဆေး၊ပိုးသတ်ဆေများသုံးစွဲ၍ ရှားပါးလှ သည့်ရေ ကို ဖောဖောသီသီလောင်း သည့်ကြားမှပင် ဒေါ်ကေသီ ၏ ပန်းပင်တို့ရှင်သန်မှုကား အားရစရာမရှိ။ ပွင့်ရန်မူ ဝေ လာဝေးခဲ့သည်။ သို့သော် စိတ်ဓာတ်မကျဘဲ ပြုစုပေါင်း သင်ရေရွှင်ရွှင်လောင်း၍ မြေ တောင်မြှောက်ပေးခဲ့ သော ဂမုန်းပင်လေးကအရိပ်အရောင်ပြလာသည်။
…ဟောတော့..ပွင့်နေပြီတော့…
ယနေ့နံနက်အိပ်ယာအထတွင် ပွင့်ငုံခြောက်ငုံရှိသည့် အနက်မှ တစ်ငုံသော ပန်းဖူးလေးသည် လွှလွှ ဆွတ်ဖြူနေ သောဂမုန်းပန်းလေးပွင့်လာသည်။ ဒေါ်ကေသီ ၏ကြည်နူးဝမ်းမြောက်မှုကား အနှိုင်းမဲ့။ အစအဦး ပွင့် လာသော ပန်းကလေးကို တယုတယကိုင်ကာ ဆွတ်မည် ဟု ဒေါ်ကေသီဟန်ပြင်မိသေး၏။ နောက်သော်အသာ လွှတ်လိုက်ကာ မခူးသေးဟုဆုံးဖြတ်လိုက်၏။ပန်းတစ်ပွင့် ကိုဈေးတွင် အလွယ်တကူသွားဝယ်လျှင် ကိုယ်ကြိုက် ရာ အရောင်အသွေး၊အမျိုးအစားကိုကြိုက်ဈေးပေးကာဝယ်နိုင်ပေ သည်။ထိုပန်းကလေးပွင့်နိုင်ရေးအတွက်  ဈေးတွင်ဝယ်လျှင်ဆယ်ပွင့်မကရနိုင်သည့် ငွေကြေးများကုန်ကျခဲ့သည်ကို ဒေါ်ကေသီမတွက်အား။အချိန်အား ကာယအားတို့အဆစ်စိုက်ထုတ်ခဲ့ရသည်ကိုလည်း ဒေါ်ကေသီ မတွေးမိ။ပန်းတစ်ပွင့်အတွက် နှလုံးစည်းချက်မမှန်ခဲ့သည် ကိုလည်း ဝေဒနာဟု ထင်မှတ် ရမှန်း မသိ။ ပန်းပွင့်လာ သဖြင့် ချမ်းသာကြည်နူးရသော သန္တသုခမှတစ်ပါးအခြား မရှိ။
တကယ်တမ်းမှာမူ ဒေါ်ကေသီသည် သဘာဝပန်းကို သာမက လူသားပန်း ကလေးများကို ပျိုးနေသော ပန်းပျိုး လက်ပိုင်ရှင် အထက်တန်းပြ ဆရာမ တစ်ဦးသာ…။
…………..
မျှော်လင့်မထားသောဧည့်သည်ကအိမ်ရောက်လာသည်။
…ဟောတော့…သားကြီးပါလား။ဘယ်တုန်းကရောက်သလဲ…
အကဲပိုရန်ကောဟု အပြစ်တင်လိုသူ တင်ပါစေ။ တစ်ဦး တည်းသောသားဖြစ်၍သမီးများထက်  ဒေါ်ကေသီ ကအချစ်ပိုသည်။ တစ်ပတ်တစ်ခါ ဖုန်းဆက်စကားပြော ရသည်ကိုပင် အားမရ၍ စာမပြတ်ရေးကာ ဆက်သွယ် တတ်သည်။ မိခင်တစ်ဦး၏ရင်တွင်းထွက်စာ မျက်နှာများ သည် ကောင်းကင် ပမာရှိသည်ဆိုပါမူ သားဆီက လာသောစာသည်တစ်ထွာတစ်ညိုပမာဆိုသော်  ငွေကြယ် တစ်ပွင့်မျှသာတည်း။ သို့သော်..ရင်မှဖွားသောသားသည် အစားထိုးရာမဲ့သောရတနာဟု ဒေါ်ကေသီခံယူထားသည်။
သား၏မျက်နှာကို အကဲခတ်မိကတည်းက ထူးခြားသော အကြောင်းကိစ္စ မရှိဘဲနှင့်မလာတန်ရာဟု ဦးကျော်ခေါင် ထင်ထားသည်။ထင်သည့် အတိုင်းညစာစားအပြီး မိသားစုစကားဝိုင်းတွင် သားက စကားစပြောသည်။
…ဖေဖေနဲ့မေမေ…သားလက်ထပ်တော့မယ်…
ဦးကျော်ခေါင်က ဒေါ်ကေသီကို လှည့်ကြည့်လိုက်သည်။ သူ့အကြည့်မှာ မင်းတို့နှစ်ယောက်တစ်ကျိပ်တည်း တစ်ဥာဏ်တည်းမဟုတ်လားဟူသော သဘော။ ဒါကိုဒေါ်ကေသီရိပ်မိသည်။သူ့ခမျာပြောအံ့မထင်သော သား၏စ ကားကိုကြားလိုက်ရသဖြင့် အံ့အားသင့်ရင်း လှိုက်မောနေ သည့်ကြား မှပင် ခေါင်းကိုအသာယမ်းပြ လိုက်ရသည်။
…ဆိုင်းမဆင့်ဗုံမဆင့်ပါလားသားရယ်…
..ဟုတ်တယ် မေမေ ..သူတို့ဘက်ကအမြန်စီစဉ်ချင်နေတယ် ဆိုလို့သား လာပြော တာ…
သား၏စကားကို ဦးကျော်ခေါင်သတိထားလိုက်မိသည်။ ဌာနလုပ်ငန်းနှင့် ဆက်နွယ်၍ အလွှာပေါင်းစုံမှလူပေါင်း စုံနှင့် ထိတွေ့ဆက်ဆံနေရသော ဦးကျော်ခေါင်အဖို့ ပါးစပ်ဟရုံနှင့် မည်သို့သဘောရှိသည်ကို သိပြီးသား။ အထူးသဖြင့် မပြည့်စုံသည့်ကိုအကြောင်းအမျိုးမျိုးပြ ကာ တောင်းဆိုမှုနှင့်အပူကပ်မှုများသာအစဉ်လိုလို တွေ့ကြုံဖြေရှင်း နေရသော မြို့နယ်ပညာရေး မှူး အဖြစ် တစ်ဘက်မှပြောဆိုတင်ပြမှု ကို စိတ်ရှည်ရှည်ထား၍ နားထောင်တတ်သောအလေ့က ရှိနေသည်။ နားထောင်ရင်း မည်သို့ဆုံးဖြတ်ရမည်။ မည်သို့ ဖြေရှင်းရမည်။မည်သို့နှစ်သိမ့်ရမည်ကို တွေးပြီး သား။ ယခုလည်း သားဖြစ်သူ၏စကားကိုနားထောင်ရုံမှ တပါး တစ်ခွန်းတပါဒမှ ၀င်မပြော။ သားစကားအရ သားသည်သူ၏လက်ထပ်ရေးကိစ္စကို မိဘများထံမှ အကြံ ဥာဏ် တောင်းခံနေသည်မဟုတ်။သဘောထားကိုလို ချင်နေသည်မဟုတ်။ မိမိဖြစ်ချင်သည်ကိုသာရှေ့တန်းတင်နေသည်သာဖြစ်ကြောင်း ဦးကျော်ခေါင်တွေး မိသည်။ ဘ၀မှာ အရေးကြီး သည့် ကိစ္စတစ်ရပ်ကိုမိဘနှင့်မတိုင်ပင်နိုင်လောက်အောင်အဖြစ် သည်းနေပါပြီကောဟုလည်း တွေးမိသည်။ ဇနီးသည်ကို လှမ်းကြည့်မိရာ မျက်ရည်များဝေ့၀ဲလာ သည်ကို တွေ့ရ သဖြင့် ကမန်းကတမ်းအကြည့်လွှဲ လိုက်ရသေးသည်။
…တကယ်ဆိုမေမေတို့ကိုကြိုအသိပေးဖို့ကောင်းတာပေါ့ သားရယ်…
…သားလဲ အသိပေးမလို့ ပါ မေမေ။ ဒါပေမယ့်… ဒီလောက်ကြီးမြန်လိမ့်မယ် လို့လည်း မထင်မိတာရယ်။ သားရဲ့ရွေးချယ်မှုဟာလဲ မမှားတန်ကောင်း ဘူးဆိုတာ ယုံလို့ရယ် အသိ မပေးဖြစ် တာ ပါမေမေ။သူကရန်ကုန် က ပါ။ သားတို့ကျောင်းက လက်ထောက် ကထိကပါ။ မိဘတွေက စီးပွားရေး လုပ်ငန်း ရှင်ကြီးတွေပါ။ တစ်ဦး တည်းသောသမီးလို့ပြောရတော့မယ်။အစ်ကိုနှစ်ယောက် ရှိ တာ နှစ်ယောက်စလုံးက ပြည်ပရောက်ကုန်ကြပြီ။ အဲဒီနိုင်ငံ မှာဘဲအခြေချတော့မယ့်သူတွေပါ…
…ဗုဒ္ဓဘာသာတွေတော့ဟုတ်ပါတယ်နော်…
စေ့စေ့စပ်စပ်မေးနေသောဇနီးသည်၏မေးခွန်း များ ကို ဦးကျော်ခေါင်စိတ်မ၀င် စားနိုင်တော့ပါ။တင်ပြမှုပြီး လျှင် တောင်းဆိုမှုများ ရောက်လာတော့မည်ကို အလိုလို သိနေသဖြင့် မည်ကဲ့သို့ရင်ဆိုင်တုန့်ပြန်ရမည်ကို သာ တွေးနေမိတော့သည်။ ထင်သည့်အတိုင်းပင် သား ကေ တာင်းဆိုမှု၏နိဒါန်းပဏာမ ကိုစလာသည်။
…သူတို့ဘက်က မတ်တူးတစ်စင်း၊ယုဇနဥယျာဉ်မြို့တော် မှာ တိုက်တစ်လုံး လက်ဖွဲ့မယ်ပြောတယ်။လက်ရှိ ၀တ် နေတဲ့လက်ဝတ်လက်စားတွေအပါအ၀င်ပေါ့။ဘဏ်မှာ လည်း ငွေစာရင်းတစ်ခုဖွင့်ထားမယ်တဲ့။သားတို့ဘက်က ရောဘာလက်ဖွဲ့မှာလဲဟင်…
…ဘုရားရေ…ဘုရားတရင်းဒေါ်ကေသီ၏နှုတ်ဆွံ့အ သွား သည်။ ကြိုတင်မျှော်လင့် ထားသော ဦးကျော်ခေါင်က မူ ဆေးဆေး သက်သာစွာတစ်လုံးချင်းပြောလိုက်မိသည်။
…ဒီမယ်သား..ဖေဖေနဲ့မေမေတို့လက်ထပ်တုန်း ကတော့ ဖေဖေ့ဘက်ကလည်းဘာမှလက်မဖွဲ့လိုက်ဘူး။   မေမေ့ဘက်ကလည်းအလားတူပဲ။တို့လင် မယားနှစ်ယောက်မှာရှိတာက ဆယ်တန်းအောင် လက်မှတ်လေး တစ်စောင်စီ၊ ဆရာဖြစ်လက်မှတ်လေး ကိုယ်စီနဲ့ပဲဘ၀ကိုစခဲ့ကြရတာသား။သားမှာက ဖေဖေတို့ထက်ပို ပါတယ်ကွာ။ သားမှာ ဆရာဝန်ဘွဲ့ဆိုတဲ့ အတတ်ပညာ၊ ကထိကဗိုလ်ကြီးဆိုတဲ့ရာထူး ဒါတွေရှိနေပြီလေ။ ဒါတွေကဖေဖေနဲ့မေမေတို့ရဲ့လက်ဖွဲ့ပဲပေါ့…
…ဟာ..မဟုတ်သေးပါဘူးဖေဖေ ရာ။ သူတို့ဘက်က ဒီလောက်ထိအောင်လက်ဖွဲ့နေမှတော့ သားတို့ဘက် ကလဲ နည်းနည်းပါးပါးတော့စာရင်းပေါက်သင့်တာပေါ့…
…စာရင်းပေါက်သင့်တယ်..ဟုတ်လား..သား..ဒီမှာသား မင်း ဖေဖေကပြော သ လို ဆရာဝန်ဘွဲ့နဲ့ဗိုလ်ကြီးရာထူး သာ မေမေတို့ကလက်ဖွဲ့လိုက်တယ်မထင်နဲ့ မေမေ့နှလုံးသားရော ဖေဖေ့နှလုံးသားပါဆွဲထုတ်ပြီး လက်ဖွဲ့လိုက်တယ်မှတ်ပါသား။ဘာကြောင့်ဆိုသားအပေါ်  အင်မတန်အထင်ကြီး အားကိုးနေတဲ့ မေမေတို့သားကို သူများ ပေးလိုက်ရကတည်းကနှလုံးသားကတစ်ပါတည်းပါ သွားပြီသားရဲ့…ဒေါ်ကေသီ၏စကား က ရှိုက်သံနှောလာ သည်။ ဦးကျော်ခေါင်မနေ သာတော့။ တပ်ဆင့်လှမ်းလာ မည့်သား၏ခြေလှမ်းကိုမျှော် လင့် ရင်း လက်ဖွဲ့ကဏ္ဍကို ဇွတ်ဝင်ဖြတ်လိုက်သည်။
…သား..ဖေဖေတို့အကြောင်း သားသိပါတယ်နော်။ ဒီအချိန် ဒီကာလလို့သတ်မှတ်လာတာက သား။ လိုချင်လို့တောင်းဆိုလာတာကလဲသား။ဒီကိစ္စနှစ်ရပ်လုံးမှာ ဖေဖေတို့အစီအမံမပါဘူးလေ။ သားက သားဖြစ်ချင် တာချည်း ဇွတ်ပြောနေတာ ကိုး။ဖေဖေ တို့ဘက်ကိုလည်း ပြန်ကြည့်ဦးလေ ။ပေးနိုင် မပေးနိုင်ဆိုတာလဲ သားချင့်ချိန်နိုင်ပါတယ်ကွာ။ တကယ် လို့ ပေးနိုင် တယ်ပဲထားဦး။ ဖေဖေတို့ မှာက သားအစ်မနဲ့ သားညီမလေး အတွက်ကရှိသေးတယ်မဟုတ်လား…
…ဟုတ်တယ်လေ..သားမမကMasterတက်လို့မပြီးသေး ဘူး။ သားညီမလေးက G.T.Cမှာ တစ်နှစ်ကျန်သေး တယ်။ဒီနှစ်ယောက်ရဲ့ပညာသင်စရိတ်ကဘယ်လောက်ကြီး တယ်ဆိုတာ သားသိပါတယ်လေ။သားတောင်မှ သား ညီမလေးအတွက်ထောက်ပံ့နေသေးတာမဟုတ်လား…
ဟန်မဆောင်တတ်သော သား၏ကွပ်ကနဲပျက်သွားသော မျက်နှာကိုဦးကျော်ခေါင်ပြက်ပြက်ထင်ထင်မြင်လိုက်ရသည်။ တစ်ခုမရရင် တစ်ဆင့် တက်တတ်သောသား၏စကားကို သာ စောင့်နေမိသည်။
…ထားပါတော့မေမေရာမင်္ဂလာဧည့်ခံပွဲကဟိုတယ်မှာလုပ် မှာ တဲ့။အဲဒါက အကျဉ်းချုံ့လုပ်တာတောင် မနည်းကုန် မှာတဲ့။ အဲဒါ..သားတို့ဘက်က ဘယ်လောက်ထည့်နိုင် မလဲ ဟင်…
…တစ်ပြားမှမထည့်နိုင်ဘူးကွာ…ဦးကျော်ခေါင် ၏ တုန့်ပြန်သံက တင်းမာလှသည်။ဒေါ်ကေသီမှာခင်ပွန်း သည်၏ေ ဒါသနှင့်သားဖြစ်သူ လောဘ တို့ လွန်ဆွဲမှုတွင် ပွဲကြည့်ပရိသတ် လုပ်နေသည်။ ဖခင်၏ဗူးဆို ဖရုံမသီး တတ်သည့်စိတ်ကို သိသောသား က လေအေးနှင့်ချော့ လာသည်။
…သားဆိုလိုတာက တစ်မျိုးပါဖေဖေ။သူတို့အသိုင်းအ၀ိုင်းမှာကမင်္ဂလာဆောင် ဧည့်ခံပွဲမှာ ယောက်ျားလေးဘက်ကဘယ်လောက်အကုန်ခံ တယ်လို့ပြောနိုင်မှမိန်းကလေးရှင်မှာမျက်နှာပွင့်တာဖေဖေ ရဲ့။သားတို့လူငယ်ချင်းတစ် ယောက်အကြောင်းတစ်ယောက် သိပြီး နားလည်ပြီးသားပါ။ ခု.. သားတို့ဘက်ကတစ်ပြားမှ မထည့်နိုင်ဘူးဆိုလည်းဖြစ်ပါတယ်။ဒါပေမယ့် ဘေးကကြားကောင်းအောင်တော့ ဘယ်၍ဘယ်၍ဆိုတာသတင်းလွှင့်ရလိမ့်မယ်ဖေဖေ…
…ပကာသနအတွက်သတင်းလွှင့်ရုံသက်သက်ဆိုလို့ ကတော့ကွာသိန်းတစ်ရာသိန်းတစ်ထောင်အာပေါင်အာရင်း အပြည့်သာလွှင့်လိုက်ပေါ့သားရာ…ယခုမှပင် ဒေါ်ကေသီ ဟင်းချင်နိုင်တော့ သည်။ သို့သော်ချဖြစ်သော ဟင်းမှ မဆုံးခင် တစ်ဝက်တစ်ပျက်ချအပြီး တွင်သားဖြစ်သူ ၏တောင်းဆိုမှုကြောင့်ရွှေရင်ဆို့ရပြန်သေးသည်။
…သြော်..ဒါထက် မေမေ မင်္ဂလာဧည့်ခံပွဲကျရင် ညွတ်နေအောင်ဝတ်ခဲ့ရမယ်နော်။ အ၀တ်အစားက လည်းကောင်း မှ လက်ဝတ် ရတနာတွေကလည်း အပြည့်ပါမှဗျ။ မေမေ့မှာမရှိတာကိုသားသိပါတယ်။  မေမေ့ တပည့်တွေထဲမှာ သူဌေးတွေပြည့် လို့ဘဲဟာ သူတို့ဆီက ငှားဝတ်ခဲ့ပေါ့နော်..မေမေ…
…မဖြစ်နိုင်ပါဘူးသားရယ် မေမေဘယ်တုန်းက သူများ ပစ္စည်းနဲ့ ဟန်ဒြပ်လုပ်ဖူးလို့တုန်းသားရဲ့။ ဒီမှာသား တို့ မေမေဟာ ပစ္စည်းဥစ္စာ ဓနကြွယ်ဝသူတွေ မဟုတ်ပါဘူးကွယ်။ မေမေတို့မှာ ကြွယ်ဝချမ်းသာ တာက မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ဥပေက္ခာ ဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါးပဲရှိ တယ်။သားကိုမေမေ တို့ချစ်တယ်။သားနဲ့ ဆက်နွယ်လာမယ့် မိန်းကလေးကို လဲသမီးလေး လိုချစ် မယ်။ဒီချစ်ခြင်းမေတ္တာတွေရင် မှာအပြည့်ဆင်ပြီးလာရင်မလုံလောက်သေးဘူးလားကွယ်…
ဒေါ်ကေသီ၏စကားကြောင့်သားဖြစ်သူငိုင်ကျသွားသည်။ သို့သော်…တောင်းဆိုချက်တစ်ခုကိုမူတောင်းဖြစ်အောင်တောင်း လိုက်သေးသည်။
…မေမေ မနက်ဖြန်ကျရင်သားချစ်သူ အိမ်လည်လာမှာနော်။ သူကသားနဲ့ တပါတည်း လိုက်လာတာ။ ခု..သူ့အမျိုး တွေဆီမှာတည်းတယ်။ နက်ဖြန်ကျရင် သားတို့ဆီ လာလည်မှာတဲ့။ သားချစ်သူ ဟတ်ထိသွားအောင် မေမေ့လက် ရာဂွတ်ရှယ်နဲ့ ဧည့်ခံပေးပါဦးနော်…
……………..
သားပူဆာသဖြင့် ဈေးသို့အစောကြီးသွားရသည်။ သားကြိုက်တတ်သည့်အစားအသောက်နှင့် ရန်ကုန်သူ များမက်လောက် သည့် အညာထွက်ဟင်းလျာများ ၀ယ်ခြမ်းပြီး အိမ်သို့သုတ်ခြေတင်ခဲ့သည်။ အိမ်အ၀င်တွင်…
မနေ့ကကိုင်ရုံသာကိုင်ကြည့်မိပြီး မခူးရက်၍ ယနေ့မှခူး ဆွတ်ကာ ဘုရားတင်ရန်ရည်ရွယ်ခဲ့သည့် ဂမုန်းပွင့်ဦး ကို သားကိုယ်တိုင်ခူးဆွတ်ကာ သူ၏ချစ်သူအားပန် ဆင်ပေးနေ သည်ကို မြင်တွေ့လိုက်ရာ… ပန်းပျိုးလက် ပိုင်ရှင် ဒေါ်ကေသီအဖို့ သန္တဝေဒနာတို့ဖြင့် တစ်ကိုယ်လုံး ဖုံးလွှမ်းဆို့နစ်သွားလေေ တာ့သည်။

                                             ခင်လယ်လယ်ချစ်

No comments:

Post a Comment