Friday, December 26, 2014

သမိုင်းဝင်အောင် သမိုင်းတင်ခဲ့သူများ


စာရေးသူ၏စာမူပါသော ရေနံချောင်းမြို့၊အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့်မဂဇင်း တစ်အုပ်ကို ရာပြည့်မဂဇင်းကော်မတီ၏ ဂုဏ်ပြုလက်ဆောင်အဖြစ်ရရှိခဲ့သည်။ မဂဇင်းတွင် ကျောင်းသမိုင်း နှင့်ဖြစ်စဉ်၊ အမှတ်တရစာစုများ၊ ၀တ္ထုတို၊ဆောင်းပါး၊ပန်းချီ၊ ကာတွန်း၊ဓာတ်ပုံစသည်တို့ဝေေ၀ ဆာဆာပါ ရှိသဖြင့် ဖတ်ရသည်မှာကျောင်းနေစဉ် ငယ်ဘ၀ကိုပြန်လည်ရောက်ရှိသွား သယောင်ယောင်ခံစားရမိပါ သည်။စာမူပေါင်းများစွာအနက်မှ ဗိုလ်ချုပ်အောင်ဆန်း၏လက်ရေးစာမူနှင့်ပတ်သက်သော အကြောင်းအရာ အချို့ကို မျှဝေသွားပါမည်။

တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်း၏ ပါဠိဘာသာမှတ်စု

စာရေးသူတို့ကျောင်းသူဘ၀က ကျောင်းစာကြည့်တိုက်တွင်းသို့ဝင်လျှင်ဝင်ခြင်း လေးချောင်း ထောက်ခုံမြင့် ပေါ်ရှိမှန်သေတ္တာအတွင်းတွင်ဖွင့်လျှက်သားပြသထားသော မှတ်စုစာအုပ်ကလေးတစ်အုပ်ကို မြင်တွေ့နေ ကျဖြစ်သည်။ဗိုလ်ချုပ်အောင်ဆန်း၏မှတ်စုစာအုပ်ကလေးတစ်အုပ်ကို မြင်တွေ့နေကျဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း၏လက်ရေးမူရင်ဟု ကမည်းတပ်ထားသဖြင့်မကြာခဏကြည့်ဖြစ်ပါသည်။သို့သော် ပါဠိဘာသာ ကိုအင်္ဂလိပ်လိုရေးသားထားသဖြင့် ရေးသားထားသောမှတ်စုစာအုပ်ဟုသာသဘောထားခဲ့ပါသည်။ သို့သော် မဂဇင်းပါဆရာတော်ဦးရေ၀တ(ဓမ္မ၀ါစကပဏ္ဍိတ)၏ဗိုလ်ချုပ်၏ပါဠိမှတ်စုကို ဖတ်ရှုလေ့လာခြင်း ဆောင်းပါး ကို ဖတ်ရှုရမှ တန်ဖိုးကြီးမားလှသည်ကို သိရှိလိုက်ရသည်။

ထိုမှတ်စုစာအုပ်မှာ ဗိုလ်ချုပ်အောင်ဆန်း တက္ကသိုလ်ကျောင်းသားဘ၀ ၁၉၃၃ခုနှစ်က ပါဠိဘာသာကို အင်္ဂလိပ်လိုရေးမှတ်ထားသောမှတ်စုဖြစ်ပါသည်။ စာအုပ်အမည်ကိုလည်း Note of Paliဟု ရေးထားပြီး စာမျက် နှာ (၁)မှ (၆၁)အထိပါရှိပါသည်။ မှတ်သားထားသောအကြောင်းအရာများမှာ-

၁။ပဉ္စနန္တိယကံငါးပါး၊ 
၂။ အရိယာပုဂိုလ်များ၊ 
၃။ ဘုရားအလောင်း၏မယ်တော်တို့၏ဓမ္မတာ
၎။ ဓမ္မစက္ကပ၀တ္တနသုတ်၊
၅။ ပါဠိဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားချက်များ
၆။ ပါဠိဘာသာနှင့်စပ်လျဉ်းသော ဗိုလ်ချုပ်၏ရင်တွင်းမှတ်ချက်များ စသည်တို့ဖြစ်ကြသည်။
ဆောင်းပါးရှင်ဆရာတော်ကမူ ဗုဒ၀င်ဖွားတော်မူခန်းမှစကာ ဓမ္မပဒ၀တ္ထုအလယ် ဓမ္မစကြာအဖွင့်ခန်းနှင့် နိဗာန်အဆုံးမှတ်သားထားသဖြင့် ယနေ့စသင်တိုက်များတွင် သင်ကြားပို့ချနေသောအခြေပြုမူလတန်း မှသည် ဓမ္မာစရိယနှင့်ပရိယတ္တိ တက္ကသိုလ်အဆင့်သင်ရိုးများပါဝင်နေကြသည် ဟုဖော်ညွှန်းပါသည်။ ယင်း အပြင်“ ထိုပါဠိ ဘာသာမှတ်စုကိုကြည့်ရှုလေ့လာခြင်းဖြင့် ဗိုလ်ချုပ်၏ ဗုဒဘာသာအပေါ်ယုံကြည်သက်ဝင်မှု၊ ပါဠိသဒ္ဒါဥာဏ်နှင့်ပါဠိစာပေနှံ့စပ်ပုံ၊ဗုဒဘာသာတရားတော်များမှ နိုင်ငံရေး၊လူမှုရေး၊စီးပွားရေးစသော အသိ ပညာဗဟုသုတရအောင်သင်ယူအားထုတ်ခဲ့ပုံတို့ကိုလေ့လာသုံးသပ်နိုင်သောကြောင့်အဖိုးမဖြတ်နိုင်သော မှတ်စု ”ဟု မှတ်ချက်ပြု ပါသည်။

စာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်းက The teachings of the Buddha are indeed wounderful. ဟု မှတ်သားထားသဖြင့် ဆောင်းပါးရှင်ဆရာတော်၏သုံးသပ်ချက်မှာ-

ပါဠိဘာသာတတ်ကျွမ်းနားလည်သူသည် ပါဠိ(ဘာသာ)စာပေမှရရှိသော အသိဥာဏ်ကို မှန်ကန်စွာ အသုံး မချတတ်သော လူယုတ်မျာသာဖြစ်ခဲ့ပါမူ မိမိကိုယ်ကိုသာမက တိုင်းပြည်နှင့်လူမျိုးကိုပါ ဒုက္ခရောက် အောင်ချောက်တွန်းနိုင်သကဲ့သို့ သူတော်ကောင်းစိတ်ဓာတ်ရှိသော ဗိုလ်ချုပ်ကဲ့သို့သော အာဇာနည် ပုဂိုလ် မျိုးသာဖြစ်ခဲ့ပါမူ အမှန်တကယ်လွတ်လပ်ရေးရအောင်ဆောင်ရွက်နိုင်ကြောင်းဖြစ်ပေရာမှတ်သားစရာ ဥာဏ် အလင်းဖြာခဲ့ရပေသည်။

ဖော်ပြပါ မှတ်စုစာအုပ်နှင့်ပတ်သက်သည့်ဆောင်းပါးတစ်ပုဒ်ကိုလည်း ဖတ်ရှုရပြန်ပါသေးသည်။ ထိုဆောင်းပါးမှာ ဆောင်းပါးရှင် ကျော်လွင် (ရေနံ့သာ)၏ “သမိုင်းဝင်စာအုပ်နှင့် သမိုင်းတင်ရန် ရှာပုံတော်” ဖြစ်သည်။ ထိုစာအုပ်သမိုင်းကြောင်းကိုဖော်ထုတ်နိုင်ရန် အငြိမ်းစားဆရာကြီးများ၊ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျောင်းနေဖက်သူငယ်ချင်းများ၏မိသားစုဝင်များ၏ပြောကြားချက်များ၊အထောက်အထားစာရွက်စာတမ်းလက်မှတ်များ၊ဗိုလ်ချုပ်နှင့်ပတ်သက်သောစာနယ်ဇင်းများကို အခြေပြုကာ ရေးသားထားသော ဆောင်းပါး ရှင်၏ လေ့လာအားထုတ်မှုကို လေးစားမိပါသည်။

ဗိုလ်ချုပ်အောင်ဆန်းလောင်းလျာမောင်အောင်ဆန်းသည် နတ်မောက်မြို့ ဦးသောဘိတကျောင်းမှ မြန်မာ  (၆)တန်းအောင်မြင်ပြီးနောက် ၁၉၂၈ခုနှစ်ဇွန်လတွင်ရေနံချောင်းမြို့ အမျိုးသားအထက်တန်းကျောင်း တွင် ဆက်လက်ပညာသင်ကြား ခဲ့သည်။ ၁၉၃၂ခုနှစ်တွင် မြန်မာ(၁၀)တန်းကို မြန်မာစာနှင့်ပါဠိဘာသာ(၂)ဘာ သာဂုဏ်ထူးဖြင့်အောင်မြင်သည်။ မောင်အောင်ဆန်း၏ ခုံအမှတ်မှာ (၁၂၈၃)ဖြစ်ပြီး သူငယ်ချင်း မောင်ကြည်စိန် ၏ ခုံအမှတ်မှာ (၁၂၈၈)၊မောင်အောင်ဆန်းညီဝမ်းကွဲမောင်အောင်၏ခုံးအမှတ်မှာ (၁၂၈၉)ဖြစ်သည်။ ထိုနှစ်မှာပင် အထက်တန်းအောင်လက်မှတ်ကိုချီးမြှင့်ရာ မောင်ကြည်စိန်၏ အောင်လက်မှတ် အမှတ်စဉ်မှာ(၆၂၇)ဖြစ်ပြီး၊မောင်အောင်ဆန်း၏အောင်လက်မှတ်အမှတ်စဉ်မှာ(၆၃၁)ဖြစ်သည်။ထိုလက် မှတ်ကိုမောင်အောင်ဆန်းကလာရောက်မထုတ်ယူသဖြင့်ကျောင်းကိစ္စကျောင်းစာမေးပွဲကိစ္စများကို ကျောင်း အုပ်ဆရာကြီးဦးပုနှင့်တွဲဖက်ဆောင်ရွက်ရသူ မောင်အောင်ဆန်းတို့၏ ဆရာဦးဘအုန်းက သိမ်းထားခဲ့ရ သည်။ ထိုလက်မှတ်ကို တပ်မတော်မော်ကွန်းတိုက်သို့ လှူဒါန်းထားပြီးဖြစ်သည်။

၁၉၃၂ခုနှစ်တွင် ကိုအောင်ဆန်းနှင့် ကိုကြည်စိန်တို့ ရန်ကုန်တက္ကသိုလ်ပဲခူးဆောင်တွင် အခန်းချင်းကပ် လျက်နေထိုင်ကာ စားအတူ သွားအတူရှိခဲ့ကြရသည်။ တစ်ယောက်နှင့်တစ်ယောက်အပြန်အလှန်ဖေးမကာ စာအုပ်ငှားရမ်းမှုများရှိခဲ့သည်။ ကိုအောင်ဆန်းသည် စာအုပ်ငှားရမ်းပြီးပြန်ပေးသည့်အခါ “ကိုကြည်စိန်-ခင်ဗျားဆီက ငှားထားတဲ့စာအုပ်ပြန်ပေးလိုက်ပြီ”ဟု စာတိုရေးပြီး လက်မှတ်ထိုးလေ့ရှိသည်။ 

ကိုအောင်ဆန်းသည် အမျိုးသားအထက်တန်းကျောင်းသားဘ၀ကတည်းကပင် ပါဠိဘာသာ ထူးချွန်သဖြင့် ကိုကြည်စိန်သည် ကိုအောင်ဆန်းထံမှ ပါဠိဘာသာမှတ်စုစာအုပ်ကို မကြာခဏငှားရမ်းကြည့်ရှု ခဲ့ရသည်။ ယခုကျောင်းရှိစာအုပ်မှာ ကိုကြည်စိန်က ကိုအောင်ဆန်းထံမှ ငှားရမ်းခဲ့သော စာအုပ်ဖြစ်ပြီး ကိုအောင်ဆန်း က ပါဠိဘာသာသည် သူ့အတွက် အပမ်းမကြီးသောဘာသာဖြစ်ကာ သူငယ်ချင်းလေ့လာရန် အပြီး အပိုင်ပေးထားခဲ့ခြင်းဖြစ်ပါသည်။

၁၉၃၈ခုနှစ်တွင် ကိုအောင်ဆန်းနှင့်ကိုကြည်စိန်တို့ ၀ိဇာဘွဲ့ရရှိကြသည်။ ကိုအောင်ဆန်းက ဘီအယ်လ် ဆက်တက်ရ်ျ ကိုကြည်စိန်က ရေနံချောင်းသို့ပြန်လာခဲ့သည်။ ကိုကြည်စိန်၏ ဆရာဘ၀သည် အထက(၁)ဖြစ် လာမည့် နိုင်ငံတော်အစိုးရအထက်တန်းကျောင်းတွင် အထက်တန်းပြဖြင့် ၂၅.၇.၁၉၄၇မှစတင်ခဲ့ပြီး ကျောင်းအုပ်ကြီးအဖြစ် အငြိမ်းစားယူခဲ့ပြီး ၁၉၇၃ခုနှစ်တွင် ဆုံးခန်းတိုင်ခဲ့သည်။

ဦးကြည်စိန်ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် ၁၉၆၂-၆၃ပညာသင်နှစ်တွင် ပညာရေးပြပွဲ တစ်ရပ်ကို ကျောင်းဝန်းအတွင်းတွင် ခမ်းနားကြီးကျယ်စွာ ပြုလုပ်ခဲ့သည်။ထိုပြပွဲတွင် ဘာသာရပ်ဆိုင်ရာပြ ခန်း များကို အပြိုင်အဆိုင်ခင်းကျင်းပြသခဲ့ကြရာတွင် သမိုင်းဘာသာရပ်ပြခန်းတွင် ဗိုလ်ချုပ် အောင်ဆန်း ၏လက်ရေးစာမူမှတ်စုစာအုပ်ကိုပြသခဲ့သည်။ ပြပွဲပြီးသည့်နောက် ကျောင်းစာကြည့်တိုက်တွင် ထား ရှိရန် ဆရာကြီးဦးကြည်စိန်က လှူဒါန်းခဲ့ခြင်းဖြစ်ပေသည်။

ငယ်စဉ်ကျောင်းသူဘ၀ကကျောင်းစာကြည့်တိုက်အတွင်းဝင်ထွက်ရင်း အမှုမဲ့အမှတ်မဲ့ရှိနေခဲ့သော မှတ်စု စာအုပ်အဟောင်းလေးက ပြောပြသည့် အာဇာနည်ခေါင်းဆောင်ကြီး၏ စိတ်နေစိတ်ထားနှင့် ပါဠိဘာသာ တွင်ထူးချွန်ရာမှပါဠိဘာသာမှရရှိသောဥာဏ်အလင်းဖြင့် အမျိုးသားခေါင်းဆောင်ကြီးဖြစ်အောင် စွမ်းဆောင် နိုင်ခဲ့ကြောင်းကို ရာပြည့်မဂဇင်းဖတ်ရှုရာမှ ပြည့်ပြည့်၀၀သိလိုက်ရပေတော့သည်။

                                                                                            ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)

စာကိုး- ရေနံချောင်းမြို့၊အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ရာပြည့် မဂဇင်း






Tuesday, December 23, 2014

မြန်မာလွပ်လပ်ရေးဇာတာ

၁၉၄ရ-ခုနှစ်ဦးလောက်ကဖြစ်သည်။

ပြန်ကြားရေးဝန်ကြီး ဒီးဒုန်ဦးဘချိုသည် ပျဉ်းမနားဆရာဦးသန်းမောင်နှင့် တပည့်ရင်းဖြစ်သူ ဆရာမောက် တို့ကို ခေါ်၍ လွပ်လပ်ရေးအခါဖာတာတွက်ရန် တာဝန်ပေးခဲ့သည်။ ဆရာမောက်က ပညာရှင်များစုဖွဲ့၍ တွက်ချက်လျှင်မကောင်းပေးဘူးလားဟု စောဒကတက်သေးသည်။ ဦးဘချိုက ဆရာများလျှင် စကားများ နိုင်တယ်၊ သူ့ရက်ကောင်းတယ် ငါ့ရက်ကောင်းတယ်နှင့် ငြင်းခုန်နေသဖြင့် အဆုံးသတ်နိုင်မည်မဟုတ်။ ဦးသန်းမောင်တစ်ယောက်တည်းသာတွက်ချက်ပါ။ မျှော်မှန်းတဲ့ရက်ကတော့ ၁၉၄၈ခုဇန်န၀ါရီလ လယ်အတွင်းပေါ့။ အဲဒီလောက်မှာ ရက်ကောင်းတစ်ရက်ကို ရွေးထားပါဟု တိတိကျကျ တာဝန်ပေးခဲ့သည်။ ထိုလုပ်ငန်းသည် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ဒီးဒုတ်ဦးဘချိုကျဆုံးခဲ့သဖြင့် ခေတ္တရပ် ဆိုင်းသွားခဲ့သည်။

နု-အက်တလီစာချုပ် ချုပ်ဆိုရန် ၀န်ကြီးချုပ်ဦးနု ဘိလပ်မသွားမီ လွပ်လပ်ရေးအခါရက် လိုအပ်လာသည်။ ပြန်ကြားရေးဝန်ကြီးသစ် သခင်လွန်းဘော်က ဆရာမောက်မှတစ်ဆင့် ရမည်းသင်းနေဆရာ ဦးသန်းမောင် ထံတောင်းခံလာသည်။ ဆရာမောက်ထံမှ စာရသည်မှာ အောက်တိုဘာလ(၉) ရက် ကြာသပတေးနေရဖြစ် သည်။ ဆရာဦးသန်းမောင်သည် မင်္ဂလာအခါကို နေ့ (၁)နာရီမှစတင်တွက်ချက်ရာ ည(၂)နာရီကျော်မှပြီးစီး သည်။ (၁၀)ရက် သောကြာနေ့တွင် မှတ်ပုံတင်စာဖြင့်ဆရာမောက် ထံပေးပို့ ခဲ့သည်။ ထိုအခါဇာတာသည် စနေနေ့တွင်သာစာဝေခဲ့ပါမူ ဆရာမောက်ထံမှတစ်ဆင့် သခင်လွန်းဘော်ထံရောက်သွားသည်။ သခင်လွန်း ဘော်ထံမှတစ်ဆင့် (၁၂)ရက် တနင်္ဂနွေနေ့တွင်ဘိလပ်သို့သွားရောက်မည့် ၀န်ကြီးချုပ်ဦးနုထံထိုနေ့ အတွင်း အချိန်မီရောက်သွားနိုင်မည်ဖြစ်သည်။ သို့သော်အရေးကြီးသောအခါ ဇာတာသည် တနလာင်္နေ့ ကျမှ သာ သခင် လွန်းဘော်ထံရောက်သွားခဲ့၍ ဘိလပ်သွား ဦးနုနှင့်လွဲချော်ခဲ့ရသည်။

သို့သော်များမကြာမီရန်ကုန်မြို့ မဟာမြိုင်ကျောင်းတွင် လွပ်လပ်ရေးမင်္ဂလာအခါနှင့် ပတ်သက်သော ဆွေးနွေးပွဲတစ်ခုကို အခါပေးပညာရှိများအား ဖိတ်ခေါ်၍ ပြုလုပ်စေခဲ့သည်။ ထိုဆွေးနွေးပွဲသို့ ပြန်ကြား ရေးဌာန ၀န်ကြီး သခင်လွန်းဘော်၊ စက်မှုလက်မှုနှင့် အလုပ်သမားဌာန၀န်ကြီး ဟင်္သာတဦးမြ၊ ဦးနု၏ အပါး တော်မြဲ ဗိုလ်သိန်းဆွေ၊ ဖဆပလ အထွေထွေအတွင်းရေးမှူး ဦးဗဆွေတို့နှင့်အတူ ပညာရှင်များနေဖြင့် မဟာမြိုင်ဆရာတော်၊ သခင်ကိုယ်တော်မိုင်း၊ ပုဏ္ဏားဦးလှမောင်၊ ဆရာတော်ဦးတေဇောသာရ၊ ပျဉ်းမနား ဆရာနှင့်ဆရာမောက် တို့တက်ရောက်ကြရသည်။ တက်ရောက်လာသောပညာရှင်များက မိမိတို့သန်ရာ သန်ရာ အခါဂြိုဟ်ခွင်များကို တင်ပြကြရာတွင်-

ဇန်န၀ါရီလ(၁)ရက်နေ့ဂြိုဟ်ခွင်ကို မဟာမြိုင်ဆရာတော်၊ သခင်ကိုယ်တော်မှိုင်း၊ ပုဏ္ဏားဦးလှမောင်၊

ဇန်န၀ါရီလ (၆)ရက်နေ့ဂြိုဟ်ခွင်ကို ဆရာတော်ဦးတေဇောသာရ

ဇန်န၀ါရီလ(၁၅)ရက်နေ့ဂြိုဟ်ခွင်ကို ပျဉ်းမနားဆရာဦးသန်းမောင် တို့က တင်ပြကြသည်။

တင်ပြသည့်ရက်များမှာ ကိုယ့်အမြင်အရကောင်းသည်ထင်သော်လည်း အခြားပညာရှင်များ၏ အယူအဆ အရ ဘ၀င်မကျသည်များပါရှိသည်။ အခြေအတင် အငြင်းအခုန်များရှိလာသဖြင့် (၁) (၆) (၁၅) ရက်တို့ အစားအခြားရက် တစ်ရက်ရက်ကို ရွေးချယ်ရန်၊ ရွေးချယ်ရာတွင်လည်း ဒီးဒုတ်ဦးဘချိုလမ်းညွှန်သွား သကဲ့သို့ တိုင်းပြည်အတွက် တကယ့်စေတနာကောင်းနှင့် အခါကောင်းကိုရွေးချယ်ရန် ပျဉ်းမနားဆရာ ဦးသန်းမောင် က ဆွေးနွေးခဲ့ရာ အားလုံးသဘောတူညီပြီးလက်ခံကြသည်။ 

အခါတော်ရက်ရွေးသည့် လုပ်ငန်းကိုဆောင်ရွက်ရန်အတွက် အချိန်သိပ်မရပေ။ ထိုနေ့မွန်းလွဲ(၃)နာရီ အတွင်း အပြီး ရွေးရမည်။ ရွေးပြီးရက်ကို ၀န်ကြီးအဖွဲ့က ဆွေးနွေးအတည်ပြုပြီး ဘုရင်ခံထံ တင်ပြရမည်။ ဘုရင်ခံဆာဟူးဘတ်ရန့်စ်က ညနေ(၅)နာရီတွင် ဘိလပ်သို့ ကြေးနန်းဖြင့် ချက်ခြင်းပို့ရမည်။ သို့ရာတွင် ပညာရှင်များခေါင်းချင်းဆိုင်၍ ဦးလှမောင်နှင့် ဆရာမောက်တို့တွက်ချက်သော (၅)ရက် တနင်္လာနေ့နှင့် (၈)ရက် ကြာသပတေးနေ့တို့ကို ညနေ (၂)နာရီ (၄၅)မိနစ်ခန့်တွင် သဘောတူညီစွာရရှိခဲ့သည်။ ထိုစဉ်တွင် ဦးတေဇောသာရက (၆)ရက်နေ့ကို လုံးလုံးမပြင်နိုင်ကြောင်းကန့်ကွက်လာသည့်အတွက် (၅)ရက်နေ့ကို ပယ်ဖျက်ပြီး (၆)ရက်နေ့ကို အစားထိုးထည့်ပေးလိုက်ရသည်။ 

ဆွေးနွေးပွဲအပြီးအပြန်တွင် ဦးသန်းမောင်က ဦးဗဆွေအနားကပ်ကာ (၆)ရက်နှင့် (၈)ရက်တွင် (၆)ရက်နေ့က အပြစ်အနာအဆာရှိ၍ (၈)ရက်နေ့ကိုရွေးချယ်သင့်ကြောင်း သတိပေးလိုက်သေးသည်။ သို့သော် နောက်နေ့ထုတ်သတင်းစာများတွင် ၁၉၄၈ခုနှစ် ဇန်န၀ါရီလ(၆)ရက်၊ အင်္ဂါနေ့ နံနက် ၁၁နာရီ ၅၆မိနစ်တွင် လွတ်လပ်ရေးကြေညာမည်ဖြစ်ကြောင်း ပါရှိလာခဲ့သည်။ 

သို့ဖြစ်ရာ ပျဉ်းမနားဦးသန်းမောင်က ဘာကြောင့် (၈)ရက်နေ့မဖြစ်ရသလဲဟု ဦးလွန်းဘော်ကို မေးကြည့်ရာ ဗေဒင်အကျိုးအပြစ်ကိုတော့မသိပါ၊ မြန်မြန်လွတ်လပ်ချင်လို့ (၆)ရက်နေ့ရွေးကြောင်း၊ ရက်ကတော့ ပြင်လို့ မဖြစ်ပါ။ အချိန်ကို ပြင်ချင်လျှင်ပြင်နိုင်ပါသည်ဟု ပြောပါသည်။ ထိုအခါ ဦးသန်းမောင်က နေ့ မကောင်းဖြစ်၍ အချိန်ပြင်သော်လည်းအကြောင်းထူးမည်မဟုတ်ကြောင်း စောဒကတက်ရာ ပြန်တွက်၍ တင်ပြရန်တာဝန်ပေးပြန်သည်။ ထို့ကြောင့် ဒိုက်ဦးမှရောက်နေသော လျှစ်စစ်ဗေဒင် ဦးအုန်းသင်နှင့် ဦးသန်းမောင်တို့ တွက်ချက်ရသည်။ ထိုသို့ တွက်ချက်၍ ရသည့် (၁၅)ရက်နေ့ကို ဦးအုန်းသင် လက်ရေးနှင့် ပင်တင်ပြခဲ့ရာ နောက်နေ့ သတင်းစာများတွင် လွတ်လပ်ရေးကို (၆)ရက်နေ့တွင် ကြေငြာပြီး (၁၅)ရက်နေ့တွင် ၀န်ကြီးများ ကျမ်းသစ္စာ ကျိန်ဆိုကြမည်ဟု ပါလာခဲ့သည်။ 

(၆)ရက်နေ့ ဂြိုဟ်ခွင်နှင့် ပတ်သက်၍ ဝေဖန်သောဆောင်ပါးများသတင်းစာတွင် အဆက်အပြတ်ပါလာရာ လွတ်လပ်ရေးအခါနှင့် ပတ်သက်သောဆောင်းပါးများသတင်းစာတွင် မထည့်ရဟု ၀န်ကြီးချုပ်က ပိတ်ယူရသည်အထိဖြစ်လာခဲ့သည်။

သို့သော် များမကြာမီမှာပင် ဇန်န၀ါရီလ (၄)ရက် တနင်္ဂနွေနေ့ နံနက် ၄နာရီ ၂၀မိနစ်တွင် လွတ်လပ်ရေး ကြေညာမည်ဟု ပါလာခဲ့သည်။ ဘုန်းကြီးတစ်ပါးနှင့် လူပုဂ္ဂိုလ်နှစ်ဦးတို့ ရွေးချယ်ပေးသောအခါဟု ဆိုပါသည်။ လူပုဂ္ဂိုလ်တစ်ဦးမှာ ဗိုလ်လက်ျာ၏ ဗေဒင်ဆရာ ပဲခူးဦးသက်တင်ဖြစ်သည်။ (၄)ရက်နေ့ အခါ သည် ကောင်းလှသည်မဟုတ်သော်လည်း (၆)ရက်နေ့ထက်ကောင်းကြောင်း အိန္ဒိယ ဗေဒင်မဂ္ဂဇင်း (၁၉၄၈ ဇန်န၀ါရီ လထုတ်)တွင် ဗေဒင်ပညာရှင်ဒေါက်တာရာမန်က ဝေဖန်ခဲ့သည်။ ထိုမဂ္ဂဇင်း(၁၉၄၉မေလထုတ်) မှာပင် ပရောဖက်ဆာဆတ်စတြီးက (၄)ရက်နေ့၏ အင်္ဂါ-စနေဂြိုဟ်တို့ မကောင်းပုံကို ဝေဖန်ထားပြန် သည်။ 

နက္ခဗေဒင်မဂ္ဂဇင်းအယ်ဒီတာချုပ် ဒေါက်တာဦးဖေဥာဏ်ကမူ လွတ်လပ်ရေးအခါဇာတာနှင့် ပတ်သက်၍ အောက်ပါအတိုင်းသုံးသပ်ပါသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးဇာတာ (၄-၁-၁၉၄၈)နံနက် ၄နာရီ၊ ၂၀မိနစ်၊ တနင်္ဂနွေနေ့

ယခုအခါ လွတ်လပ်ရေးဇာတာမှာ အတော်ကောင်းမွန်သည့်ဇာတာပင်ဖြစ်ပါသည်။ လဂ်သည် ဇေဋ္ဌနက္ခနှင့် ပူးယှဉ်ထားပါသည်။ ဇေဋ္ဌနက္ခမှာ တော်ဝင်ကြယ်ကြီးလေးလုံးတွင် အပါအ၀င်ဖြစ်ပြီး မင်းစိုးရာဇာ တိုင်းကြီးပြည်ကြီး ကိစ္စရပ်များနှင့် ဆက်နွှယ်နေသည့် နက္ခတ်ဖြစ်ပါသည်။ ထိုတော်ဝင်ကြယ်ကြီး လေးလုံးမှာ ရောဟဏီနက္ခတ်၊ မာဃနက္ခတ်၊ ဇေဋ္ဌနက္ခတ်နှင့် ရတနာသိဒ္ဓိနက္ခတ်တို့ပင် ဖြစ်ပါသည်။ တိုင်းကြီးပြည်ကြီး၊ တိုင်းရေးပြည်ရေးနှင့် ပတ်သက်၍ ခမ်းနားကြီးကျယ်မှုကို ပေးနိုင်စွမ်းသည့် တော်ဝင်ကြယ်ကြီးလေးလုံးဖြစ်ပါသည်။ 

လဂ်သည် ကြာသပတေးဂြိုဟ်နှင့် အံသာနီးကပ်စွာပူးယှဉ်ခြင်းသည် အပြစ်တစ်သန်းကိုငြိမ်းသည်ဟူသော ရှေးပညာရှိကြီးများအဆိုအရ အလွန်းကောင်းမွန်သည့် ကိန်းခမ်းပင်ဖြစ်ပါသည်။ အ န္တရာယ်အသွယ်သွယ်မှ ကင်းဝေးပြီး စိတ်ချမ်းသာခြင်း၊ ကိုယ်ချမ်းသာခြင်းကို ဖြစ်စေနိုင်သည့် ဂြိုဟ်ပူးပင်ဖြစ်ပါသည်။ အထူးသဖြင့် ဘာသာ သာသနာရောင်ဝါတွင် သူမတူအောင်ထွန်းတောက်မည့် အမြင်ယှဉ်ပင်ဖြစ်ပါသည်။ ထိုကြာသပတေးဂြိုဟ် နိစ်မူကာ န၀င်းတွင် စနေဂြိုဟ်ခွင်နှင့် ပရိဝတ္တနပြုထားသဖြင့် လောကီရေးထက် လောကုတ္တရာရေးက အလေးသာနေသဖြင့် ထေရ၀ါဒနိုင်ငံတော်အတွက် သင့်မြတ်လျောက်ပတ်သည့် ဂြိုလ်အမြင်ပင်ဖြစ်ပါသည်။ 

လဂ်အိမ်ရှင်အင်္ဂါဂြိုလ်သည် မိတ် သိဟ်ရာသီတွင် ရပ်တည်နေခြင်းက သိဟ်ခြင်္သေ့ဟောက်ကိုဖြစ်စေပြီး ၉တန့်သုဘအိမ်ရှင် တနင်္လာစန်းသည် ၁၁တန့် လာဘအိမ်တွင် ကန်ကြာပေါက်ကိုဖြစ်စေခြင်းကအမျိုး ဂုဏ်ကြီးပွားချမ်းသာရေးအတွက် လျော်ကန်သင့်မြတ်သည့် ဂြိုဟ်မြင်ဂြိုဟ်ယဉ်ပင်ဖြစ်ပါသည်။ 

ကြာသပတေးဂြိုလ်နှင့် တနင်္လာဂြိုလ်တို့ ၆၀ဒီဂရီ ဆပ်စတိုင်းမြင်ခြင်းသည်လည်း ချမ်းမြေ့သာယာစွာ နေထိုင်နိုင်ကြောင်းကို ဖော်ပြထားပါသည်။ ထိုတနင်္လာဂြိုဟ်သည် နက်ပကျွန်းဂြိုဟ်နှင့် ပူးယှဉ်ထားသဖြင့် သနားခြင်း၊ ကိုယ်ချင်းစာနာစိတ်ထားခြင်း၊ နောင်တမလွန်သံသရာအတွက် ပိုမိုအလေးထားခြင်းကို ဖော်ပြထားသဖြင့် ကျွန်တော်တို့နိုင်ငံတော်နှင့် အလွန်လိုက်ဖက်သင့်လျော်သည့် မင်္ဂလာအခါတော်ဖြစ် ကြောင်း မင်္ဂလာစကားမော်ကွန်းထိုးအပ်ပါသည်။ 

                                                                                         ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)







သမိုင်းတွင်အောင် သမိုင်းသင်ပါ



အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာမည့် မောင်အောင်ဆန်းသည် ရေနံချောင်းမြို့ အမျိုးသားအထက်တန်းကျောင်းတွင် ၁၉၂၈ ခုနှစ်မှ ၁၉၃၂ ခုနှစ်အထိ ပညာသင်ကြားခဲ့သည်။ ထိုစဉ်က မောင်အောင်ဆန်း၏ ငယ်ဆရာများထဲတွင် ဆရာဦးကြွယ်စိုးလည်းပါဝင်ခဲ့သည်။

မောင်အောင်ဆန်းသည် အမျိုးသားအထက်တန်းကျောင်းမှ မြန်မာ(၁၀)တန်း အောင်မြင်ပြီးနောက်(၁၅) နှစ်အကြာ ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းအဖြစ် ရေနံချောင်းသို့ ရောက်ရှိလာခဲ့သည်။ ရောက်ရှိလာခဲ့ သည့်အကြောင်းရင်းမှာ ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ)၏ တာဝန်အရ မြန်မာပြည် လွပ်လပ်ရေးအတွက် စည်းရုံးဟောပြောရန်ဖြစ်သည်။

လူထုစည်းဝေးပွဲကို ထိုစဉ်က အစိုးရတန်းမြင့်ကျောင်း(ယခု အထက-၁)တွင် ကျင်းပခဲ့သည်။ ထိုကျောင်း၏ကျောင်းအုပ်ဆရာကြီးမှာ ဦးသံဗျင်ဖြစ်ပြီး ဗိုလ်ချုပ်၏အစ်ကို ဦးဘ၀င်းမှာ အထက်တန်းပြ ဆရာအဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိသည်။

၁၉၄၇ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ကျောင်း၏ညောင်ညိုရိပ်၌မြို့ လူထုအား ညီညီညွတ်ညွတ်စည်းစည်း လုံးလုံးရှိစွာဖြင့် မြန်မာ့လွပ်လပ်ရေးကို အရယူကြရန် ဗိုလ်ချုပ်ကတိုက်တွန်းပြောကြားခဲ့သည်။ ဟောပြောမူ အပြီးတွင် ငယ်ဆရာဦးကြွယ်စိုးနှင့် ကျောင်းသားသမဂ္ဂ၏မေတ္တာရပ်ခံချက်အရကျောင်းစာသင်ခန်းများကို လှည့်လည်ကြည့်ရှုရသည်။ ထိုသို့လှည့်လည်ရင်း ကျောင်းသားကျောင်းသူများကို သြ၀ါဒပေးခဲ့သည်မှာ တန်ဖိုး ရှိလွန်းလှသဖြင့် အသက် ၇၀ ကျော် ၈၀ တွင်းရောက်နေပြီးဖြစ်သော ကျောင်းသားဟောင်းကြီးများ အဖို့ ယနေ့တိုင်မမေ့နိုင်ကြပေ။

စာသင်ခန်းတစ်ခုသို့ရောက်လာသော ဗိုလ်ချုပ်အောင်ဆန်းကို ကျောင်းသားကျောင်းသူများက မတ်တပ် ရပ်ကာ နူတ်ဆက်ကြိုဆိုကြသည်။ ဗိုလ်ချုပ်ကပြုံးရွှင်စွာဖြင့် ပြန်လည်နူတ်ဆက်ရင်းမေးလိုက် သည်.။ 

“အခု ဘာ ဘာသာသင်နေကြသလဲ”

“သမိုင်းဘာသာပါခင်ဗျ/ရှင်” 

“သမိုင်းဘာသာဆိုတာ အလွန်ကောင်းတဲ့ဘာသာပါ။ လူတွေအားလုံးသိသင့်ပါတယ်။ ဒါပေမဲ့ ရှင် ဘုရင်တွေ မွေးတဲ့နှစ်၊ သေတဲ့နှစ်၊ နန်းတက်တဲ့နှစ်၊ နန်ကျတဲ့နှစ်တွေကို သိရုံလောက်နဲ့တော့ မသင်ကြပါနဲ့။ 

သမိုင်းကိုလေ့လာပြီး ကိုယ်ဟာကိုယ့်နိုင်ငံအတွက် ဘယ်လိုအကျိုးရှိရှိလုပ်နိုင်မလဲ၊ ဘယ်လိုနေရာက ပါဝင်ရမလဲဆိုတာ သိအောင်ကြိုးစားသင်ယူဖို့လိုတယ်။

ဒါကြောင့် To learn history is to make history သမိုင်းသင်တာကောင်းတယ်။ သမိုင်းကို သင်လည်းသင်ကြပါ။ သမိုင်းတွင်အောင်လည်း လုပ်ကြပါ။ ”

“ နောက်တစ်ခုက အင်္ဂလိပ်စာကိုလည်း ကြိုးစားသင်ယူကြပါ။ အင်္ဂလိပ်ကို ဆန့်ကျင်တော်လှန်နေတာ ဟာ သူတို့ရဲ့ကိုလိုနီစနစ်၊ နယ်ချဲ့စနစ်ကိုသာ ဆန့်ကျင်တော်လှန်နေတာဖြစ်တယ်။ အင်္ဂလိပ်ဘာသာကို ဆန့်ကျင်ပစ်ပယ်ဖို့မဟုတ်ဘူး။ 

နောင်အနာဂတ်မှာ ပြင်သစ်ဘာသာထက် အင်္ဂလိပ်ဘာသာကလွှမ်းမိုးပြီး အသုံးကျလာမှာဖြစ်တဲ့ အတွက် အင်္ဂလိပ်ဘာသာကိုလည်းကြိုးစားသင်ယူကြပါ။”

“ ရှေ့ခရီးဆက်ဖို့နောက်ကျနေပြီ ဗိုလ်ချုပ်”

စီစဉ်သူများ၏သတင်းပို့မှုကြောင့်သာ စကားဖြတ်လိုက်ရသည်။ သူတို့သာ ဝင်မလာက မည်သို့သော အကြောင်းအရာများကို မည်မျှကြာအောင် ဟောပြောနေမည်မသိ။ တန်ဖိုးရှိသော ဆုံးမစကားများ ထပ်မံကျန်ရစ်မည်ကား မလွဲပေ။

ဗိုလ်ချုပ်၏လမ်းညွှန်ချက်များအရ နှစ်ပေါင်း ၆၀ ကျော်ပြီဖြစ်သော်လည်း ဒီနေ့တိုင်မှန်ခဲ့သည်။ မှန်နေဆဲ လည်း ဖြစ်သည်။ နောင်လည်း မှန်နေအုံးမည်ပင်။ 

မျိုးချစ်စိတ်ကိုပြုစုပျိုးထောင်ပေးခဲ့သောအမျိုးသားကျောင်းတွင်သမိုင်းဘာသာသင်ယူခဲ့သော မောင်အောင် ဆန်း သည် အမျိုးသားခေါင်းဆောင်ကြီးအဖြစ် သမိုင်းတွင်ခဲ့သည်။ 

ကျောင်းသားဘ၀က နယ်ချဲ့အင်္ဂလိပ်ကို မုန်းတီးသော်လည်း နန်းရင်းဝန်ဒေါက်တာဘမော်လို အင်္ဂလိပ် တော်အောင်ကြိုးစားခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ အင်္ဂလိပ်စာအပေါ် ထားရှိသောအမြင်မှာ ယနေ့ခေတ် အင်္ဂလိပ်စာ တွင်ကျယ်မှုအခြေအနေနှင့် တစ်ထပ်တည်းကျနေပေသည်။ 


ကျေးဇူးတင် ဝန်ခံချက်

ရေနံချောင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရာပြည်မဂ္ဂဇင်းပါ ကျောင်သားဟောင်းကြီးများဖြစ်ကြသော -

ဒုတိယဗိုလ်မှူးကြီးအံ့စိန် (အငြိမ်းစား) ၏“ နှစ်တစ်ရာသမိုင်းတစ်ကွက်နှင့် ဗိုလ်ချုပ်အောင်ဆန်း” ကျော်လွင် (ရေနံ့သာ) ၏ “ သမိုင်းဝင်စာအုပ်နှင့် သမိုင်းတင်ရန်ရှာပုံတော်”

မောင်အောင်သန်း၏ “ တွေ့မြင်ကြသိ မှတ်မိသမျှ ကျောင်းသားဘဝ” ဆောင်းပါးကို ဖတ်ရှုရသဖြင့် ဤစာကို ရေးနိုင်ခြင်းဖြစ်ကြေင်း ကျေးဇူးတင်ရှိစွာဖြင့် ဝန်ခံအပ်ပါသည်.။

                                                                                        ခင်လယ်လယ်ချစ် (မြန်/ဂုဏ်)



Friday, November 28, 2014

Who is the Leader of Democracy (ဒီမိုကရေစီခေါင်းဆောင်ဆိုတာ ဘယ်သူလဲ..)

Leader do not make democracy people do ဒီမိုကရေစီကို ပြည်သူလူထုကသာ ဖော်ဆောင်နိုင်တယ်။ ခေါင်းဆောင်တစ်ဦးတစ်ယောက်ထဲက မဖော်ဆောင်နိုင်ဘူးဆိုတဲ့ စာသားလေးကို သဘောကျမိပါတယ်။ ဒီမိုကရေစီကို လူတစ်ဦးတစ်ယောက်ထဲက အကောင်အထည်ဖော်နိုင်သည်မဟုတ်ဘဲ ပြည်သူလူထုကသာ ဒီမိုကရေစီကျင့်စဉ်ကို စည်းကမ်းနည်းလမ်းကျနစွာ ကျင့်ကြံမှသာလျှင် ဒီမိုကရေစီ၏ အနှစ်သာရကို အမှန်တကယ်ရရှိမှာဖြစ်ပါသည်။

Mobocracy(လူအုပ်စုဖွဲ့ အနိုင်ကျင့်မှုမျိုး)၊ 
Anarchy(အကြမ်းဖက်နည်းနဲ့ယူသည့် မင်းမဲ့ဝါဒမျိုး)၊
 Electocracy( မဲဆန္ဒရှင်ပြည်သူများကို မဟုတ်မမှန်မက်လုံးတွေပေး၊ လိမ်ညာမဲဆွယ်ပြီးယူရင်တဲ့ ရွေးကောက်ပွဲအဓိက၀ါဒ)၊
Autocracy(လူတစ်ဦးတစ်ယောက်ကို ဗဟိုပြုပြီးမှီခိုလွန်းတဲ့သဘော)၊
Polyarchy(လူထုကို မဲထုတ်စက်လိုသဘောထားပြီး လူနည်းစုရေပေါ်ဆီ လူတတ်၊ လူလည်တစ်သိုက်က အုပ်စိုးဖို့ကြိုးစားမှု) 
တို့သည် ဒီမိုကရေစီမဖြစ်နိုင်တော့ပါ။ တကယ်တော့ ဒီမိုကရေစီဆိုတာ ပြည်သူ့အတွက် ပြည်သူကိုယ်တိုင် တင်မြှောက်တဲ့အစိုးရလို့အဓိပါယ်ဖွင့်ဆိုထားကြသည့်အတွက် ဒီမိုကရေစီ၏ခေါင်းဆောင်သည်ပြည်သူ သာဖြစ်ပါကြောင်း……………….

Saturday, November 22, 2014

လူငယ်များနှင့် ပါတီနိုင်ငံရေး


                                                                                       ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)



“ သမိုင်းဘီးသည်ရပ်၍မနေ။ခုတ်မောင်းနေသည် ”ဆိုသကဲ့သို့ ပြောင်းလဲမှုတိုင်းတွင် အကျိုးအပြစ်များစွာရှိ ပါ သည်။ မည်သည့်အရာတွင်မဆို အဆိုးချည်းရှိမနေတတ်သလို အကောင်းချည်းလည်းမဖြစ်နိုင်ပါ။ အမြဲ တမ်းမှားနေသည်လည်းမရှိသလို အမြဲတမ်းမှန်နေသည်လည်း မရှိတတ်ပါ။ သို့သော် အမှန်တရားဆိုသည် ချန်ထား၍မရပြန်ပါ။ 

မြန်မာ့သမိုင်းကြောင်းကိုပြန်ပြောင်းကြည့်မည်ဆိုလျှင် ရွှေထီးဆောင်းခဲ့ရသည့် ကာလများရှိသကဲ့သို့ ခေတ် ဆိုး စနစ်ဆိုးများနှင့်လည်း ကြုံတွေ့ခဲ့ရဘူးပါသည်။မြန်မာနိုင်ငံသည် ပဒေသရာဇ်ခေတ်၊ နယ်ချဲ့ ကိုလိုနီ ခေတ်၊ ပါတီဝါဒစွဲ ပြင်းထန်သော နိုင်ငံရေးခေတ်၊ ပါတီစုံပါလီမန်ဒီမိုကရေစီခေတ်၊ တော်လှန်ရေး ကောင်စီ ခေတ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့်နိုင်ငံ တော် အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီခေတ်ဟူသည့် ခေတ်ကာလများကို ကြုံခဲ့ကြရပါသည်။

ကိုလိုနီခေတ်ဆိုးစနစ်ဆိုးခေတ်မှာ ဒူးမထောက်လက်မမြှောက်ချင်ပါပဲ မြန်မာ့ဇာတိမာန်ညှိုးမှိန်ခဲ့ရ သည်။သူ့ကျွန်မခံနိုင်သော တိုင်းရင်းသားညီအစ်ကိုမောင်နှမများပေါင်းစည်းကာ လွတ်လပ်ရေးကို အရယူ ခဲ့ကြ သည်။ ခေတ်အဆက်ဆက်ကို တာဝန်ယူခဲ့ရသည့် အစိုးရအဖွဲ့များသည် တိုင်းပြည်တိုးတက်စေရန်နှင့် တည်ငြိမ်အေးချမ်းအောင် အတတ်နိုင်ဆုံးဆောင်ရွက်ခဲ့ကြသော်လည်း ပြသနာမျိုးစုံနှင့်ရင်ဆိုင်ကြုံတွေ့ ခဲ့ရ ပါသည်။ခေတ်ဟောင်းစနစ်ဟောင်းကို သင်ခန်းစာယူ ၊အားနည်းချက်များကို ပြုပြင်တည်ဆောက်၊ အကောင်းဖြစ်အောင် ပြုပြင်ပြောင်းလဲရန်ကြိုးစားနေသည့် ယနေ့ခေတ်ကာလတွင် ဒီမိုကရေစီခရီးလမ်း ကို လျှောက်လှမ်းနေသည့် အချိန်အခါကောင်းပင်ဖြစ်ပါသည်။ 

ဒီမိုကရေစီကိုဖော်ဆောင်ရာမှာ နိုင်ငံရေးပါတီများသည် အရေးကြီးသောအခန်းကဏ္ဍမှပါဝင်သည်။ အဆိုပါကာလများတွင် နိုင်ငံရေးပါတီများသည် ပြည်သူ့အကျိုးကို ဆောင်ရွက်နိုင်ရန်အရေးကြီးပြီး နိုင်ငံ တော်နှင့်နိုင်ငံ့အကျိုးကိုလည်းဆောင်ရွက်ကြရမှာဖြစ်ပါသည်။ 

ယနေ့မြန်မာနိုင်ငံမှာပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်တဲ့နေရာမှာ ပါတီပေါင်း(၆၀)ကျော်ရှိနေပါပြီ။ ပါတီတိုင်းသည် မိမိပါတီအတွက် မဲဆွယ်စည်းရုံးရေး လုပ်ငန်း စဉ်များကို လုပ်ဆောင်နေကြသည်ကို တွေ့မြင်နေရသည်။ပါတီတစ်ခုတွင်ခေါင်းဆောင်ချည်းသော်လည်းကောင်း၊နောက်လိုက်ချည်းသော် လည်းကောင်း ရှိနေရုံဖြင့်မရပါ။ခေါင်းဆောင်ကောင်း (Good Leader )ရော နောက်လိုက်ကောင်း( Good Follower)ရောရှိဖို့လိုအပ်ပါသည်။ ပါတီဆိုသည်မှာ Part of the People ပြည်သူလူထု၏ အစိတ် အပိုင်း တစ်ခုဖြစ်သည့်အတွက် လူတိုင်းသည် ပါတီတစ်ခုထဲမှာရှိနေမည်မဟုတ်ပါ။ မိမိသက်ဝင်ယုံကြည်သည့် ပါတီ ထဲ ကိုသာဝင်ကြမှာဖြစ်သကဲ့သို့မိမိယုံကြည်အားထားသည့်ပါတီကိုသာ မဲပေးကြမှာဖြစ်ပါသည်။

ပါတီဝင်ဆိုတာ ကိုယ့်ပါတီရဲ့ အဓိကကျောရိုးပါ။ အချို့ကတော့ ပါတီဝင်အမြောက်အမြားရရှိခြင်းကို အဓိက ထားပြီး အချို့သည် ပါတီဝင်များ၏ သစ္စာရှိမှုနှင့် သက်ဝင်ယုံကြည်မှုအပေါ် အလေးထားကြသည်။ ပါတီဝင် သစ်စုဆောင်းရာတွင်အကောင်းဆုံးနည်းလမ်း သည် ပါတီကိုနှစ်နှစ် ကာကာလက်ခံ ယုံကြည်သူများကို အလေးထားရမှာဖြစ်ပါသည်။ လူအများစုသဘောကျလက်မှတ်ထိုးပြီး ပါတီဝင်ဖြစ်လာအောင် လူအတော် များများမိမိပါတီကိုထောက်ခံအားပေးလာအောင် လုပ်ဆောင်ကြရမှာဖြစ်ပါသည်။ပါတီအခြေခံ အုတ်မြစ်ရှင်း လင်းပြတ်သားခိုင်မာမှ လူတွေက လက်ခံယုံကြည်ကြမှာဖြစ်ပါသည်။ လူတိုင်းပထမအကြိမ် မှာ ယုံကြည်ချင်မှ ယုံကြည်ပါလိမ့်မယ်။ သို့သော် ဒီမိုကရေစီခေတ်မှာ ပြည်သူများအနေဖြင့် ပါတီ တစ်ခု ကို မဖြစ်မနေရွေးချယ်ပြီး မဲပေးရမှာဖြစ်ပါသည်။ ပြည်သူများသည် မိမိတို့အကျိုးကို အမှန်တကယ်လိုလားသည့် ပါတီကိုသာ အမြော်အမြင်ရှိရှိရွေးချယ်ကြမှာဖြစ်သည့်အတွက် မိမိ၏လုပ်ဆောင်ချက်မှန်ကန်နေလျှင် ၄င်းတို့သက်ဝင် ယုံကြည်လာမှာ ဖြစ်ပါသည်။ 

ပါတီတစ်ခုသည် မိမိပါတီသို့ပြည်သူများမှ သက်ဝင်ယုံကြည်လာပြီး ပါတီတွင်းသို့ဝင်ရောက်စေရန် (သို့ မဟုတ်) မိမိပါတီကို မဲပေးစေရန် ပြည်သူကိုမဲဆွယ်စည်းရုံးရမှာဖြစ်ပါသည်။ ထိုသို့စည်းရုံးရာတွင်လည်း လူငယ်အချင်းချင်းစည်းရုံးလျှင် ပိုမိုအောင်မြင်နိုင်ပါသည်။ မိသားစုတစ်စုတွင် မိဘကို စည်းရုံးလျှင် ရချင်မှရ နိုင်မည်ဖြစ်သော်လည်း လူငယ်များ(ရင်နှစ်သည်းခြာသားသမီးများ)ကို စည်းရုံးလျှင်မိဘများပါပါဝင်လာ နိုင်ပါသည်။ စည်းရုံးရေးလုပ်ငန်းစဉ်များတွင် လူငယ်ထုကိုအသုံးပြုခြင်းဖြင့်ရရှိလာမည့် အားသာချက်များ မှာ-

၁။ ငွေကုန်ကြေးကျသက်သာခြင်း။

၂။ မိမိပါတီအတွက်ပါတီဝင်အသစ်များစွာကိုစည်းရုံးနိုင်ခြင်း။

၃။ လူငယ်မဲဆန္ဒရှင်များကိုစည်းရုံးမည်ဆိုပါက ပိုမိုအောင်မြင်နိုင်ခြင်း။

၎။ စိတ်အားလူအားနှစ်မြှုပ်ပြီး လုပ်ဆောင်နိုင်ခြင်း။

၅။ မူဝါဒလမ်းစဉ်များချမှတ်ရာတွင် ပါဝင်ကူညီနိုင်ခြင်း။ 

၆။ မူဝါဒဖော်ဆောင်ရာတွင် သုတေသနလုပ်နိုင်ခြင်း။

၇။ မူဝါဒများနှင့်ပတ်သက်ပြီး သတင်းစကားများပါးနိုင်ခြင်း။

၈။ မူဝါဒမျယဒချမှတ်ရာတွင် Idea သစ်များပေးနိုင်ခြင်း 

၉။မူဝါဒများချမှတ်ရာတွင် လူငယ်များကိုထည့်သွင်းစေခြင်းဖြင့် လူငယ်ထု၏ လက်ခံယုံကြည်မှုကိုရရှိ နိုင်ခြင်း ။

၁၀။ ပါတီတွင်း/ပ ဆက်ဆံရာတွင် များစွာပါဝင်ကူညီနိုင်ခြင်း။

၁၁။ Social Mediaများတွင် လူငယ်ထုများပါဝင်ကူညီနိုင်ခြင်း။

လူငယ်ထုသည်တက်ကြွသည်။ ဖြတ်လတ်သည်။ရိုးသားဖြူစင်သည်။ လုပ်ချင်ကိုင်ချင်စိတ်ရှိသည်။ အလုပ် လုပ်သည့် နေရာတွင် စိတ်အားကိုယ်အားနှစ်ပြီးလုပ်ဆောင်တတ်သည်။ ထိုအားသာချက်များကို မိမိပါတီ အတွက်အား အဖြစ်အသုံးပြုကြရမှာဖြစ်ပါသည်။ 

လူငယ်တို့၏ စိတ်ကူးစိတ်သန်းများသည် လတ်ဆတ်သည်။ လုပ်ဆောင်ချက်များသည်တက်ကြွဖြတ်လတ် သည်။ ထို့ကြောင့်မိမိပါတီ၏စည်းရုံးရေးလုပ်ငန်းစဉ်များတွင် လူငယ်များကိုတာဝန်ပေးစေခြင်း၊ လူငယ်များ ၏ လိုအပ်ချက်များကိုဖြည့်ဆည်းပေးခြင်းဖြင့် မိမိပါတီဝင်အင်အားတိုးပွားလာနိုင်မည်ဖြစ်ပါသည်။

Monday, November 3, 2014

Who is the Leader of Democracy (ဒီမိုကရေစီခေါင်းဆောင်ဆိုတာ ဘယ်သူလဲ..)


Leader do not make democracy people do ဒီမိုကရေစီကို ပြည်သူလူထုကသာ ဖော်ဆောင်နိုင်တယ်။ ခေါင်းဆောင်တစ်ဦးတစ်ယောက်ထဲက မဖော်ဆောင်နိုင်ဘူးဆိုတဲ့ စာသားလေးကို သဘောကျမိပါတယ်။ ဒီမိုကရေစီကို လူတစ်ဦးတစ်ယောက်ထဲက အကောင်အထည်ဖော်နိုင်သည်မဟုတ်ဘဲ ပြည်သူလူထုကသာ ဒီမိုကရေစီကျင့်စဉ်ကို စည်းကမ်းနည်းလမ်းကျနစွာ ကျင့်ကြံမှသာလျှင် ဒီမိုကရေစီ၏ အနှစ်သာရကို အမှန်တကယ်ရရှိမှာဖြစ်ပါသည်။
Mobocracy(လူအုပ်စုဖွဲ့ အနိုင်ကျင့်မှုမျိုး)၊
 Anarchy(အကြမ်းဖက်နည်းနဲ့ယူသည့် မင်းမဲ့ဝါဒမျိုး)၊
 Electocracy( မဲဆန္ဒရှင်ပြည်သူများကို မဟုတ်မမှန်မက်လုံးတွေပေး၊ လိမ်ညာမဲဆွယ်ပြီးယူရင်တဲ့ ရွေးကောက်ပွဲအဓိက၀ါဒ)၊
Autocracy(လူတစ်ဦးတစ်ယောက်ကို ဗဟိုပြုပြီးမှီခိုလွန်းတဲ့သဘော)၊
Polyarchy(လူထုကို မဲထုတ်စက်လိုသဘောထားပြီး လူနည်းစုရေပေါ်ဆီ လူတတ်၊ လူလည်တစ်သိုက်က အုပ်စိုးဖို့ကြိုးစားမှု) 
တို့သည် အမှန်တကယ် ဒီမိုကရေစီမဖြစ်နိုင်ပါ။ တကယ်တော့ ဒီမိုကရေစီဆိုတာ ပြည်သူ့အတွက် ပြည်သူကိုယ်တိုင်တင်မြှောက်တဲ့အစိုးရလို့အဓိပါယ်ဖွင့်ဆိုထားကြသည့်အတွက် ဒီမိုကရေစီ၏ခေါင်းဆောင် သည် ပြည်သူသာဖြစ်ပါကြောင်း……………….

ကထိန်ပွဲကြီးကျင်းပပြီ



မြောက်လေငယ် သွင်းပါလို့ 

မြူနှင်းငယ်စိုစို

မြင်တိုင်းငယ်ပျိုသည်

ရွှေကျီးညို တာရာနှင့် 

ကြတ္တိကာ ထွန်းတဲ့လတို့လေး။

တန်ဆောင်ငယ်မာသ

ဆယ့်နှစ်လတွင်၊ချမ်းမြအေးရင်

ဗြိစ္ဆာခွင်သို့၊ ရက်ဝင်ပြောင်းခွာ

ခ၀ဲညှာလဲ၊ ခိုင်လွှာဝတ်မှုန်

ရနံ့သာထုံတော့တယ်

ဘုန်းဂုဏ်ကြော့ သမ္ဘိန်မှာ

လှူကထိန် သဘင်ခင်းလို့

ကျင်းကြတယ်လေး။

                                   (မဟာအတုလမင်းကြီး)

ကထိန်ဆိုသည်မှာ ပါဠိစကားလုံး ကထိနမှဆင်းသက်လာခြင်းဖြစ်သည်။မြဲမြံခိုင်ခံ့ခြင်းဟု အနက်ဓိပါယ် ရပါသည်။ သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့မှတန်ဆောင်မုန်းလပြည့်နေ့အထိဖြစ်သော်လည်း မြန်မာနိုင်ငံအနှံ့အပြားတွင်အများအားဖြင့်တန်ဆောင်မုန်းလတွင်သာကျင်းပလေ့ရှိပါသည်။ တန်ဆောင် မုန်းလသည် ဗြိစ္ဆာရာသီဖြစ်ပြီး ကြတ္တိကာနက္ခတ်စန်းယှဉ်၏။ ခ၀ဲပန်းပွင့်၏။ ကထိန်ပွဲကျင်းပ၏။ ပါဠိစာပေ တို့ တွင် မာသေသု သရဒံ ရနဏိယံဟု ဆိုလေရာ အဓိပါယ်မှာ လတကာတို့တွင် တန်ဆောင်မုန်းလသည် မွေ့လျော်ဖွယ်ကောင်း၏ဟု သာမညဖလသုတ်တွင် တွေ့ရပါသည်။

လတကာတို့ထက် မွေ့လျော်ဖွယ်ကောင်းသော တန်ဆောင်မုန်းလ၏ထင်ရှားသောအမှတ်လက္ခဏာမှာ ကထိန် ခင်းခြင်းပင်ဖြစ်သည်။ ကထိန်ခင်းရခြင်းနှင့်ပတ်သက်ပြီး မဟာ ၀ဂ်ပါဠိတော်ကထိနက္ခန္ဓကတွင် တွေ့မြင်ကြရ သည်။

မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတွင် သီတင်းသုံးနေတော်မူသောအခါ သုံးကျိပ်သော ပါဝေယျကတိုင်းသားရဟန်းတို့သည် အရညကင်ဓူတင်၊ပဏ္ဍပါတ်ဓူတင်၊ ပံ့သကူဓူတင် ၊ တိစီဝရိတ်ဓူတင် ဆောက်တည်ကုန်၏။ ထိုရဟန်းတို့သည်မြတ်စွာဘုရားကိုဖူးမြော်ရန် သာဝတ္ထိသို့လာကုန်၏။သို့ရာတွင် ၀ါဆိုနေ့နီးကပ်နေပြီဖြစ်သောကြောင့် ၀ါဆိုနေ့မီရန်မတတ်နိုင်ကြသဖြင့် ခရီးအကြားဖြစ်သော သာကေတ မြို့တွင် ၀ါကပ်ခဲ့ရပါသည်။

ထို့နောက်ဝါလကင်းလွတ်သီတင်းကျွတ်အခါသမယသို့ရောက်တော်မူသောအခါတွင် ပ၀ါရဏာပြုပြီးလျှင် မိုးသည်းထန် စွာ ရွာသွန်းသဖြင့် ရေစိုသောသင်္ကန်းနှင့် ရွှံညွှန်များကိုဖြတ်သန်းကာ မြတ်စွာဘုရားကိုဖူးမြော် ရန် ရောက်ရှိလာကြသည်။

ထိုအခါမြတ်စွာဘုရားသည် ထိုရဟန်းတို့ကို “ရဟန်းတို့ ကျန်းမာကြကုန်၏လော၊မျှတကြကုန်၏ လော၊အညီအညွတ်ရှိဝမ်းမြောက်ဝမ်းသာ မငြင်းခုန်ပဲ ချမ်းသာစွာ ၀ါကပ်ခဲ့ကြရကုန်၏လော၊ ဆွမ်းအတွက် လည်းမပင်မပန်းပဲရှိကြကုန်၏လောဟုမေးတော်မူရာတွင်ရဟန်းများက မြတ်စွာဘုရားကိုဖူးမြော်ရန် လာရောက်ခဲ့ကြရာတွင် ၀ါတွင်းကာလဖြစ်သောကြောင့် လမ်းခရီးတွင်ပင်ဝါကပ်ခဲ့ရကြောင်း လျှောက်တင် တော် မူပါသည်။

ရဟန်းတို့သည် အရညကင်ဓူတင်ဆောင်သော တောရပုဂိုလ်များဖြစ်ရာ လူသူလေးပါးနီးသောမြို့ရွာတို့တွင် မနေကြပေ။ ပဏ္ဍိပါတ်ဓူတင်ဆောင်ကြလျက်ဆွမ်းခံစားကြသကဲ့သို့ ပံ့သကူဓူတင်ဆောင်လျှက် လွှင့်ပစ်ထားသော အ၀တ်စုတ်တို့ကိုသာ ကောက်ယူချုပ်ဆိုးပြီးဝတ်ရုံကြသည့်ရဟန်းများဖြစ်ပါသည်။ ပံ့သကူသင်္ကန်းကိုပင် ပိုပိုမိုမိုမထားကြပေ။ ထို့အတွက်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့သည့်အတွက် ရေစိုသင်္ကန်းများဖြင့်သာမြတ်စွာဘုရားကိုဖူးမြော်ခဲ့ကြရသည်။

ထိုအခါမြတ်စွာဘုရားသည် ရဟန်းတို့၏အဖြစ်အပျက်များကိုသိရှိခဲ့ရသဖြင့် တရားဟောကြားပြီးလျှင် “ရဟန်းတို့၊ ၀ါကျွတ်သော ရဟန်းတို့အား ကထိန်ခင၈်းခြင်းငှာခွင့်ပြု၏။ ကထိန်ခင်းပြီးသောရဟန်းတို့အား ထင်ရှားရှိသောရဟန်းတို့အား မပန်ကြားပဲ တကာမအိမ်သို့သွားနိုင်ခြင်း၊ တိစီဝရိတ်အဓိဌာန်တင်သော သင်္ကန်းကိုမယူပဲ သွားနိုင်ခြင်း၊ ဂဏဘောဇဉ်ကို စားနိုင်ခြင်း၊ အဓိဋ္ဌာန်ဝိကပ္ပနာ မပြုသောသင်္ကန်းကို အလိုရှိတိုင်း ဆောင်နိုင်ခြင်း၊ ထိုကထိန်ခင်းသော ကျောင်းတွင် သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော ရဟန်းတို့အား ဖြစ်ရခြင်းဟူသော ထိုငါးပါးသောအာနိသင်တို့ကိုရကုန်၏ ဟု မိန့်တော်မူ၏။

မြတ်စွာဘုရားသည် ဓူတင်ဆောင်သော ပါဝေယျကတိုင်းသားရဟန်းများ၏ပင်ပန်းဆင်းရဲခြင်း ကိုကြည့်ပြီး တော်မူပြီးသကာလ ကထိန်ခင်းရန်ခွင့်ပြုတော်မူခဲ့ခြင်းမှ စတင်ကာ ယနေ့ကာလအထိမြန်မာနိုင်ငံအရပ်ရပ် တွင် တန်ဆောင်မုန်းလရောက်တိုင်းကထိန်ပွဲသဘင်ကို ခြိမ့်ခြိမ့်သဲကျင်းပခဲ့ကြပါ သည်။


                                                      ဦးသော်ဇင်၏ ရာသီသဘင်ကိုမှီငြမ်းကိုးကားပါသည်။

Monday, September 22, 2014

ပါဖောမန့်များ၏နောက်ဝယ်



ယနေ့မြန်မာ့နိုင်ငံရဲ့အခြေအနေကိုကြည့်မယ်ဆိုရင် ဒီမိုကရေစီ ခေတ်မှာ ပွင့်လင်းမြင်သာမှုတွေရှိနေ ပါပြီ။ ဆန္ဒဖော်ထုတ်ပွဲတွေလည်း လုပ်သင့်သလောက်လုပ် နေကြပါပြီ။ ဘယ်သူတွေဘယ်လိုပဲဆန္ဒဖော် ထုတ်ပွဲ တွေလုပ်နေပါစေ အပြစ်မပြောလိုပါ။ ဒီမိုကရေစီခေတ်မှာ ကိုယ့်စိတ်ကြိုက် ကိုယ့်သဘော ကိုယ့်ဆန္ဒ အလျောက် လွတ်လပ်ပွင့်လင်းစွာ ပြောဆိုနိုင်ပြီဖြစ်တဲ့အတွက် ကိုယ် မလုပ်ချင်လည်း မလုပ်လို့ ရပေမယ့် သူများလုပ်နေသည်များကိုလည်း ဆန့်ကျင်ပုတ်ခတ်ဝေဖန်မှုမျိုးမလုပ်ချင်ပါ။ သို့သော်… စာရေးသူ အနေဖြင့် အမြင်မတော်တာတစ်ခုကိုတော့ တင်ပြပါရစေ။ မြန်မာစကားပုံတစ်ခုရှိပါတယ်။ အမြင် မတော် ဆင် တော်နဲ့ ခလောက်ဆိုသလိုပေါ့။အမြင်မတော်တာလေးကိုတော့ ပြောချင်ပါတယ်။ ဒီမိုကရေစီ ခေတ်မို့ လွတ်လပ်ပွင့်လင်း စွာပြောပါရစေ။ 

ဘွဲ့ဆိုတာ လွယ်လွယ်နဲ့ရတဲ့အရာမဟုတ်ပါဘူး။ သတ်မှတ်ထားတဲ့ စာသင်နှစ်အတိုင်း မပျက်မကွက် တတ်ရောက်ရတာဖြစ်ပြီး အဖြေလွှာပေါ်မှာ ဖြေဆိုနိုင်မှသာ စာမေးပွဲအောင်တာပါ။ စာမေးပွဲအောင်မှ တစ်နှစ် တစ်တန်းတက်ပြီး သတ်မှတ်ထားတဲ့နှစ်အလိုက်တက်ရပြီးမှ ဘွဲ့ရတာပါ။ ဘွဲ့ရသည်ဆိုစေဦး ဘွဲ့နှင်းသဘင်အ ခမ်းအနားကိုမတက်ရောက်ရင် ဘွဲ့ဝတ်စုံဆိုတာ ၀တ်လို့မရပါဘူး။ (ဘွဲ့နှင်း သဘင် မတက် ရောက်နိုင်ပေမယ့် ဘွဲ့ဝတ်စုံဝတ်ပြီး ဓာတ်ပုံရိုက်သည်များကတော့ ခြွင်းချက်ပေါ့)။ အခမ်းအနား များစွာထဲမှာ ဘွဲ့နှင်းသဘင်အခမ်း အနားကိုတက်ရသည်မှာ ကြည်နူးပီတိဖြစ်ပြီး ဂုဏ်ယူဖို့ လည်းကောင်း ပါသည်။ ဘွဲ့ဝတ်စုံကြီးကိုဝတ်၊ ဘွဲ့နှင်းသဘင်ခန်းမကြီးထဲမှာထိုင်၊ ဘွဲ့လက်မှတ်အပ်နှင်းမယ့် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ပါမောက္ခ ဆရာ၊ ဆရာမဆရာကြီး/ဆရာမကြီးများ၊ ပါမောက္ခချုပ်ကြီးတို့မှ ဘွဲ့ဝတ်စုံ များ ကိုယ်စီဝတ်ကာလျှောက် လှမ်းမှ တစ်လှမ်းချင်းလျှောက်လှမ်းလာချိန်မှာ မြန်မာ့ဆိုင်းဝိုင်းကလည်း ဘွဲ့ လက်ခံ ရ ယူမည့် လူငယ် မောင်မယ် များကို ဂုဏ်ပြုတီးခတ်နေသည်မှာ ကြည်နူးပီတိဖြစ် စရာပါ။ပြောချင် တာက ဘွဲ့ဝတ်စုံသည် ကြီး ကျယ်ခမ်းနားပြီး ဂုဏ်ယူစရာကောင်းသည့်ဝတ်စုံတစ်ခုပါ။တန်ဖိုးထားတတ် မယ်ဆိုရင် တန်ဖိုးဖြတ်လို့မရတဲ့ အရာတစ်ခုပါ။ ဘွဲ့ဝတ်စုံဝတ်၊ဘွဲ့လက်မှတ်ကိုင်ကာ ဘွဲ့နှင်းသဘင် ခန်းမ ရှေ့တွင် ဓာတ်ပုံအရိုက်ခံလိုက်ရသည့် အချိန် မိမိရင်ထဲ မည်သို့ခံစားရလိမ့်မလဲ။ မိဘတိုင်း၏ရင်ထဲမှာရော မည်သို့ခံစားရမလဲ စဉ်းစားဖူးပါသလား။ ဘွဲ့ရပြီးအလုပ်ရသည်မရသည်က နောက် ဘွဲ့ဝတ်စုံဝတ်ပြီး အခမ်းအနားတက်ရသည့် ဘွဲ့ရကျောင်းသားတစ် ယောက်၏ရင်တွင်းမှာ အတိုင်းမသိဝမ်းသာပီတိဖြစ်ရ တာအမှန်ပါ။

သို့သော်လည်း လူငယ်တစ်ချို့သည် ဘွဲ့ဝတ်စုံဝတ်ဆင်ပြီး ဆန္ဒဖော်ထုတ်နေကြသည်ကိုတွေ့မြင် နေရပါသည်။ ထိုကဲ့သို့ပြုလုပ်ခြင်းသည် ပညာရေးစနစ်အပေါ်ဆန္ဒဖော်ထုတ်ရာတွင် ပိုမိုထိ ရောက် ထင်ရှား စေလိုသည့်အတွက်ပြုလုပ်ကြသည်ဆိုသော်လည်း ဘွဲ့ဝတ်စုံကို သရော်နေသကဲ့သို့ဖြစ်နေပါသည်။ ဘွဲ့ရတိုင်းအလုပ်ရချင်မှရနိုင်သကဲ့သို့ ဘွဲ့မရဘဲနှင့်လည်း အလုပ်လုပ်နေကြသည့်သူတွေ ဒုနဲ့ဒေးပါ။ အခြေခံပညာအထက်တန်းအောင်မြင်လို့တက္ကသိုလ်ကောလိပ်များကို ကိုယ်ရရှိသည့်အမှတ်နှင့်ကိုက်ညီ သည့် ဘာသာရပ်၊ တက္ကသိုလ်များကို ကိုယ့်စိတ်ကြိုက်ရွေးချယ်တက်ရောက်ခဲ့ကြရာမှာ တက္ကသိုလ်မှဘွဲ့ ရပြီးသည်နှင့် ချက်ခြင်းအလုပ်ပေးပါမည်ဟု မပါရှိပါ။ အချို့ဆိုလျှင် ဆယ်တန်းအောင်သည်နှင့် အလုပ်ဝင် လုပ်နေကြသည့် လူငယ်မောင်မယ်လေးများအဖို့ အဝေးသင်တက္ကသိုလ်တက်ရင်း ဘွဲ့ယူကြရသည်များ လည်းရှိ ပါသည်။ ယနေ့မြန်မာတွင်သာမက ဖွံ့ဖြိုးပြီးနိုင်ငံများမှာလည်း အလုပ်အကိုင်အခွင့် အလမ်းရှား ပါးလာပြီဖြစ်ပါသည်။ အလုပ်လက်မဲ့ရှိနေကြသည့်များထဲတွင် ကိုယ့်သင်ထားသည့်ပညာနှင့်မကိုက် ညီသည့်အတွက် အလုပ်မလုပ် လိုခြင်း၊ အလုပ်ရွေးချယ်နေခြင်း၊ ကိုယ့်လုပ်အားတန်ဖိုးနှင့်တူညီသည့်လခ မရရှိခြင်း စသည့်အကြောင်းပြချက် အမျိုးမျိုးဖြင့် အလုပ်မလုပ်ကြသည် များလည်းရှိကြပါသည်။

နေရာတိုင်းမှာ အကြောင်းရှိမှအကျိုးဖြစ်တာပါ။ အကောင်းနဲ့အဆိုး အကြောင်းနဲ့အကျိုးသည် အမြဲဒွန်တွဲ နေမြဲဖြစ်ပါသည်။ လူလုပ်သည့်အရာတိုင်း အမြဲတမ်းPerfectမဖြစ်နိုင်ပါ။ အကောင်းချည်းပဲ မရှိနိုင် သကဲ့ သို့ အဆိုးချည်းပဲလည်းရှိနိုင်မည်မဟုတ်ပါ။ မိမိကအမြင် မှန်ကန်အောင်ကြည့်တတ်ဖို့လိုပါသည်။ အမျိုးသား ပညာရေးဥပဒေကို ဆန္ဒပြချင်ရုံသက်သက်နဲ့ဖြင့် ဘွဲ့ဝတ်စုံကိုဝတ်ပြီး ပါဖောမန့်လုပ်စရာမလိုပါ။ ဥပဒေထဲ က မှမည် သည့် အချက်ကိုမကြိုက်သလဲ။ ဘာအချက်ကဖြင့် မကောင်းဘူး။ စသဖြင့် ဝေဖန်လျှင် ပိုမိုသင့်တော်မည်ဖြစ်ပါသည်။ယခုလိုလုပ်နေလျှင် ဘွဲ့ရသည့်ပဂိုလ်များ၊တက္ကသိုလ်ကောလိပ်မှ ဘွဲ့တစ်ခုခု ရရှိပြီး ၄င်းဘွဲ့ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသည့် ပုဂိုလ်များကို စော်ကားသကဲ့သို့ဖြစ်နေပါသည်။

တစ်ခါတရံတွင် မိမိလုပ်လိုက်သည့်ရည်ရွယ်ချက်သည်တစ်မျိုးဖြစ်သော်လည်း ခံယူသည့်လူပေါ်မူတည် ပြီး ရလဒ်သည်ပြောင်းလဲသွားတတ်ပါသဖြင့် သတိပြုဆင်ခြင်စေလိုပါသည်။


                                                                               ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)

လွမ်းနေရုံလေး


မချစ်လို့လမ်းခွဲပါတယ်ဆိုမှ 

ဘာအကြောင်းပြချက်လိုဦးတော့မှာလဲ..။

မမျှော်လင့်ပါဘူးလို့ တဖွဖွပြောနေပေမယ့်

ရင်ထဲမှာ တိတ်တခိုးတမ်းတနေမိတာ အပြစ်လား။

မင်းထားခဲ့တဲ့နေရာမှာတော့ မနေတော့ပါဘူး။

မင်းနောက်ဆံတင်းနေမှာစိုးလို့ပါ။

အချစ်နဲ့ထွန်းညှိခဲ့တဲ့မီး

နှလုံးသားကို လောင်မြိုက်တော့ရော

ဘာများတတ်နိုင်မှာတဲ့လဲ။

ငြိမ်းဖို့ဆိုတာ မင်းရဲ့မေတ္တာကသာ စွမ်းဆောင်နိုင်မှာပါ

အဝေးကိုလှမ်းမျှော်ကြည့်နေမိပေမယ့် အလွမ်းတွေက နှလုံးသားထဲမှာ

မပျော်ဘူး..မပျော်ဘူးလို့အထပ်ထပ်ငြီးတွားနေမိပေမယ့်

အချစ်နဲ့ဝေးတဲ့သူ ပျော်သူဘယ်ရှိပါ့မလဲ။

မလွမ်းဘယ်သူရှိပါ့မလဲ..။

Monday, September 15, 2014

နှလုံးသားစစ်တမ်း

လူတိုင်းဟာ

သူတို့ရဲ့အားလပ်ချိန်တွေမှာ

တစ်ချို့က စာဖတ်တယ်။

တစ်ချို့က လမ်းလျှောက်တယ်။

အဲ...လူတစ်ချို့ကြပြန်တော့

ပန်းပင်လေးတွေစိုက်ကြတယ်။

ထူးဆန်းတဲ့အရာဝတ္ထုလေးတွေ စုကြတယ်။

ကိုယ်ကတော့

အားလပ်ချိန်မှာရော

မအားမလပ်တဲ့အချိန်မှာရော

မင်းကိုသတိရခြင်းတွေပဲစုဆောင်းပါတယ်....။

Wednesday, September 10, 2014

”ဒီမိုကရေစီဖော်ဆောင်ရေး လူငယ်များဝိုင်းဝန်း ဆောင်ရွက်ပေး”



ကမ္ဘာပေါ်ရှိ အချုပ်အခြာအာဏာပိုင်များအနက် (၁၆၇) နိုင်ငံသည် ဒီမိုကရေစီကျင့်စဉ်များကျင့်သုံး နေမှုကို ဂုဏ်ပြုသည့်အနေဖြင့်လည်းကောင်း၊ နိုင်ငံအစိုးရများအနေဖြင့် ဒီမိုကရေစီကျင့်စဉ်များ ကိုမြှင့်တင်ပေး ရန် နှင့် နိုင်ငံသူနိုင်ငံသားများအကြောင်း ဒီမိုကရေစီစိတ်ဓာတ်အစဉ်နိုးကြားစေရန် အတွက်လည်းကောင်း၊ ဒီမို ကရေစီမြှင့်တင်မူကို ယခုအချိန်တွင် ဖော်ဆောင်နေသကဲ့သို့ အနာဂတ်တွင်လည်း ထာဝစဉ် ဖော်ဆောင် နိုင် ရန် လိုအပ်ကြောင်း နိုးဆော်သတိပေးသည့် ရည်ရွယ်ချက်များဖြင့် ပါလီမန်အမတ်များသမဂ္ဂ( Inter- Parlimentary Union IPU) က နှစ်စဉ်စက်တင်ဘာလာ(၁၅) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီ နေ့အဖြစ်သတ်မှတ်ပြီး အထိမ်းမှတ်အခမ်းနားများပြုလုပ်ရန် တိုက်တွန်းနိုးဆော်ထားပါသည်။ မြန်မာနိုင်ငံ အနေဖြင့် ပြည်ထောင်စု လွှတ်တော်၏ဦးဆောင်မူဖြင့် အထိမ်းအမှတ်အခမ်းအနားများ ပြူလုပ်လာခဲ့ကြ သည်မှာ ယခုဆိုလျှင် စတုတ္ထ အကြိမ်တိုင်ပေတော့မည်။

ဒီမိုကရေစီ ဟူသောဝေါဟာရကို အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုကြသည်။ မည်သို့ပင်ဖွင့်ဆိုကြစေကာမူ ဒီမိုကရေစီ၏ အရင်းအမြစ် (Source) မှာ ပြည်သူလူထုဖြစ်၍ ဒီမိုကရေစီ၏ ရည်မှန်းချက် (Purpose) မှာ ပြည်သူလူထုအကျိုးစီးပွားဖြစ်ပြီး လက်တွေ့အကောင်ထည်ဖော်ဆောင်သည့်နည်းလမ်း ( Producer) မှာ ပြည်သူလူထုနည်းဖြစ်ပေရာ ” လူထုအခြေခံ၊ လူထုအတွက်၊ လူထုနည်း” ဟူသော (Of the people, By the people) အဓိပ္ပာယ်ဖွင့်ဆိုချက်သည် ပြည့်စုံသောဖွင့်ဆိုချက်ဖြစ်သည်။

ကျွနှ်ပ်တို့လူ့ဘောင်သည် ဒီမိုကရေစီကို အခြေခံသည့် လူ့ဘောင်ဖြစ်သည်။ လူသားအားလုံး၏ အတွေး အမြင်နှင့် လိုအင်များကိုစုစည်း၍ လုပ်ငန်းစဉ်များ စည်းကမ်းများသတ်မှတ်ကာ လူ့ဘောင်လောက၏ သာယာချမ်းမြေ့မူကိုအကောင်ထည်ဖော်ခြင်းသည် ဒီမိုကရေစီကျင့်စဉ်ဖြစ်သည်။ ဒီမိုကရေစီအကောင် ထည်ဖော်ရန်အတွက် လူတစ်ဦးတစ်ယောက်ချင်းစီက အများအရေးကို မိမိအရေးကဲ့သို့ သဘောထားပြီး အများဆန္ဒနှင့်အညီ ပါဝင်ပတ်သက်ဖြေရှင်းပေးရန်တာဝန်ရှိသည်။ ဆောင်ရွက်မူတိုင်းတွင် အရအတွက် များများနှင့် ဆုံးဖြတ်မူသည် အရေးပါသောနည်းလမ်းဖြစ်သော်လည်း လူနည်းစုအမြင်ကို လေးစားမှုရှိရန် လိုအပ်ပေသည်။ ဤနည်းအားဖြင့် ဒီမိုကရေစီကို အခြားတွင်ရှာဖွေရန်မလိုဘဲ လူ့နှလုံးသားထဲတွင် ရှာဖွေ က တွေ့နိုင်ပေသည်။

နိုင်ငံရေးဆောင်ရွက်ရာတွင် ဒီမိုကရေစီသည် ထိန်းကွပ်သောကျင့်စဉ် တစ်ရပ်အနေဖြင့် မရှိမဖြစ် လိုအပ် သည်။ ဒီမိုကရေစီသည် လူတစ်ယောက်ချင်းအပေါ်လေးစားမူ၊ လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားမူအပေါ် တွင် အခြေခံသည်ဖြစ်ရာ ပြည်သူတစ်ယောက်ချင်းသည် နိုင်ငံရေး၏ အဓိကမဏ္ဍိုင်ဖြစ်ပေသည်။ ဒီမိုကရေစီ၏ သဘောသဘာဝနှင့် အနှစ်သာရတို့သည် လူသားအကျိုးအတွက်ရည်ရွယ်ထားသောကြောင့် ဒီမိုကရေစီ အသီး အပွင့်ကို ဆွတ်ယူစားသုံးနိုင်ခွင့် လူတိုင်းတွင်ရှိသည်။ ဒီမိုကရေစီအခွင့်အလမ်းများ ရယူနိုင်သည့် နည်းတူ လိုက်နာအပ်သောစည်းကမ်းများ၊ ကျင့်ဝတ်များ၊ တာဝန်ဝတ္တရားများ ရှိနေသည်ကိုလည်း မမေ့ လျော့ အပ်ပေ။ ထို့ကြောင့် ဒီမိုကရေစီရေးအတွက် လူတိုင်းတွင်တာဝန်ရှိသည်။ လူတိုင်း တာဝန်သိရမည်။ လူတိုင်းတာဝန်ယူ ရမည်။

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲကြီးသည် အဖွဲ့ဝင်နိုင်ငံများ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ အတွက်ကူညီလျက်ရှိရာတွင် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ပေးမှု လည်းပါဝင်သည်။ ၂၀၀၈ ခုနျစ်မှစ၍ ကမ္ဘာ့ကုလသမဂ္ဂ၏ ကြီးကြပ်မူဖြင့် Inter- Parliamentary Union (IPU)က ကျင်းပသော အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ ဆောင်ပုဒ်များကို နှစ်စဉ်သတ်မှတ်ခဲ့သည်။ သတ်မှတ်ခဲ့ သည့်ဆောင်ပုဒ်များသည် နှစ်အလိုက်ဖြစ်ပေါ်ပြောင်းလဲနေသော ကမ္ဘာ့လုံးဆိုင်ရာနိုင်ငံရေး အခြေအနေအခင်း အကျင်းများနှင့် လိုက်လျောညီထွေဆီလျော်အောင် သတ်မှတ်ခဲ့ပါသည်။ ယခုနှစ်၏ ဆောင်ပုဒ်မှာ “ ဒီမိုကရေစီဖော်ဆောင်ရေး လူငယ်များဝိုင်းဝန်းဆောင်ရွက်ပေး ” Engaging youth on Democracyဖြစ်ပေရာ ဒီမိုကရေစီအခန်းကဏ္ဍတွင် လူငယ်များပါဝင်လာစေရန် လှုံ့ဆော်လိုက်ခြင်း ပင်ဖြစ်သည်။

ကမ္ဘာ့လူဦးရေ၏ ငါးပုံတစ်ပုံသည် အသက် ၁၅ နှစ်နှင့် ၂၅ နှစ်ကြားလူငယ်များဖြစ်သည်။ ဒီမိုကရေစီ၏ အနှစ်သာရကိုပြည်သူများ နားလည်သဘောပေါက်ပြီး ပါဝင်လှုပ်ရှားဆောင်ရွက်ရန် လိုအပ်သကဲ့သို့ လုပ်ဆောင်နိုင်မှုစွမ်းရည် အရည်အသွေးနှင့် အရေအတွက်ပမာဏများပြားသော လူငယ်များလည်း အင်အားစုတစ်စုအနေဖြင့် ပါဝင်လာရန် အထူးပင်လိုအပ်လျက်ရှိပါသည်။

ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းစဉ်များသည် အခုရေတွင်းတူး အခုရေကြည် သောက်ရသော ပွဲပြီး မီး သေ ကာလတိုလုပ်ငန်းမဟုတ်ပေ။ လူ့ဘောင်ဘ၀တိုးတက်ရေး၊ သာယာဝပြောရေးအတွက် စဉ်ဆက် မပြတ် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ပေရာ မျိုးဆက်သစ်လူငယ်များ၏ ဒီမိုကရေစီရေးကို အာရုံ စူးစိုက်မှုထွန်းသစ်ရန်လိုပေသည်။ သို့မှသာလူငယ်များ၏ အားကြိုးမာန်တက် ဆောင်ရွက်သွားမှုဖြင့် အားကောင်းခိုင်မာသည့် လူမှုအဖွဲ့အစည်းများမလွဲမသွေပေါ်ပေါက်လာနိုင်မည်ဖြစ်ပေသည်။

လူငယ်ထုအင်အားစုမှာ လူမှုဘ၀အလွှာအသီးသီးတွင် ပါဝင်လျက်ရှိသည်။ ထိုပါဝင်နေသော လူငယ်ထု အင်အားများကို စုစည်း၍ နိုင်ငံရေး၏အဓိကမဏ္ဍိုင်ဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးရပေမည်။ ထိုသို့ ဆောင်ရွက်ရာတွင် ခိုင်မာကျစ်လျစ်သောလူငယ်အဖွဲ့အစည်းများ ဖွဲ့စည်းခြင်း၊ နိုင်ငံရေးအခင်းအကျင်း များတွင် လူငယ်များ၏ အခန်းကဏ္ဍမြှင့်တင်ပေးခြင်း၊ ပြည်သူများအကြား နိုင်ငံရေးနှင့် ဒီမိုကရေစီရေးကို အာရုံစိုက်မှု ပိုလာသကဲ့သို့ လူငယ်များကိုလည်း အာရုံစိုက်စေခြင်း၊ ပါတီများ၊ လွှတ်တော်များ၏ စွမ်းဆောင် မှုနှင့်အတူ ဒီမိုကရေစီရေးတွင် လူငယ်များ၏ စိတ်ပါဝင်စားလာစေခြင်းတို့သည် အဓိကကျသောလုပ်ငန်း စဉ် များဖြစ်ပေသည်။

ကမ္ဘာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများကို အဓိကဦးဆောင်ခဲ့သူများသည် လူငယ်ဘ၀ကပင် လေ့လာမှု၊ ကြိုစားအားထုတ်မှုများဖြင့် ကိုယ်ရည်ကိုယ်သွေးနှင့်စွမ်းဆောင်ရည် မြင့်မားအောင် လေ့ ကျင့်ဖြည့်ဆည်းခဲ့ကြသဖြင့် နိုင်ငံအရေးကို ဦးဆောင်နိုင်ခဲ့ကြသည်။ ထိုခေါင်းဆောင်များ၏ စိတ်ကောင်း စေတနာမှန်ဖြင့် စွမ်းဆောင်မှုအရ နိုင်ငံရေးဖြစ်စဉ်များ ပြောင်းလဲတိုးတက်ခဲ့ရသည်။ ယနေ့လူငယ်များ အနေဖြင့် ထိုခေါင်းဆောင်များ၏ စံနမူနာကိုဆက်ခံကာ ယနေ့နိုင်ငံရေးအခင်းအကျင်းနှင့်လိုက်လျော ညီထွေအောင် ပေါင်းစပ်ဆောင်ရွက်သွားရန် လိုအပ်ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ပြည်သူများအကျိုးစီးပွားဖြစ်ထွန်းရေးအတွက် ပါတီစုံဒီမိုကရေးစီနှင့် ဈေးကွက်စီးပွားရေးစနစ်ရှင်သန်ကောင်းမွန်ရေးအတွက် ဦးဆောင်ကြိုးပမ်းလျက် ရှိပါ သည်။တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တရားဥပဒေစိုးမိုးရေး ငြိမ်းချမ်း ရေးနှင့်ဒီမိုကရေစီစနစ် အောင်မြင်ရေးအတွက်ဆောင်ရွက်ရာတွင် အခြေခံကျသော လူငယ် အင်အားစုများ ပါဝင်လာနိုင်စေရန် လူငယ်များကိုစုစည်း၍ အရပ်ဖက်လူ့အဖွဲ့အစည်းများကျစ်လျစ်ခိုင်မာစွာတည်ထောင် ဖွဲ့စည်းခြင်း၊ တည်ထောင်ဖွဲ့စည်းပြီး လူငယ်များနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မြင့် မားတိုးတက်လာစေရေးအတွက် လေ့ကျင့်ပညာပေးခြင်း၊ စွမ်းဆောင်ရည်ပြည့်ဝသောလူငယ်များနှင့် အရပ် ဖက်လူ့အဖွဲ့အစည်းများက ပြည်သူ့လူထုအတွင်းလက်တွေ့လှုပ်ရှားဆောင်ရွက်ခြင်းတို့ကိုအကောင် အထည်ဖော်ကြိုးပမ်း လျက်ရှိပါသည်။

ထို့ကြောင့်လူငယ်ထုအားခိုင်မာသော လူငယ်အဖွဲ့အစည်းများဖွဲ့စည်းပြီး “ ဟုတ်သောအကြံ၊ မှန်သောအကျင့်၊ သင့်သောအယူ၊ ဖြူသောနှလုံး ” ရှိသည့် ထူးချွန်ထက်မြက်သော လူငယ်အင်အားစု များတိုးပွားရေးအလေးပေးဆောင်ရွက်သွားရပေမည်။

                                                                          ခင်လယ်လယ်ချစ် (မြန်/ ဂုဏ်)

Friday, August 22, 2014

ဒီမိုကရေစီ

လူတိုင်းကိုလေးစားခြင်း

လူတိုင်းအခွင့်အရေးမျှတခြင်း

လူတို့ပိုင်ရေးပိုင်ခွင့်များ

လွတ်လပ်မှုရှိခြင်း

အများသဘောကျအုပ်ချုပ်ခြင်း

နောင်ရေးမျှော်လင့်ချက်ရှိခြင်း

လူတို့အချင်းချင်းအမှီသဟဲပြုခြင်း

တို့သည် ဒီမိုကရေစီလမ်းစဉ်အတိုင်း လျှောက်လှမ်းရမည့် လမ်းကြောင်း(ရ)သွယ်ဖြစ်ပါသည်။ ၄င်းလမ်းစဉ်အတိုင်းလက်ခံကျင့်သုံးမှသာလျှင် ဒီမိုကရေစီအမှန်တကယ်ရရှိမှာဖြစ်ပါသည်။ ကျွန်ုပ်တို့ရော ၄င်းလမ်းစဉ်များကို ဘယ်အတိုင်းအတာထိလိုက်နာကျင့်ကြံပြီးပါပြီလဲ။ မိမိကိုယ်ကိုဝေဖန် သုံးသပ်ဆုံးဖြတ်ကြရမှာပါ…။ ဒီမိုကရေစီဆိုတာ သူများဆီက လက်ဖြန့်တောင်းယူရသည့်အရာမဟုတ် ကိုယ်တိုင်ကျင့်ကြံအားထုတ်ရမှာဖြစ်ပါတယ်….။

Thursday, August 21, 2014

စစ်တမ်း





ကိုယ့်နှလုံးသားလေးကို ကိုယ်တိုင်စစ်တမ်းကောက်ကြည့်ရာ...........
-မင်းကိုချစ်တဲ့အချစ်က ရာခိုင်နှုန်း - ၁၀၀%
-မင်းကိုအချိန်တိုင်းလွမ်းတဲ့ရာခိုင်နှုန်း -၁၀၀%
-မင်းရဲ့စာသ၀ဏ်လွှာလေးများတွေ့ရလိုတွေ့ရငြားViberကို ဖွင့်ကြည့်မိတဲ့
အကြိမ်အရေအတွက် ရာခိုင်နှုန်း -၁၀၀%
-မင်းရဲ့အသံကိုကြားချင်လွန်းလို့ မင်းဖုန်းကိုမျှော်နေမိတဲ့ အကြိမ်အရေအတွက် ရာခိုင်နှုန်း -၁၀၀%
- မင်းရဲ့ Statusတွေ တွေ့ရမလားလို့Facebookကို ဖွင့်ကြည့်မိတဲ့အကြိမ်အရေအတွက် 

ရာခိုင်နှုန်း -၁၀၀%
-connectionမရတဲ့အကြိမ်အရေအတွက်ကလည်း ရာခိုင်နှုန်း -၁၀၀%ပါပဲ...

Wednesday, August 20, 2014

ကိုယ်တိုင်ရေးတဲ့ စာပန်းချီ



လပြည့်ညရဲ့ကောင်းကင်ကြီးကိုမော့ကြည့်ရင်း

မင်းရဲ့နာမည်လေးကို

လမင်းကြီးရဲ့မျက်နှာပြင်မှာရေးထိုးမည်ဟု
စိတ်ကူးနေစဉ် ခဏတွင်ဝယ်

လကွယ်ညအလယ်

မတွေ့မြင်ရမှာ စိုးမိလေသောကြောင့်

နေမင်းကြီးရဲ့ မျက်နှာပြင်မှာရေးထိုး

နေမင်းကွယ်ပျောက်

ညချိန်ရောက်ရင်

မတွေ့မြင်ရမှာစိုးမိလေသောကြောင့်

ကိုယ့်နှလုံးသားမှာ မင်းအမည်လေး

ကိုယ်တိုင်ရေးထိုးမိပါသည်...

နှလုံးသားဝယ်
ကဗ္မည်းတင်စေသတည်း။

Friday, August 8, 2014

ဆုံမှတ်မရှိသော မျဉ်းပြိုင်နှစ်ကြောင်း


                                 

လူတိုင်းလူတိုင်းတွင် ဦးတည်ချက်၊ရည်ရွယ်ချက်၊စိတ်ကူးမျှော်လင့် ချက်များရှိသကဲ့သို့ အတိတ်ဆိုတာ လည်းရှိကြမှာပါ။ အတိတ် ဆိုရာမှာ လည်း ပျော်ရွှင်ကြည်နူးရတဲ့အတိတ်ရှိသကဲ့သို့ ၀မ်းနည်းကြေကွဲစရာ အတိတ်များလည်းရှိနိုင်ပါသည်။ အတိတ်ကို လက်ဆုပ်လက်ကိုင် မပြနိုင်ကြသော်လည်း ရင်ထဲမှာခံစားကြ ရ သည့်ခံစားချက်ခြင်းတော့ တူညီကြမှာအမှန်ပါ။
မောင်..အတိတ်ဆိုတာ မေ့လို့မရပေမယ့် ကျွန်မ ကတော့ မေ့ထားချင်ပါတယ်။တကယ်ဆိုတော့ ကျွန်မတို့နှစ်ယောက်ရဲ့ ဘ၀ဟာဆုံမှတ်တစ်ခုရဲ့တစ်ဖက်တစ်ချက်ဆီမှာပါ။ မဆုံနိုင်မှန်းသိခဲ့ရင် ကျွန်မမောင့်ကို မချစ်ခဲ့ပါဘူး။ဒါပေမယ့်လည်း ကံကြမ္မာကို ဘယ်သူ ကကြိုပြီးဟောကိန်း ထုတ်နိုင်မှာ လဲနော်။သိပ်ချစ်ကြရင် မခွဲရဘူးလို့ပဲ ထင်မှာပေါ့။ တစ်ယောက်နဲ့တစ်ယောက် နှလုံးသားစည်းချက်ညီရင် လှပတဲ့ ကဗျာလေးတစ်ပုဒ်၊ သီချင်းလေးတစ်ပုဒ်ဖြစ်လာမယ်လို့ ကျွန်မယုံကြည် မိတာအမှန်ပါ။ ဒီသီချင်းလေးတွေကို ကျွန်မနဲ့မောင်က သီဆိုကြမယ်။မောင်မောသွားရင် ကျွန်မက နှစ်သိမ့်မယ်။ ကျွန်မမော သွားရင် မောင်ကနှစ်သိမ့်ပေးရမယ်နော်လို့ မောင့်ကိုမူနွဲ့နွဲ့လေးပြောမိတော့ မောင်ကလည်း ကြည်နူးတဲ့အပြုံးလေးနဲ့ခေါင်းတစ်ငြိမ့်ငြိမ့်ပေါ့။
ဘ၀မှာ ပေးဝေသူနဲ့ ခံယူသူညီမျှနေရင် အရာရာကိုရင်ဆိုင်နိုင် လိမ့်မယ်လို့ ကျွန်မထင်မိတယ်လေ။ ဆင်းရဲ တာ ချမ်းသာတာက ဘ၀ရဲ့ကုသိုလ်ကံအကြောင်းတရား။တစ်ယောက်နဲ့တစ်ယောက်ချစ်နေကြရင် လောက မှာ အရာရာပြည့်စုံတယ်လို့ ကျွန်မကတော့ ထင်တာပဲ။ ဒါပေမယ့် ကျွန်မမိဘတွေကတော့ အဲဒီလိုမဟုတ် ဘူး။နှလုံးသားဟာ အစာအိမ် တစ်ခုလောက်တောင် အရေးမပါဘူးတဲ့။ခန္ဓာ ကိုယ်ကြီးတစ်ခုလုံးမှာ နှလုံး သားကသေးသေးလေးပေမယ့် လူ့ဘ၀အသက်ရှင်ရပ် တည်ဖို့ နှလုံးသားက အလုပ်လုပ်နေ တယ်လို့ပဲ ကျွန်မကမြင်တယ်။ ပြီးတော့ အချစ်ကအရာရာကို အကောင်းဆုံးဖြစ်အောင် ဖန်တီးနိုင်မှာပါဘို့ ကျွန်မထင် မိတယ်လေ။ မိဘတိုင်းကသားသမီးကို ဆင်စီး ပြီးမြင်းရံစေချင်ကြ တာ စေတနာပါ. ဆင်နင်းပြီး မြင်း ကန်တာမျိုးတော့ ဘယ်မိဘ မှ မြင်ချင်မှာမဟုတ်ဘူးဆိုတာလည်း ကျွန်မနားလည် သဘောပေါက်မိပါရဲ့။ ဒါပေမယ့်လည်းကွယ်…မောင့်ကိုတော့ ကျွန်မ သိပ်ချစ်မိတာအမှန်ပါ။ အချစ်သည်ရယူခြင်း လား ပေးဆပ်ခြင်းလားဆိုတာတော့ ကျွန်မနားမလည်ပါဘူး။မောင့်ကိုချစ်ရရင်ပဲ ကျွန်မကျေနပ်ပါတယ်။ ချစ်နေ ရက်နဲ့များမောင့်ကိုထားခဲ့ရသလားကွာလို့ မေးရင်တော့ ခွဲခွာသူရော ကျန်ရစ်သူနှစ်ယောက် စလုံးခံစားရ တာချင်း အတူတူပါ။ တမင်တကာ စိမ်းကားရက်စက်လို့ ခွဲခွာသွားရတာမှ မဟုတ်တာ။ ချစ်လျက် နဲ့ဝေးကွာရတာဆိုတော့ ပိုပြီးနာကျင်ခံစားရမှာ အမှန်ပါမောင်ရယ်….။
…………………..
မောင်…မောင်…ဟုတ်ပါတယ်နော်
သက်ထားမိုးမြင့်တစ်ယောက် အချိန်တွေ နေရာတွေ အရွယ်တွေ ကိုမေ့ပြီးရင်ထဲမှာ နှစ်နှစ်ကာကာ ချစ်မြတ်နိုးခဲ့ရတဲ့မောင်တစ်ဖြစ်လဲ ဦးဘုန်းမြတ်ကိုတွေ့လိုက်ရတဲ့တစ်ခဏမှာ စိတ်လောကြီးသွားမိသည်။
…ဟုတ်ပါတယ်…ကျွန်တော်ဘုန်းမြတ်ပါ။ဒီကသူဌေးကတော်ကြီး ဘာကိစ္စများရှိလို့ပါလဲ ဘာများခိုင်းစရာရှိလို့ပါလဲ..အမိန့်ရှိပါခင်ဗျာ…
…ပြောရက်လိုက်တာမောင်ရယ်။ကိစ္စရှိမှ ခိုင်းစရာရှိ မှခေါ်တယ် လို့ထင်နေတာလား…
…မဟုတ်ဘူးလို့ မငြင်းပါနဲ့ဗျာ။ခင်ဗျားတို့လို ဂုဏ်သရေရှိ ပိုက်ဆံ ချမ်းသာ တဲ့သူတွေဟာ ကျွန်တော်တို့လို မျက်နှာမွဲတွေကို ခေါ်ပြီပြောပြီဆိုကတည်းက အသုံးချဖို့ပဲမဟုတ်လားဗျာ။တစ်ချိန်ကတောင် ကျွန်တော့်နှလုံး သားကို ခင်ဗျားတို့အပျင်းပြေဖို့အတွက် အသုံးချခဲ့သေးတာပဲမဟုတ်လား…
…ဘုရား…ဘုရား ဒီလိုခနဲ့တတ်တဲ့ပညာတွေ ကျွန်မနဲ့ဝေးကွာပြီး တဲ့နောက်ပိုင်းမှာ မောင့်ကိုဘယ်သူက များသင် ပေးပါလိမ့်။တစ်ချိန်ကမောင်နဲ့အခုတော့အကွာခြားကြီးကွာခြားနေပါပေါ့လားကွယ်။ကျွန်မရဲ့မျက်နှာကို အရိပ်လို ကြည့်ကာ အရာရာကိုလိုလေသေးမရှိ လိုက်လျောတတ်တဲ့မောင်။ကျွန်မစိတ်မပျော်ရွှင်ရင် စိတ်ကြည်နူးလာ အောင် အမျိုးမျိုးဖန်တီးပေးတတ်တဲ့သူ။ အခုတော့လည်း အရာရာပြောင်းလဲကုန်ပါပေါ့ လား။ပြောင်းလဲတတ်တဲ့ လောကကြီးမှာ မပြောင်းမလဲတည်ရှိတဲ့အရာဟာ ပြောင်းလဲခြင်းပဲလေ။ မောင်လဲ လူသားတစ်ယောက်ပဲမို့ ပြောင်းလဲသွားတာ မဆန်းပါဘူး။ဆန်းနေတာက ကျွန်မရင်ထဲက ခံစားချက်ပါ။
…ဆရာ..ကျောင်းသူတစ်ယောက်ကတွေ့ခွင့်တောင်းနေပါတယ်လို့ ဆရာမတစ်ယောက်က လာပြောစဉ်မှာ ပင် ခွင့်ပြုပါဦးဒေါ်သက်ထားမိုးမြင့်ဟု ခပ်တည်တည်ပင် နှုတ်ဆက်ထွက်သွားဖို့ပြင်နေပါသည်။
…ဟုတ်ကဲ့ပါဆရာ ကျွန်မက သမိုင်းဌာနက ဌာနမှူးနဲ့တွေ့ဖို့လာခဲ့တာပါ။ အခုကျွန်မသမီးက သူ့ဆရာနဲ့ စကား ပြောနေလို့ ကျွန်မကော်ရစ်တာကစောင့်နေတာပါ။ဆရာကိစ္စရှိရင်သွားပါ..
…သမီး ဒီမှာမေမေ…
အသံလာရာ ကို လှည့်ကြည့်လိုက်တော့ သမီးဖြစ်သူက ကျွန်မရှိရာကိုလျှောက်လာနေပါပြီ။
…ဆရာ..ဒါ ကျွန်မရဲ့မေမေ ဒေါ်သက်ထားမိုးမြင့်ပါ…
…သြော်..ဟုတ်လား..ကြွပါဗျာ…
သြော်…မောင်တစ်ယောက် ဌာနမှူးတောင်ဖြစ်နေပါပေါ့လား ။မောင့် ကို ဖေဖေတို့မေမေတို့မြင်စေချင်လိုက် တာ။ မောင်ဒီလိုအခြေအနေမျိုး ဒီလိုအဆင့်အတန်းမျိုးဖြစ်အောင် ဘယ်လိုများကြိုးစားခဲ့ပါလိမ့်။ ၀မ်းသာဂုဏ်ယူမိပါ တယ်မောင်ရယ်။
…ဒီလိုပါ ဒေါ်သက်ထားမိုးမြင့်။ဒီနှစ်ဆိုကရေးတီးပြိုင်ပွဲမှာ သမီးပန်းသတင်း ကို စောင်းတီးပြိုင်စေချင်လို့ပါ။ သူ့ကို မေးတော့ မိဘခွင့်ပြုချက်မရရင် မပြိုင်ချင်ဘူးတဲ့။ဆရာတို့မေမေကိုပြောပါဆိုလို့ပါ။ ဒီသမီးက စောင်း တီး တာတော်တော့ ကျွန်တော်က၀င်ပြိုင်စေချင်ပါတယ်…
…သမီးက ပညာရှင်အဆင့်မဟုတ်ပါဘူးဆရာ။ ပြိုင်ပွဲဝင်ဖို့အထိတော့ သမီးတတ်နိုင်မှာမဟုတ်လောက် ပါဘူး…
…အဲဒါတော့ မစိုးရိမ်ပါနဲ့မေမေ။သမီးတို့ကိုဆရာကသင်ပေးမှာပါ…မောင်က အနုပညာ ၀ါသနာပါတဲ့ အတွက် စောင်း၊တယော၊ ပတ္တလား၊ စန္ဒယား၊ အဆိုမှအစ အကုန်ကျွမ်းကျင်သူတစ်ယောက်ပါ။ ဒါကြောင့် လည်း ကျွန်မမိဘတွေကသဘောမတူနိုင်ခဲ့တာပေါ့။
…ခွင့်ပြုပေးလိုက်ပါ ဒေါ်သက်ထားမိုးမြင့်။အနုပညာဆိုတာ ဂုဏ်သိက္ခာ ကိုထိခိုက်တဲ့အလုပ်မဟုတ်ဘူးဗျ။ အကျင့်စာရိတ္တယိမ်းယိုင်စေတယ်။ အနုပညာသမားဆိုတာပေါ့ပျက်ပျက်နဲ့ အရာရာကိုအလေးအနက် မထားဘူး စတဲ့ အကြောင်းပြချက်တွေနဲ့ငြင်းဦးမလို့လား။ဒါတွေက ဟိုခေတ်က ကျန်ခဲ့ပါပြီဗျာ။ မြန်မာ့ ဂီတ၊မြန်မာ့အနုပညာ ဟာ ဘယ်လောက်လေးစား ဂုဏ်ယူဖို့ကောင်းလဲ။ကြိုး ဘွဲ့ ယိုးဒယား သီချင်းကြီး သီချင်းခန့်တွေကို နားထောင် ရရင် ဘယ်လောက်များဂုဏ်ယူဖို့ကောင်းလဲ ဒါတွေ ကိုပြောပြနေလို့လဲ အပိုပါပဲ။ခင်ဗျားတို့က ငွေကိုသာကိုးကွယ်ပြီး ငွေကိုသာအရှင်သခင်လို့ သတ်မှတ်တဲ့လူတန်းစားတွေ ဆိုတော့ ဒါမျိုးတွေကိုခံစားတတ် တဲ့အသည်းနှလုံးလည်းရှိမှာမဟုတ်ပါဘူးဗျာ…
…မဟုတ်ပါဘူးဆရာ။ မေမေက စောင်း၊စန္ဒယားတီးသလို သမီးကို လည်း မေမေသင်ပေးတာပါဆရာ…
သြော်..ဟုတ်လားဆိုတဲ့ စကားသံထဲမှာ အံ့သြတဲ့လေသံမပါပေ မယ့် မောင့်ရဲ့မျက်ဝန်းမှာတော့ အံ့သြ ရိပ်တွေ တွဲခိုနေတာ သက်ထားတွေ့ လိုက်ရပါသည်။ သက်ထားက စောင်းတီးသင်ချင်ပါတယ်လို့ဖေဖေ့ကိုပြောတော့
…ဒီမယ်သမီး အနုပညာသမားဆိုတာ စိတ်ကူးယဉ်ပြီး လေထဲမှာ တိုက်အိမ်ဆောက်နေကြတဲ့သူတွေ ကွဲ့။ မြန်မာ့အနုပညာကိုတော့ ဖေဖေလည်းသဘောကျပါတယ်။ ဒါပေမယ့် အနုပညာသမားတွေ ကိုတော့ ဖေဖေမကြိုက်ဘူး။ဘ၀မှာတိုးတက်အောင် ကြီးပွားအောင်ဘယ်လိုရုန်းကန်လှုပ်ရှားမလဲတော့ စိတ်မကူးဘဲ အဲဒီ အနုပညာဆိုတဲ့ ရေစီးကြီးထဲမှာ မှိန်းပြီးရေစုန်မျှော လိုက်နေတဲ့ သူတွေကို ဖေဖေ အထင်မကြီးဘူး။ငါ့သမီးကို လည်း အဲဒီလိုမဖြစ်စေချင်ဘူး လို့ပြောတဲ့စကားကို သက်ထားနားထောင်ခဲ့ပေ မယ့် မောင်နဲ့ဝေးခဲ့ရတဲ့နောက်ပိုင်း မှာ မောင်သိပ်ချစ်တဲ့အနုပညာကို ကျွန်မကလေ့လာသင်ယူရင်း အဖော်ပြုနေခဲ့တာကိုတော့ မောင်မှမသိဘဲ ကွယ်…
…ခွင့်ပြုပါနော် မေမေ…
သမီးလေးက သက်ထားရဲ့လက်ကို လှုပ်ကိုင်ပြီးပြောမှ သက်ထား အသိဝင်လာတော့သည်။
…ခွင့်ပြုဖို့ကတော့ သမီးအပေါ်မှာမူတည်တယ်။ သမီးစာကြိုးစားပါ့မယ်လို့ မေမေ့ကိုကတိပေးရမယ်။ပေးနိုင် မလား…
…အိုကေ မေမေ သမီးက မေမေ့သမီးပဲ မေမေဖြစ်စေချင်သလို ဖြစ်စေရမယ် စိတ်ချ…
သမီးလေးက ကျွန်မစိတ်ချမ်းသာအောင် ကတိတွေ အထပ် ထပ်ပေးနေ သည်။ ငယ်စဉ်ကတည်းကတိုင် အခုချိန်ထိ မိဘစကား ကို မြေ၀ယ်မကျနားထောင်ခဲ့တဲ့သမီးအလိမ္မာလေးပါ…ဒါဆို..ကျွန်မကရော…
………………
ကျွန်မနဲ့မောင်ဟာ ဟိုးငယ်စဉ်ကလေးဘ၀ကတည်းက ကျောင်းသွား အတူတူ ကျောင်းပြန် အတူတူ အေး အတူ ပူအမျှနဲ့ အတူတကွ ခင်မင်တွယ်တာခဲ့တဲ့သူတွေပါ။တစ်ယောက်ကိုတစ်ယောက်ခင်မင်တွယ်တာ သံယောဇဉ်ရှိပုံခြင်းက တူညီကြပါတယ်။မတူတာက ဘ၀အခြေအနေပါ။ ကျွန်မရဲ့မိဘတွေက ရှေးဘိုးဘေးစဉ်ဆက်ကြွယ်ဝချမ်းသာလာခဲ့တဲ့ ကြေးရတက်လူချမ်းသာစာရင်းဝင်တွေဖြစ်ပြီး မောင်က သာမန် လက်လုပ်လက်စား မိဘတွေက ပေါက်ဖွားလာတဲ့သူ။ ကျွန်မမိဘတွေက ကျွန်မမောင့်အပေါ်မှာ သူငယ်ချင်းတစ် ယောက်လို ခင်မင်တွယ်တာ သံယောဇဉ်ရှိတာကို မပြောလိုပေမယ့် ဘ၀အဖော်မွန် အဖြစ်တော့လက်မခံနိုင်ကြ ပါ။ ဒါကလည်း မိဘတိုင်းရဲ့စေတနာပါ။
မိုးမြင့်ကကြယ်တစ်ပွင့် မြေပြင်မှာမတင့်တယ်နိုင်သလို မြေပြင်ကကျောက်ခဲတစ်လုံးဟာလဲ မိုးမြင့်ထက်မှာ မရပ်တည်နိုင်ပါ။အခြေအနေမတူတဲ့ ဘ၀နှစ် ခုပေါင်းစည်းကြဖို့ဆိုတာ ကာရန်မညီတဲ့သီချင်းတစ်ပုဒ်ကို သီဆိုရ သလိုဖြစ် နေမှာအမှန်ပါ။ ကျွန်မကတော့ မောင်နဲ့သာဆိုရင် တဲအိုပျက်မှာ နေရ ရ ထမင်းရေပူအတူတူ သောက်ရသောက်ရ ခယောင်းလမ်းကိုပဲလျှောက်ရလျှောက်ရလို့ မျက်စိစုံမှိတ်ပြီး မကြွေးကြော်ရဲပေမယ့် မောင့်ကို တော့သိပ်ချစ်ပါသည်။
မောင့်ဘ၀မြင့်မားတိုးတက်အောင်ကူညီဖြည့်ဆည်းပေးရင်း အခြေအနေတစ်ခုကို အတိုင်းအတာတစ်ခုအထိ ထူထောင်နိုင်မည် ဆိုပါမှ မောင်နဲ့လက်ထပ်မယ်လို့ နှစ်ဦးသဘောတူဆုံးဖြတ်ထားပြီး ကျွန်မတို့ နှစ်ယောက် ချစ်နေ တာကိုပတ်ဝန်းကျင်မသိအောင် အထူးသဖြင့် ကျွန်မမိဘတွေမသိအောင် သိုသိုသိပ်သိပ်နဲ့နေ ခဲ့ကြပါ တယ်။ လူတစ်ဦး တစ်ယောက်အထင်အမြင်လွဲစေမည့် အပြုအမူ အပြောအဆိုကအစ အထူး သတိထားခဲ့ကြပါတယ်။
အဲ..ဒါပေမယ့် မည်သည့်အရာတိုင်းမှ လျှို့ဝှက်ချက်မရှိဟု ဆိုရိုးစကားရှိ သည်နှင့်အညီ ကျွန်မတို့ ဒုတိယနှစ် တက်နေချိန် မှာ မောင်နဲ့ကျွန်မတို့အကြောင်းကို ဖေဖေတို့သိသွားခဲ့ပါသည်။
…သမီးရယ်..ငါ့သမီး ဒီလောက်မိုက်လိမ့်မယ်လို့မထင်မိဘူး။ ဦးမိုးမြင့်ရဲ့သမီး သက်ထားမိုးမြင့်ဟာ မိုးမြင့်ထက်မှာပဲရှိနေရမယ် ။မြေပြင်မှာ ရှင်သန်ဖို့ မဟုတ်ဘူး။သမီးကိုသင်ပေးထားတဲ့အသိပညာတွေ နဲ့ဖေဖေတို့ရဲ့ မေတ္တာတွေဟာ ငါ့သမီးဟိုအမြင့်ထက်မှာ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းဖို့တွန်းအားေ တွပဲ။ သူကရော သမီးကိုချစ်တယ်ဆိုတာ မေတ္တာစစ်မေတ္တာ မှန်နဲ့ဖြစ်နိုင်ပါ့ မလား။ဆိုလိုတာက ဒီယုန်မြင်လို့ ဒီခြုံထွင်တာမျိုးဆိုဘယ်နှယ်လုပ်မလဲ…
…ဒီမှာသမီး သဇင်ပန်းဟာ ပန်းပျံပင်ဆင့်တဲ့အပင်တစ်မျိုးပဲ။ သဇင်ပန်းကို မြင့်သထက်မြင့်အောင် တင့်သထက် တင့်အောင် အခြား သစ်ပင်တွေက ထမ်းပြီးတင်ပေးထားရတာကွ။ သဇင်ဟြာေ မမှာ မပေါက်နိုင်ဘူး။ အဲ..မြင်းခွာရွက် ကတော့ မြေမှာပေါက်တဲ့အပင်မျိုး။ မြင်းခွာရွက်ကို အမြင့်မှာတင်ပြီးထား လို့မရဘူးဆိုတာသမီး နားလည်ထား ပါ။ မေမေ့ သမီးက အသိပညာဗဟုသုတကြွယ်ဝတော့ အမေဘာပြောတယ်ဆိုတာ သဘောပေါက် ပါတယ်နော်…
ဖေဖေနဲ့မေမေသည် မောင့်ရဲ့နာမည်ကိုတစ်စွန်းတစ်စမှမဟ။ သူတို့ပြောလိုသည်များကို ဥပမာဥပမေယျတွေနဲ့သာပြောသွားသည်။ ကျွန်မဘာဆက်လုပ်ရမှာပါလိမ့်။ ကျွန်မသိပ်ချစ်သော ကျွန်မကိုသိပ်ချစ်ကြသော မိဘတွေကတစ်ဖက် ကျွန်မသိပ်ချစ်ရပါသော ကျွန်မဘ၀ကြီးတစ်ခုလုံး ထက်ပိုပြီး မြတ်နိုးတွယ်တာ သံယောဇဉ်ကြီးရပါသောမောင်။ တစ်ထောင့်ငါးရာ နဲ့ငါးရာနှစ်ဆယ့်ရှစ် အားပြိုင်တဲ့ပွဲ။ ဒီအချိန်တွေဟာ ကျွန်ရဲ့ရင်ထဲမှာ မီးတောင်ကြီးတစ် ခုပေါက်ကွဲသလို ပူပြင်းလောင်မြိုက်နေ ခဲ့ပါတယ်။ ကျွန်မကြိတ် မှိတ်မြိုသိပ် ခံစားခဲ့ရတဲ့ရက်တွေအသေင်္ချေပါ။
ဘ၀နဲ့ဆန္ဒတစ်ထပ်တည်းမကျနိုင်တဲ့ ဘ၀အခြေအနေမှာ နှလုံးသားကို စတေးပြီး မိဘတွေရဲ့စကားကို နားထောင်ခဲ့ပါတယ်။ဒါကလည်း ကျွန်မအသည်းနှလုံးနဲ့ရင်းပြီး မိဘကျေးဇူးကိုဆပ်ခဲ့တာပါ။ ကျွန်မက ငယ်စဉ် ကတိုင် မိဘတွေဆီကစုန်ရေသာရှိခဲ့ပြီး ဆန်ရေမရှိခဲ့ပါဘူး။ကျွန်မမိဘတွေကို ဘာမှကျေးဇူးမတုန့်ပြန်နိုင်သေးပါဘူး။ အဲဒီအချိန်မှာ ကျွန်မလုပ်နိုင်တာတစ်ခုက မိဘတွေကို စိတ်ချမ်းသာ အောင်ထားပြီး မိဘစကားကိုနားထောင်ခြင်းဟာလည်း ကျေးဇူးဆပ်ခြင်းတစ်မျိုးလို့ခံယူပြီး မိဘတွေစီစဉ်တာကို ကျွန်မနာခံခဲ့တာပါ။ မောင်ကတော့ ကျွန်မကိုအသည်းစားဘုရင်မကြီးလို့ ထင်ခဲ့မှာပါ။ တကယ်တော့ ကျွန်မရဲ့ အသည်းကို ကျွန်မကိုယ်တိုင် အဆိပ်ခပ်ခဲ့တာပါကွယ်..။
အပ္ပိယေဟိ သမ္မယောဂေါ ဒုက္ခော၊ ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော ချစ်သော သူနှင့်ကွေကွင်းရခြင်းသည် လည်း ဒုက္ခ၊မချစ်မနှစ်သက်သော သူနှင့်အတူတကွနေထိုင်ရခြင်းသည် လည်း ဒုက္ခ ဟု မြတ်စွာဘုရားက ဓမ္မစင်္ကြာဒေသနာမှာ မိန့်ကြားတော်မူခဲ့ပါတယ်။ကျွန်မဟာ ကံဆိုးပြီး ချစ်သူနဲ့ ကွေကွင်းခဲ့ရပေမယ့် ကံကောင်းစွာနဲ့ပဲ မချစ်မနှစ်သက်သောသူနဲ့ အတူတကွ မနေခဲ့ရပါဘူး။ ကျွန်မမိဘတွေသဘောတူတဲ့ ကိုဇေယျဟာ ကျွန်မနဲ့စေ့စပ်ပြီးတစ်လအကြာမှာ တောင်ကြီးကိုအသွား ကားအက်ဆီးဒင့်ဖြစ်ပြီး ဆုံးပါးသွားခဲ့ပါတယ်။
အဲဒီနောက်ပိုင်းကစပြီး ဖေဖေဟာ ကျွန်မကို အိမ်ထောင်ပြုဖို့ အခုချိန်ထိ မတိုက်တွန်းတော့ပါဘူး။ဒါပေမယ့် ကျွန်မဲ့မောင်ဟာ ကျွန်မစေ့စပ်တဲ့နေ့မှာပဲ ကျွန်မတို့မြို့ကထွက်ခွာသွားတာ အခုနှစ်နှစ်ဆယ်ကျော် မှပြန်တွေ့ခဲ့ရတာ ပါ ။မောင်ကပဲ အပုန်းကောင်းတာလား။ကံကြမ္မာကပဲ မျက်လှည့်ပြသလားတော့ ကျွန်မသေချာမသိပါ။ အဲ..သေချာတာကတော့ ကျွန်မမောင့်ကို ယနေ့ထက်တိုင်ချစ်နေဆဲဆိုတာရယ်။ အချိန်တိုင်းနေရာ တိုင်းမှာ မောင့်ကိုရှာနေတယ်ဆိုတာပါပဲကွယ်။ ကျွန်မနဲ့မောင့်ကို မိဘတွေက သဘောမတူလို့ခွဲခဲ့ရပြီး မိဘတွေက သမီးရဲ့ဆန္ဒကို ဦးစားပေး ကာ သမီးကြိုက် တဲ့သူကို ရွေးချယ်ပါ ဆိုတော့ ကံကြမ္မာကခွဲထာြး ပန်ရော။ မောင့်ကိုရှာလို့မတွေ့တဲ့အဆုံး မှာ မောင့်ကိုသတိရတဲ့စိတ်၊ တမ်းတတဲ့စိတ်တွေကိုကုစားချင်တဲ့အတွက်သမီးလေးပန်းသတင်းကိုကျွန်မမွေးစားခဲ့တာပါ။  မောင်ကတော့ ပန်းသတင်းကို ကျွန်မသမီးလို့ပဲထင်နေမှာ ပါ။
အချစ်ဆိုတာ ကံကြမ္မာလား ကံကြမ္မာကပဲအချစ်ကိုဖန်တီးတာလား။ အချစ်ကပဲ ကံကြမ္မာကိုဖန်တီးတာ လား။အရာရာကတော့ သူ့အကြောင်းသူ့အကျိုးနဲ့ဆက်နွှယ်ပတ်သက်နေကြတာပါ။ပြောင်းလဲတတ် တဲ့လောကကြီးက အရာရာကိုပြောင်းလဲေ စနိုင် တတ်သော် လည်း မပြောင်းလဲအောင်ထိန်းသိမ်း ထားနိုင်တာက တန်ဖိုးတစ်ခုပါ။ ကျွန်မရဲ့နှလုံး သားဟာ မောင့်ကိုချစ်တဲ့အချစ်တွေကိုတော့ ဘယ်တော့မှ မပြောင်းလဲပါဘူး။ဒီတန်ဖိုးလေးကိုပဲ ထာဝရထိန်းသိမ်းထားမှာပါကွယ်။
ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါ။ဒါပေမယ့် သံသရာခရီး ကတော့ရှည်လွန်း လှပါတယ်။ မောင်မပါဘဲ ကျွန်မတစ် ယောက်ထဲသွားရမယ့်ခရီးက ပိုပြီးရှည် လျားလှပါတယ်မောင်ရယ်။ဒီဘ၀မှာမောင်နဲ့မဆုံကြ ရပေမယ့် နောက်ဘ၀ မှာ ဆုံမှာပါဆိုတဲ့မျှော်လင့်ချက်ကလေးတစ်ခုနဲ့ကျွန်မတစ်ယောက်တည်း ဒီသံသရာ ခရီးကို ယုံယုံကြည်ကြည်နဲ့ ဆက်လျှောက်နေခဲ့တာပါမောင်ရယ်။ ဒီဘ၀မှာတော့ မောင်နဲ့ကျွန်မတို့ဟာ ဆုံမှတ်မရှိတဲ့မျဉ်းပြိုင် နှစ်ကြောင်းလို ပါ ပဲလားကွယ်။
မောင်နဲ့ကျွန်မရဲ့ဘ၀နှစ်ခု ဟာ ပေါင်းစပ်ဖို့မလွယ်ပါဘူး။ အခုဆိုရင် ပိုတောင်မလွယ်သေးတယ်။မောင်လည်း မောင့်ဘ၀မှာ အေးချမ်းပျော်ရွှင်နေပါပြီ။ ကျွန်မလည်း ကျွန်မဘ၀နဲ့ကျွန်မရှိနေကြပါပြီ။
ဒါဆို..ကျွန်မကဘာကိုတမ်းတပြီးလွမ်းဆွတ်နေသေးတာလဲ။ အခုချိန်ထိ မောင့်ကိုချစ်တဲ့ အချစ်တွေကြောင့် ကျွန်မနှလုံးသားလေးဟာ ပူပြင်းလောင်မြိုက်လိုက်၊ မီးခိုးငွေ့ဖြစ်သွားလိုက်၊ တစ်ခါ တစ်ခါ မှာတော့ အေးမြ သွားလိုက်နဲ့ ဒဏ်ရာပေါင်း စုံကို ခါးဆီးခံနေရလေရဲ့။ ဒါပေမယ့် မောင့်ကိုချစ် တဲ့ကျွန်မနှလုံးသားလေး ကို တော့ အစားထိုး ခွဲစိပ်ဖို့မကြိုးစားခဲ့ပါဘူး။ မောင့်ကိုချစ်နေရရင် မောင့်ကိုလွမ်းနေရရင်ပဲကျေနပ်နိုင်ခဲ့ပါပြီ။
မောင်ရေ..ကမ္ဘာကုန်ကျယ်သရွေ့တော့ မောင့်ကိုသတိရတမ်းတရင်း သံသရာခရီးကို ကျွန်မတစ်ယောက်ထဲ ဆက်လျှောက်နေရဦးမှာပါကွယ်…
                                                                                           ခင်လယ်လယ်ချစ်

I hope your love


-တစ်ဦးကိုတစ်ဦးချစ်မှ
အချစ်ဆိုတာ သာယာမှာပါ…။
မင်းကို ကိုယ်ယုံကြည်တယ်
ကံကြမ္မာကမျက်လှည့်ပြရင်တောင်
အရာရာကို ရင်ဆို့သတ္တိတော့
တို့မွေးမှရမယ်နော်…။

-အချစ်ဆိုတာ ဆောင်းအိပ်မက်လိုပါပဲ
စိတ်ကူးတွေက လေဟာနယ်ထဲရောက်လာလိုက်
ရင်ဘတ်ထဲမှာပုန်းခိုလိုက်
ကိုယ်တိုင်စိုက်တဲ့အချစ်သစ်ပင်
ဘယ်လိုရှင်သန်အောင်မွေးမြူရမလဲ
စိုးရိမ်မိတာက တစ်ခုထဲပဲ
အဲဒါက ကိုယ့်ကို မင်းမချစ်မှာကိုပါ
ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုချစ်စေချင်တာ
ချစ်သူတိုင်းရဲ့ဆန္ဒပါကွာ…။

-တစ်ဦးရဲ့ဆန္ဒကို တစ်ယောက်ကပုံဖော်ပေးမယ်ဆိုရင်တော့
အချစ်ကြောင့်လှတဲ့ကမ္ဘာကြီး လှပြီးရင်းလှနေမှာပေါ့ကွာ…
အကြင်နာဆိုတာ ရင်မှာသိမ်းထားရတာမဟုတ်ဘူး…
နှလုံးသားချင်းပေါင်းစပ်ဖို့ ဆက်သွယ်ထားတဲ့ပေါင်းကူးတံတားပါ..။

-ဒါကြောင့်…တံတားလေးတစ်ခုခိုင်မာမှဖြစ်မှာမို့
မင်းရင်ထဲက အကြင်နာတွေကို
Tell your heart out
ရင်ထဲရှိတာသွန်ချလိုက်ပါ…။
ဆက်လက်ပြီးစီးဆင်းမသွားရအောင်တော့
ကိုယ့်ရင်ဘတ်ကြီးနဲ့ တမံလုပ်ထားမှာပါ…
ကဲ…ဟုတ်ပြီလား
Tell your heart outနော်
Don’t forget it
I aways believe your love

ဖော်ထုတ်မရတဲ့ သင်္ကေတ


အချစ်ဆိုတာ...
ကဗျာတစ်ပုဒ်ဖြစ်လာအောင်
ပြုပြင်ပြောင်းလဲတတ်တယ်တဲ့...။
တို့မှာတော့....
ရင်ထဲမှာဖြစ်တည်လာတဲ့
ကဗျာများစွာ
ဘာနဲ့တိုင်းတာရမှာလဲ.....

အချစ်ဆိုသည်မှာ



 သူ့ကိုတကယ် ချစ်ခဲ့ပါတယ်
သူကလည်း တကယ်ချစ်ခဲ့မယ်လို့
ယုံကြည်ပါတယ်….။
ဒါပေမယ့်…
အချစ်စစ်ဆိုတာ
မဖြောင့်တန်းဘူးလေ…။

Thursday, August 7, 2014

အ၀န်းပျက်စက်ဝိုင်းများ



နံနက်လင်းကတည်းက တစ်မိုးလုံးအုံ့ဆိုင်း၍ ညှို့ညှို့မှိုင်းနေသည်။
     ရုံးခန်းအတွင်းသိုလှမ်းအ၀င်တွင် ကျွန်တော့်ကိုစောင့်နေသော စိုးစန္ဒီကိုတွေ့လိုက်ရသည်။ မျက်နှာထား ညိုညိုတွင် သောကရိပ်တို့ယှက်သန်းနေ၍ ပြသနာတစ်ခုခုများပေါ်နေပြီဟု တွေးဆမိရင်း နှစ်သိမ့်ပြုံးလေးနှင့် နှုတ်ဆက်မိသည်။ ကျွန်တော့်ကိုမြင်သည်နှင့်စိုးစန္ဒီ၏ညိုသောမျက်နှာပြိုသွားသည်။ မျက်ရည်ကြောင်းများ ချောင်းဖြစ် သွားတော့ သည်။ ငိုနေခြင်းကပင်လျှင် ပြောပြချင်နေသော စကားတို့အတွက်အားယူနေခြင်းဟုသိထားရာအားရအောင် ငို ပါစေဟူသောသဘောဖြင့် လွှတ်ထားပေးရင်း နှစ်သိမ့်စကားဆိုမိသည်။ နှစ်သိမ့်ကာမှ အငိုကသည်းလာ သည်။ ဆို့နစ်ကြေကွဲရှိုက်သံဝဲနေသည့် စိုးစန္ဒီ၏ ဗလုံးဗထွေးစကားတို့သည် ကျွန်တော့် နားစည်ကို ထိုးဖောက်ဝင်ရောက်လာတော့သည်။ “ကိုကြီးမွန်ပဲစဉ်းစားကြည့်လေ။ဒီအခြေအနေရောက်အောင်သူဘာတွေများစွမ်းဆောင်ခဲ့လို့လဲ စန္ဒီနဲ့ အိမ်ထောင် ကျမှ ဘွဲ့ကလေးတစ်ဘွဲ့ရတာမဟုတ်လား။ ဘွဲ့ရအလုပ်လက်မဲ့တွေလမ်းဘေးမှာ ခလုတ် တိုက်မတတ်ပေါနေ တဲ့အချိန်မှာ အရာရှိငယ်အဆင့်ရောက်အောင်ဘယ်သူဖန်တီးပေးခဲ့တာလဲ။ စန္ဒီတို့ မိသားစုကပါ ကိုကြီးမွန်ရယ် ” “ကဲ..အဲဒါအသာထားဦး နေရတဲ့တိုက်၊စီးရတဲ့ကား၊သုံးစွဲရတဲ့အသုံးအဆောင်တွေကျတော့ရော ဘယ်သူ့ ပစ္စည်း တွေလဲ ။စန္ဒီဂုဏ်ဖော်ချင်လို့ပြောတာမဟုတ်ဘူးနော်။စန္ဒီမှာလေ ဘာမှသုံးမရတဲ့ အရာရှိကတော် ဆိုတဲ့ ဂုဏ်ပုဒ် လေးတစ်ခုပဲ သူ့ဆီကရတာပါ။ကိုကြီးမွန်စဉ်းစားကြည့် အိမ်ထောင်သက်တမ်းဆယ်နှစ် အတွင်းမှာ တစ်ပြားတစ် ကျပ်မှ ရတာမဟုတ်ဘူး။ သူ့လခဘယ်လောက်ရလို့ရမှန်းတောင် စန္ဒီသိတာ မဟုတ်ဘူး။ သူ့လခမကိုင်ရတဲ့ အပြင် စန္ဒီမှာလေ ငါ့ယောက်ျားကအရာရှိဟဲ့ သူများနဲ့ယှဉ်ရင် မျက်နှာမငယ် ရအောင်ဆိုပြီး သူ့အိပ်ထဲမှာ ငွေမ ပြတ်အောင်ထည့်ပေးတာပါ ကိုကြီးမွန်ရယ်။ ကိုယ့်မိသားစုအတွက်ဆိုပြီး စန္ဒီမှာ မိန်းမ မတန်ဘ ရှာဖွေလိုက်ရ တာ သားကိုသခင် လင်ကိုဘုရားဆိုပြီး တလေးတစားနဲ့ထားလိုက်ရ တာ ဘာမှလိုလေသေးမရှိအောင်ပြုစုလိုက် ရတာ။ဒီကြားထဲက ဖောက်ပြီး ကိုကြီးမွန်ညီက လုပ်ရက်လိုက် တာ စန္ဒီသိပ်အခံရခက်တာပဲ..”
 ပြောနေရင်းမှ စိုးစန္ဒီခမျာ ရှိုက်ကြီးတငင်ငိုကြွေးချလိုက်သည်။ ကျွန်တော်မှာ စကားဖန်ထိုးစရာရှာမရ၍ ဦးနှောက်ခြောက်ရတော့သည်။ စိုးစန္ဒီပြောစကားများသည် အပိုချဲ့ကားပြောနေသည်မဟုတ်။ အမှန်တွေ ချည်း ရင်ဖွင့်နေခြင်းဖြစ်သည်။ သည်ပြဿနာတွင် ကျွန်တော့်ညီကလွန်မှန်း ကျွန်တော်ကောင်းကောင်းသိပါ သည်။ သိုးသိုးသန့်သန့်ကြားနေသည်မှာ ကြာပြီ။ သည်အထိပြဿနာကြီးထွားလာလိမ့်မည်ဟု မမျှော်လင့် ခဲ့။ ခေါ်ပြီးသတိပေးစဉ်တုံးကလည်း “ဟာ..မဟုတ်ပါဘူး ကိုကြီးမွန်ရာ ”ဟု ဘူးကွယ်ခဲ့သဖြင့် သည် အထိအောင် မိုက်လိမ့်မည်မဟုတ်ဟု လျှော့တွက်ခဲ့သည်။ သူလဲအရာရှိတစ်ယောက်ပဲလေ တတ်ထားသည့် ပညာ ရင့်ကျက် သောအတွေ့အကြုံ၊မငယ်သော အသက်အပိုင်းအခြားနှင့် သည်အမှားမျိုးကို ရှောင် တိမ်းနိုင် တန်ရာသည်ဟု ကျွန် တော်ထင်မှတ်ခဲ့ပါသည်။ အားရအောင်ငိုပြီးမှ စန္ဒီက စကားဆက်သည်။ “စန္ဒီနဲ့အကြီးအကျယ်စကားများပြီး အိမ်ပေါ်က ဆင်းသွားတယ် ကိုကြီးမွန်၊ မယားပြိုင်ထားဖို့မဆိုထားနဲ့ အဲဒီ မိန်းမနဲ့ ကင်းရှင်းပါပြီဆိုတောင် စန္ဒီကတော့လက်မခံနိုင်ဘူး။ အိမ်ရိပ်ကိုနင်းလဲနင်းရလိမ့်မယ် မအောက်မေ့ နဲ့  ကလေးတွေနဲ့လဲတွေ့ရလိမ့်မယ်မထင်လေနဲ့။ စန္ဒီတို့မျိုးရိုးလဲ ကိုကြီးမွန်သိပြီးသားပါ။ တစ်လင် တစ်မယားစနစ်ကို အသက်လို တန်ဖိုးထားတတ်တဲ့အမျိုး။သူနဲ့ကျမှ မျိုးရိုးအစဉ်အလာကို အစွန်း အထင်းမခံနိုင် ဘူး။ မွေးထား တဲ့သားသမီးတွေကိုလည်း အတုခိုးမမှားစေချင်ဘူးကိုကြီးမွန်။စန္ဒီဘက်က ကွာရှင်းဖို့လုပ်နေပြီဆိုတာ ကိုကြီးမွန် သိအောင်လာပြောတာ စန္ဒီပြန်မယ်..” ပြောချင်သမျှပြောအပြီးတွင် ကျွန်တော်၏ တုန့်ပြန်စကားကိုပင်မစောင့်တော့ဘဲ ငေါက်ကနဲထပြန်သွား သည်။ ဒေါသမာနတို့ဖြင့် တွန်းထွက်သွားသောကြောင့် ဆင်နားရွက်တံခါးလေးသည် လှုပ်ခါ၍ကျန်ရစ်ခဲ့သည်။ အလုပ်စလုပ်တော့ မည်ဟူသော ရည်ရွယ်ချက်ဖြင့် စာတွဲများကို ဖွင့်လိုက်သည်။ အပြင်ဘက်တွင် မိုးဖွဲတို့ကျစပြု လာသည်။ ………………………
မိုးတဖွဲဖွဲရွာနေသည်။
       စာတွဲများကို ဖွင့်လိုက်ရင်းမှ အလုပ်ထဲအာရုံနှစ်လိုက်သည်။ အာရုံက စုစည်းရခက်လှသည်။ ကြည့်နေ လျက်က ဘာကိုမှမမြင်။ မျက်စိအကြည့်ကပြတင်းကိုကျော်ကာ အပြင်သို့ရောက်သွားသည်။ ရွာနေကျမိုးမှုံ များ ကြားတွင် ဆွေမျိုးသားချင်းတို့၏ မျက်နှာများက ထင်းထင်းကြီးပေါ်လာသည်။ သူတို့သည် တစ်ဆိတ်ရှိ “ကိုကြီး မွန်”ဟုခေါ်ကာ ကျွန်တော့်ထံရောက်လာတတ်သည်။ လာလျှင်လည်း ကောင်းသော လာခြင်း မဟုတ်။ ကောက် ရိုးလှည်းကိုစီးကာ သပွတ်အူတောင်းကိုပွေ့၍ လာခြင်းဖြစ်သည်။ ကျွန်တော့်ထံခေါင်းတပ်လာသော သူတို့၏ကိစ္စ၀ိစ္စပေါင်းသောင်းခြောက်ထောင်၊ပြဿနာပေါင်းကုဋေကု ဋာတို့ကို ဒိုင်ခံဖြေရှင်းနေရသောကြောင်း ကိုယ့်အလုပ်ပျက်ပေါင်းလည်းများလှပြီ။ သို့သော် ကျွန်တော်မငြိုငြင်ပါ။ ဥာတကာနဉ္စသင်္ဂဟောဟု ဆိုထားသည်မဟုတ်လား။ သူတို့ခမျာကျွန်တော်ကလွဲ ၍ အခြားအားကိုးစရာ ဆွေမျိုးသားချင်းအကြီးအကဲရှိသည်မဟုတ်။
ကျွန်တော်သည် ငွေချမ်းသာပါသည်။ ထို့အတူ ဆွေလဲကြွယ်ဝပါသည်။ သစ်တစ်ပင်ကောင်းလျှင် ငှက် တစ်သောင်းနားနိုင်သည့်ပုံနှယ်ပင်။ ရန်ကုန်တွင်အခြေတကျ အနေခိုင်ပြီဆိုကတည်းက ကျွန်တော့်အား ကိုးနှင့် နယ်မှတက်လာကြသော ဆွေမျိုးသားချင်းတွေရေလို့မနိုင်။ ပညာရေးအတွက်၊ စီးပွားရေးအတွက်၊ ကျန်းမာရေး အတွက် ကျွန်တော့်မှာ ရခိုင်သူမြတ်၏ဆုံးမစာကို လိုက်နာကျင့်သုံးဖြစ်ပါသည်။ “မျိုးပေါင်းဆွေ ၀ါး၊ လူအများကို၊ သနားကြင်နာ၊ စီးပွားရှာ ၍၊ မေတ္တာမကင်း၊မစခြင်း ”တွေများခဲ့ပါသည်။
“အစ်ကို..အစ်ကို့ဆွေမျိုးတွေကအများကြီးပဲနော်။ ရန်ကုန်ရောက်နေတာကိုက မနည်းတော့ဘူး။ တစ်ယောက် တစ်နေရာဆီကွဲနေလို့သာပေါ့။ တစ်စုတစ်ဝေးတည်းသာဆိုင်ရင် မြို့သစ်တည်လို့ ရလောက်တယ်နော်..”
 ဆွေမျိုးသားချင်းနည်းပါးသူ ကျွန်တော့်ဇနီးကပြောဖူးသည်။ သူကလည်း ဆွေမျိုးချစ်တတ်သူ။ ကျွန်တော်နှင့် ပတ်သက်သောအရင်းအခြာအဖျားအနားဟူသမျှသော ဆွေမျိုးသားချင်းများကို ပေးရ၍လည်းမတွန့်တို၊  ကျွေး ရ ၍လည်း မနှမြော၊ ထောက်ရ ၍လည်း သ၀န်မကြောင်၊ ဆွေမျိုးတစ်စုပျော်ပျော်အုံးအုံးစည်း စည်းရုံးရုံးနှင့် တစ်စုတဝေးမြင်နေရလျှင် စိတ်ချမ်းမြေ့တတ်သူ။ လင်နှင့်မယားစိတ်သဘောထားခြင်းညီ ၍လည်း ဆွေမျိုး သားချင်းများက ကိုကြီးမွန်မှ ကိုကြီးမွန်ဖြစ်လာသည်။ ကိုကြီးမွန်မပါလျှင် ဘယ်ဟာမှ မပြီးတော့။ မျိုးဆက်သစ်တစ်ယောက်တိုးမလာလိုက်နှင့် တိုးလာလျှင် ကလေးကင်ပွန်းတပ်၊ ကျောင်းအပ်၊ကျူရှင် ပို့၊ရှင်ပြု၊ မိန်းမတောင်းပေးရသည့်ကအစ၊ ငွေရေးကြေးရေးအလယ်၊ အိမ်တွင်းရေးပြဿနာအဆုံး“ကိုကြီးမွန်ရေ လုပ်ပါဦး”ဖြစ်လာသည်။ ကောင်းတာနှင့်ဆက်နွှယ်ရသလို မကောင်းတာနှင့်ပတ်သက်ရသည်။ သူတို့၏ အပျော် လေးတွေကို မျှဝေပေးတတ်သလို အပူတွေကိုလည်း လက်ဆင့်ကမ်းတတ်ရာ အစစအရာရာ ကျွန်တော်သာ လျှင် အခရာဖြစ်လာသည်။

“မင်းတို့ကလဲကွာ…ငါ့ဆီမလာလိုက်နဲ့ လာလိုက်ရင် မီးဖိုရွက်ပြီး သံအိုးကင်းတင်လာကြတာချည်းပဲ။ မင်းတို့တစ် တွေအဆင်ပြေနေရင်တော့ ငါ့ကိုချောင်ထိုးထားကြတယ်။ကျွန်တော်တို့ပျော်နေတယ် ကိုကြီးမွန်ရေ..တစ်ဝက် လောက်မျှယူပါဦးလို့ ဘယ်ကောင်မှလာမပြောဘူး။ လာပြောကြည့်ပါလား ဒီကောင်က ဆယ်ဆပိုပြီး ကူညီလိမ့် မဗျား…”

သည်စကားမျိုး ကျွန်တော်ခဏခဏပြောဘူးတယ်။ပြောလည်း အလကား၊ အအေးထက် အပူပြဿနာ ကများခဲ့သည်။ ခုလည်း စိုးစန္ဒီက အပူထုပ်ကို ဖြည်ပြသွားခဲ့လေပြီ။ သူ့ယောက်ျားရဲမင်းအောင်က ကျွန်တော့်ညီ တစ်ဝမ်းကွဲ။ သည်ကောင်အရာရှိဖြစ်တာ မကြာသေး။ သူ့ရုံးမှ စာရေးမလေးနှင့် မရှင်းမရှင်းဖြစ်နေသည်ဆိုပဲ။ သည်သတင်းကြားရကတည်းက ကျွန်တော်သူ့ကိုသတိပေးခဲ့သေးရာ ယခုတော့ အပျက်အပျက်နှင့် နှာခေါင်း သွေးထွက်ခဲ့လေပြီ။ထိုစဉ်..တယ်လီဖုန်းကမြည်လာသည်။

“ဟုတ်ကဲ့..မင်္ဂလာပါ..ကျွန်တော်ကောင်းမွန်ပါ..”

“ဟေ့..မွန်ကြီး ကိုယ်ပါ ..သိန်းလှဇော်ပါ..”

“အော်..ကိုဇော်..ဘာများလဲဗျ..”

“ခင်ဗျားတူတော်မောင်အကြောင်း သတိပေးချင်လို့…”

“ဘယ်တူတော်မောင်လဲ..ကျွန်တော့်မှာ တူတွေက အများကြီးဗျကိုဇော်ရ..”

“ဟို..ကွန်ပျူတာကောင်လေးဗျာ..”

“အော်..ဇင်မင်းလွင်ကို ပြောတာထင်တယ်။သူဘာဖြစ်လို့လဲဗျ..”

“ဟုတ်တယ်..ကိုယ် မှတ်မိပြီ..ဇင်မင်းလွင်..ဇင်မင်းလွင်..

ဒီကလေးကို ကောင်မလေးတစ်ယောက်နဲ့တွဲနေတာ ကိုယ်ခဏခဏတွေ့နေရတယ်။ ခုလဲ ဆူးလေ ဘုရား လမ်းအကူးမှာ တွေ့လိုက်ရလို့ ခင်ဗျားဆီလှမ်းအကြောင်းကြားတာ။ သူ့ကောင်မလေးက သိပ်မလှ ဘူး။ ခပ်ရှုပ်ရှုပ်ထဲကပဲ။ မလွန်ခင်ထိန်းထားအုံး..ဒါပဲနော်..”

ဦးသိန်းလှဇော်က ဖုန်းချသွားသည်။ သူနှင့်ကျွန်တော်မှာ ကြီးမှတွေ့ရသော်လည်း ငယ်ပေါင်းမကရင်းနှီး ကျွမ်းဝင်လှသည်။ တစ်ယောက်နှင့်တစ်ယောက်အပြန်အလှန်အမှီသဟဲပြုနေကြသည့် စီးပွားဖက်လည်းဖြစ် သည်။ တစ်မိသားစုနှင့်တစ်မိသားစု ကူးလူးဆက်ဆံနေကြသဖြင့် ဆွေမျိုးရင်းချာပမာ ဖြစ်နေပေသည်။ သူသတိ ပေးကာမှ ဇင်မင်းလွင်ကို နားရင်းပိတ်ရိုက်ချင်စိတ်က ပေါ်လာသည်။

ဇင်မင်းလွင်မှာ ကျွန်တော့်အစ်မကြီး၏သားဖြစ်သည်။ မိန်းကလေးတွေကြား ရှားရှားပါးပါး သား ယောက်ျား အဖြစ် သူတစ်ဦးတည်းပါလာသဖြင့် အားလုံး၏အချစ်တော်ဖြစ်နေသည်။ ရုပ်ကလေးဖြောင့် ပညာက လည်းတော်၊ ရည်ရည်မွန်မွန်ချက်ချက်ချာချာရှိ၍ မိန်းကလေးမိတ်ဆွေပေါများသူလည်းဖြစ်သည်။ ကွန်ပျူတာ နှင့်ကျောင်းပြီး၍ နိုင်ငံခြားသွားချင်သည့် ရောဂါကျွမ်းနေသူ။“မင်းလိုကွန်ပျူတာတတ်မှတော့ နိုင်ငံခြားသွားနေစ ရာမလိုပါဘူး ငါ့တူရာ ..တို့ပြည်တွင်းမှာတင် လုပ်ကိုင်စားသောက်လို့ရပါတယ် ကွာ။ ပြောလိမ့်မယ် …နိုင်ငံခြားကမှ ၀င်ငွေပိုရတယ်လို့ ဆိုလိမ့်မယ်။ အေး..ငါးစာသာမြင်ပြီး ချိတ်ကိုမမြင်ဘူးဆိုတာလို ရမယ့်ဝင်ငွေကိုပဲမက်မော နေတာနဲ့ ကိုယ်ပေးဆပ်လိုက်ရတာတွေကိုတော့ သတိမပြုမိကြတော့ဘူး။ သူတို့ပေးတဲ့ငွေကြေးအတွက် လုပ် အားခအတွက် ကိုယ့်မှာပေးဆပ်လိုက်ရတာ ကိုယ့်ရဲ့အတတ်ပညာတွေ ကိုယ့်ရဲ့ခွန်အားတွေ ကိုယ့်ရဲ့နုသစ်တဲ့ အချိန်တွေ တန်ဖိုးအကြီးမားဆုံး ဆုံးရှုံးခြင်းကတော့ အမျိုးသားရေး တန်ဖိုးနဲ့ အမျိုးသားရေးစံနှုန်းပဲ။ ကိုယ့်ပြည် တွင်းမှာကျတော့ ၀င်ငွေနည်းတာပေါ့ကွာ။ တစ်ပါးကျွန်တော့ မဖြစ်ပါဘူး။ အဲဒီတော့ကွာ သူများဆီသွားပြီး ကျွန် ခံမယ့်အစား ကိုယ့်ဆီမှာပဲ သခင်လုပ်စားပါ။ မင်းကို.. ကွန်ပျူတာလုပ်ငန်းတစ်ခုထောင်ပေးမယ်။လောလော ဆယ်လုပ်ငန်းကျွမ်းကျင်အောင် တစ်ခြား ကုမ္ပဏီတွေ မှာ သွားလေ့လာချည်အုံး..ဟုတ်ပလား..”

ကျွန်တော့်စကားကို မလွန်ဆန်နိုင်သဖြင့် နိုင်ငံခြားရောဂါပိုးသေသလိုလိုရှိသော်လည်း ကွန်ပျူတာလုပ် ငန်းလေ့လာဟန်ပြ ၍ ကားတစ်စီးနှင့်လျှောက်သဝေထိုးနေသည်ကို ကျွန်တော်ကိုယ်တိုင်မြင်တွေ့ပြီးဖြစ်ပါ သည်။ Golden Comptuerသို့လုပ်ငန်းနှင့်ပတ်သက် ၍ ကျွန်တော်မကြာခဏရောက်သည်။ ကျွန်တော်ရောက် သည့်ခေါက်ရေ၏ လေးပုံတစ်ပုံမျှပင် ထိုနေရာသို့ သူမရောက်။ တော်တော်သြ ချဖို့ကောင်းသည်။လူပျိုလူလွတ် ဆို ၍ ပွေသည်ဆိုမူကြံဖန် ၍ခွင့်လွှတ်ရကောင်းဦးမည်။ သည်ကောင်က အိမ်ထောင်နှင့် မိန်းမရတာဖြင့် တစ် နှစ်မပြည့်သေး။ ကလေးမကနယ်ကျောင်းမှာဆရာမလုပ်သည်။မြန်မာဆန်ဆန်ယဉ်ယဉ်ကျေးကျေးသိမ်သိမ် မွေ့ မွေ့လှလှပပလေး။ မောင်တစ်ရွာမယ်တစ်မြို့ဖြစ်နေ ၍ ဒီကောင်ပွေနေရော့သလား။ ကလေးမလေးကို ရန်ကုန် မြို့ပေါ်အမြန်ဆုံးပြောင်းနိုင်အောင်စီစဉ်ဦးမှပဲဟု တွေးနေစဉ် တယ်လီဖုန်းက မြည်လာပြန်သည်။

အပြင်ဘက်သို့လှမ်းအကြည့်တွင် မိုးကပို ၍သည်းလာသည်ကို မြင်လိုက်ရသည်။

…………………………………

အပြင်ဘက်တွင် မိုးတို့က သည်းသည်းမည်းမည်းရွာနေသည်။

“ဟုတ်ကဲ့..မင်္ဂလာပါ..ကျွန်တော် ကောင်းမွန်ပါ..”

“အစ်ကိုလား..ခင်နွယ်ရယ်…”

“အော်..နွယ်လေးလား..ပြောလေ..ဘာပြောချင်လို့လဲ..”

“ဟိုလေ..အစ်ကိုဒရိုင်ဘာမြင့်ထွန်းအကြောင်း ပြောချင်လို့..”

“မြင့်ထွန်းအကြောင်း..ဟုတ်လား။ ဒီကောင်ဒီနေ့ ခွင့်ယူထားတယ်..”

“ယူမှာပေါ့အစ်ကိုရာ အစ်ကို့လူက မဟုတ်တာလုပ်သွားတာကိုး..”

“ဘာလုပ်သွားလို့လဲ နွယ်လေးရ။ ဒီကောင်ရိုးရိုးသားသားလေးပါ။

“အစ်ကိုသာ ရိုးသားတယ်ထင်နေ သူ့ကိုသူ သူဌေးဦးကောင်းမွန်ရဲ့တူအရင်း၊သူဌေးကသား အဖြစ်မွေးစား ထား တာ၊သူဌေးမှာသားသမီးမရှိတော့ အမွေအကုန်လုံးသူပဲရမှာ၊ အခုလည်းလုပ်ငန်းအားလုံးကို သူပဲကြီးကြပ်နေရ တယ်ဆိုပြီး လိုက်ကြွားသတဲ့လေ..”

“ကြွားရုံပဲလားကွ လိမ်ရောလိမ်သွားသေးသလား..”

“လိမ်သွားလို့ပြောတာပေါ့ အစ်ကိုရဲ့ သူ့အလိမ်မိလို့ပါသွားပြီ..”

“ဘာပါသွားလဲ နွယ်လေး..”

“ကောင်မလေးတစ်ယောက် သူဌေးသားထင်ပြီး သူကြွားသမျှယုံစားမိတဲ့ကောင်မလေးတစ်ယောက်ပါ သွားပြီ အစ်ကိုရေ…အဲဒါသူ့မိန်းမလာတိုင်လို့ အစ်ကိုကိုပြောရတာ..”

“ဟေ..ဟုတ်လား။တော်တော်မိုက်ရိုင်းတဲ့ကောင် ကဲ..နွယ်လေးရေ ကလေးမကိုပြောလိုက်ပါ ကွယ်။မြင့်ထွန်း ကို ဒီနေ့ကစပြီးအလုပ်ထုတ်ပစ်လိုက်ပြီလို့ သူတစ်ပါးသားသမီးကို သားမှတ်မှတ်မယား မှတ်မှတ်မပေါင်းတဲ့ကောင်၊ မဟုတ်တာကို အဟုတ်လုပ်ပြီး လိမ်ညာတတ်တဲ့လူလိမ်လူကောက်ကို ငါ့အလုပ်ထဲဘယ်တော့မှ မသုံးဘူးလို့ ပြောလိုက်၊အော်..နွယ်လေး..ကလေးမလေးသနားပါတယ်ကွာ။ သုံးလစာလောက်တော့ထောက်ပံ့လိုက်ဦး။ သူ့ခမျာယောက်ျားမရှိတော့ ကသီလင်တဖြစ်နေပါမယ်..”

“ဟုတ်ကဲ့ အစ်ကို တစ်ခြားဘာပြောဦးမလဲ..”

“မရှိပါဘူးကွာ..”

ဖုန်းချရင်း ကျွန်တော်စိတ်မောသွားသည်။ ဒီကနေ့ ကျွန်တော်ဘယ်လိုဖြစ်နေသည်မသိ။ ရောက်က တည်းက အိမ်ထောင်ရေးပြဿနာတွေနှင့်နှင့်ကြုံနေရသည်။စောစောကဆွေမျိုးရင်းချာတွေ၊မြင့်ထွန်းကရပ် ဆွေ ရပ်မျိုး ကြံဖန်စပ်ရင်တော့တော်နိုင်သေးသည်။ အရင်းမဆိုထားနှင့် ၀မ်းကွဲကိုပင် အရင်း။အဖျားကို ၀မ်းကွဲ မျှချစ် ခင်တွယ်တာတတ်သော ကျေးလက်ဓလေ့အရ မြင့်ထွန်းကိုလည်းဆွေမျိုးရင်းချာပမာထားခဲ့သည်။

တောမှာ အလယ်တန်းအောင်ပြီး ကျောင်းဆက်မနေနိုင်သဖြင့် ခေါ်ယူပြီးအလုပ်ပေးထားခြင်းဖြစ်သည်။ မွန်ရည်သည်။ ရိုသေကိုင်းရှိုင်းသည်။ ဂါရ၀တရားကိုနားလည်သည်။ စည်းကမ်းရှိသည်။ အလုပ်ကိုလေးစား သည်။ စာရိတ္တကောင်းသည်။ သည်အရည်အချင်းတွေကြောင့် ကျွန်တော့်ကားကို မောင်းခိုင်း ထားခြင်းဖြစ် သည်။ ကျန်ရစ်ခဲ့သော ကလေးမလေးက မြင့်ထွန်းကိုအရွှဲ့တိုက်ကာခင်လေးမြင့်လိုများ လုပ်သွားမှဖြင့် ဘုရား…ဘုရား။

ခင်လေးမြင့်ဆိုသည်မှာ ကျွန်တော်၏နှမအထွေးဆုံး နောက်မိန်းမယူသွားသော ယောက်ျားကိုအရွဲ့ တိုက်ရင်း နောက်တစ်ယောက်ကောက်ယူခဲ့သည့်အဖြစ်။ အဆိပ်တက်နေစဉ်တွင် မည်သူ၏ဖျောင့်ဖြမှု ကိုမျှနား မ၀င်။ ဇွတ်တိုးခဲ့သည်။ ချီကတည်းက ယဉ်သကိုဆိုသလို မခိုင်ခန့်သော အိမ်ထောင်တစ်ခုအစား မကြံ့ခိုင်သော အိမ်ထောင်သစ်တစ်ခုထူထောင်မိသဖြင့် ဒူးနှင့်မျက်ရည်သုတ်နေရသည်ကို ကြားရတိုင်း ကျွန်တော်စိတ် မကောင်းပါ။

“အရင်ဘုန်းကြီးကတစ်ချက်ခေါက်၊ နောက်ဘုန်းကြီးက နှစ်ချက်ခေါက်ဆိုသလိုပဲ ကိုကြီးမွန်ရယ်။ အရင်လင်ကမှနောက်မိန်းမသာရှာသွားရော ညီမလေးကို ရိုက်နှစ်ဖို့မဆိုထားနှင့် စကားတောင်မာမာပြောခဲ့ တာမဟုတ်ဘူး။ နောက်လင်ကတော့ ဘာပြောကောင်းမလဲ မိုးမလင်း ကိုးပုလင်းဆိုတဲ့ဇိုးသမား။ အမြဲကစား တဲ့ ဖဲသမား။ဖဲကရှုံးရှုံး အရက်ကမူးမူးဆိုလို့ကတော့ လက်သံကဘာပြောင်သလဲမမေးနဲ့ ။စိန်စတင်းတောင်ထိုင်ငို သွားရမယ်။ဒီမှာမြင်လား သေရာပါအနာရွတ်လေ၊ သေချင်းဆိုး နှိပ်စက်ထားတာ..”

နဖူးကအမာရွတ်ကိုပြရင်း နတ်သံနှောတော့ မခင်နွယ်က စုပ်တသပ်သပ်။ ကျွန်တော့်မှာလည်း စိတ်မကောင်းရုံကလွဲပြီး ဘာမှမတတ်နိုင်။ ဘယ်သူမပြုမိမိမှုပေကိုး..။

“ညီမလေးတို့ တော်တော်ကသီနေပြီ ကိုကြီမွန်။ အဲဒါ…ကိုကြီးမွန်အလုပ်ထဲမှာ သူ့ကိုတစ်နေရာ လောက် ပေးနိုင်မလားလို့လာတောင်းတာ..”

ကျွန်တော်ခေါင်းသာရမ်းမိသည်။ အပြိုင်အဆိုင်သူ့ထက်ငါ အားကြိုးမာန်တက် လုပ်ကိုင်ကြရသော စီးပွားရေးလောကတွင် ယောက်ဖသစ်အရက်သမား၊ ဖဲသမားအတွက်နေရာမရှိ။ ငါသူဌေးယောက်ဖဟူသော မာန်စွဲဖြင့် တစ်လွဲတစ်ချော်တွေလုပ်သွားမှဖြင့် အခက်။ ချော့မော့ပြောဆိုရင်း ခင်လေးမြင့်ကို ပြန်လွှတ်လိုက်ရ သည်။ မခင်နွယ်လက်သိပ်ထိုးပေး လိုက်သော ထောက်ပံ့ငွေ လည်းပါသွားမှာမလွဲ..။

ဖုန်းကမြည်လာပြန်သည်။ ဒီတစ်ခါလည်း မခင်နွယ်ဆီကပင်..။

“အစ်ကိုရေ..ဒီမှာနွဲ့နွဲ့ဝင်း ငိုနေတယ်…”

“ဘယ်ကနွဲ့နွဲ့ဝင်းလည်းနွယ်လေးရ။

“ဟာ..အစ်ကိုကလည်း မြင့်ထွန်းမိန်းမလေ..”

“အော်..အေး အေး ဘာလို့ငိုတာတုံး။ သူ့ကိုသုံးလခပေးပြီးပြီမဟုတ်လား..”

“ပေးလို့ ငိုတာ အစ်ကိုရေ..”

“ဟေ..”

“ဒီလိုပဲ အစ်ကိုရေ..ခင်နွယ်ကပေးတော့ ငိုပါလေရော။ သူမယူပါရစေနဲ့တဲ့။ သူ့ယောက်ျားကိုလည်း အလုပ် မထုတ်ပါနဲ့တဲ့။ အလုပ်မရှိရင် သူ့ယောက်ျားမျက်နှာငယ်မှာစိုးလို့။ သူ့ယောက်ျားဂုဏ်ကြီးရှင်က သူ့ကိုပစ်ပြီး အသစ်ရှာသွားတာကိုတောင် သူကစာနာနေသေးတယ်..”

“ကဲ..ကဲ..နွယ်လေးရေ မင်းကောင်းမယ်ထင်သလိုသာ ကြည့်စီစဉ်လိုက်တော့ကွာ။ အစ်ကိုတော့ ဦးနှောက် ခြောက်သွားပြီ..”

မိုးသည်းထန်စွာ ရွာနေသည်။ သည်းရုံတင်မက တစ်ချက်တစ်ချက်တွင် ထစ်ချုန်းလိုက်သေးသည်။

……………………………….

အပြင်ဘက်တွင် မိုးသည်းထန်စွာ ရွာနေသည်။ ဝေနေသောအတွေးစတို့ဖြင့် ပြတင်းပေါက်ဆီသို့ ကျွန်တော် လျှောက်မိခဲ့သည်။ လေအဝှေ့တွင်မိုးမှုန်မိုးစက်တို့ကဖျန်းပက်လာသည်။  အေးမြသောမိုးရေစက် တို့ကို ကျွန်တော်ဆီးကြိုနေမိသည်။ သောကပေါင်းစုံကြောင့် ရင်တွင်းဆူဝေနေသော် လည်း ဗဟိဒ္ဓမှာ တဒင်္ဂအေးမြနေသည်။ ပြတင်းပေါက်နားတွင် မည်မျှကြာအောင်ရပ်နေမိသည်ကိုပင် မသိတတ်တော့။

“ဟဲ့တော့..ဦးတို့ကတော့လုပ်ပြီ။ ဒီလောက်မိုးတွေပက်နေတာကိုတောင် အစိုခံနေရတယ်လို့ အအေးမိပြီး နေမကောင်းဖြစ်တော့မှာပဲ။ လာ…လာ..ဒီဆိုဖာပေါ်မှာထိုင်နေ ။နှင်းပွင့်ရေစင်အောင် သုတ်ပေးမယ်..”

မိုးပေါက်စင်နေသည်ကို သိလျက်နှင့်ပင် မည်မျှငေးငိုင်နေမိသည်မသိ။ နှင်းပွင့်ဖြူဝင်လာမှပင် လွင့် ပြေး နေသောစိတ်အစဉ်တို့ကို စုစည်းရသည်။ နှင်းပွင့်ဖြူဆွဲငင်ခေါ်ဆောင်ရာသို့ အသာလိုက်ပါရင်း ဆိုဖာပေါ်တွင် ထိုင်လိုက်မိသည်။ နှင်းပွင့်ဖြူအပြုံးတစ်ချက်လက်ပြရင်း ကျွန်တော့်အပါးမှ လှစ်ကနဲထွက်ပြေး သွားသည်။ သူက လေး၏ ရုပ်သွင်ဟန်ပန်ကိုတမေ့တမောလိုက်ကြည့်နေရင်း ကိုယ့်ရင်ခုန်သံ ကိုယ်ပြန်ကြားနေရသည်ထင်သည်။

နှင်းပွင့်ဖြူသည် အရေအတွက်များစွာရှိသော အမျိုးသမီးဝန်ထမ်းများစွာအနက်မှ တစ်ဦးဖြစ်သည်။ ကျွန်တော် သည် အမျိုးသမီးဝန်ထမ်းများကို ကိုယ့်သမီး ကိုယ့်တူမ ကိုယ့်နှမသဘောထား ကာ ပြောဆိုဆက်ဆံ သည်။အနေတည်ပြီးစကားတည်တည်နှင့် စိတ်ထားလည်းခိုင်ကျည်ခဲ့ပါသည်။ပရောပရီ ကူလီကူမာလုပ်ရပ် များ လုံးဝကင်းသည်။ သို့သော်…နှင်းပွင့်ဖြူနှင့် ပတ်သက်လာလျှင် စိတ်ကသိပ်မခိုင်ချင်။ နှင်းပွင့်ဖြူက လှို့လား မဟုတ်။ သူ့ထက်လှတာ ချောတာတွေ အလုပ်ထဲမှာ အပုံအပင်။ အပြုအစုကောင်းလို့ ဂရုစိုက်ကောင်းလို့ဟု ဆို ရအောင်ကလည်း ကိုယ့်သူဌေးအတွက်လုပ်ဆောင်ပေးမည့်သူတွေတစ်ပုံကြီး။ သည်အထဲမှာမှ သူကလေးကို အမြဲမြင်ချင်မိသည်။ သူ့အသံလေးကိုပဲ အမြဲကြားချင်နေမိသည်။ သူကလေး၏အယု အယကိုပဲ အမြဲတောင့်တ နေမိတော့သည်။

သူကလည်း ကျွန်တော့်ကိုအလုပ်ရှင်ဆိုသည်ထက် ဦးလေးနှယ်အစ်ကိုကြီးနှယ် သဘောထားဟန်တူ သည်။ ကျွန်တော့်မျက်နှာရိပ်မျက်နှာကဲ ဟန်အမူအယာနှင့်အနေအထားတို့ကို အမြဲမပြတ်အကဲခတ် ကာ ဆေး တန်လျှင်ဆေး အစားတန်လျှင်အစား မပြတ်လပ်အောင် ပြုစုရှာသည်။ ညောင်းနေလျှင် ကုတ်ကြောအစ နားထင်နားရင်းအဆုံးနှိပ်နှယ်ပေးရှာပါသေးသည်။ ဤအလုပ်တွေကို ၀တ်ကျေ တန်းကျေလုပ်နေသည်မဟုတ်။ ရင်ထဲကစေတနာပါပါလုပ်နေသည်ဖြစ်ကြောင်း၊ ကျွန်တော်ကောင်းကောင်း သိပါသည်။

သူ့စေတနာကိုလည်း ကျွန်တော်အသိအမှတ်ပြုရပါသည်။ သူ့အကြင်အနာကိုလည်းရောင်ပြန်ဟပ်ရပါ သည်။ မကြာမကြာဆိုသလိုပင် အမျိုးသမီးငယ်သုံးအလှဆင်ပစ္စည်းများ အ၀တ်အစားအသစ်အဆန်းများ စား ကောင်းသောက်ဖွယ်ရာများ ၀ယ်ပေးခြင်းဖြစ်သည်။ ကွန်ပျူတာတက်ရန်မလိုတော့သဖြင့် Busines တို့ Commercial တို့လိုသင်တန်းတွေတက်နိုင်ရန် ပညာသင်စရိတ်ထောက်ပံ့ဖူးသည်။ ယခုလျှင်ပင် မကြာမီဖွင့် တော့မည့် International Trade Courseတက်ရောက်ရန် စာရင်းပေးခိုင်းရဦးတော့မည်။ သူ့လခတစ်ခု တည်းကိုသာ မှီခိုအားထားနေရသောကြောင့် ငွေကြေးအထောက်အပံ့ကလည်း မလွတ်ပြန် ပါ။ မောင်ညီမတွေအ တွက်ကျောင်းစရိတ် မိခင်အိုကြီးအတွက်ဆေးဖိုးဝါးခ မထပ်သော အကြောင်းတွေနှင့်တောင်းနေသော်လည်း ကျွန်တော်ကိုယ်နှိုက်ကပင် ပေးချင်နေမိသည်။

“ကော်ဖီဖျော်လာတယ်ဦး၊အက်ပီးလက်တစ်ပြားနဲ့ သောက်လိုက်နော်။ မိုးရေတွေစိုနေတာ နှင်းပွင့်သုတ်ပေး မယ်”

နှင်းပွင့်ဖြူပြန်ဝင်လာတော့ ကော်ဖီတစ်ခွက်နှင့်အက်ပီးလက်ကဒ်ပါလာသည်။လက်မောင်းပေါ်တွင် သဘက်ကြီးတစ်ထည်ကိုလွှားလျက်သားယူလာခဲ့သေးသည်။ ပြောပြောဆိုဆိုနှင့် ဆေးကဒ်ကိုထုတ်ကာ ဆေးတစ်ပြားကိုယူလိုက်သည်။ ကျွန်တော်က လက်အလှမ်းတွင် ခေါင်းကိုအသာရမ်းရင်း ဆေးပြားကို ကျွန်တော့်နှုတ်ခမ်းဆီသို့ အသာယူ လာသည်။ ကျွန်တော်က ပါးစပ်ဟပေးလိုက်သည်။ ဆေးပြားကျွန်တော့်ပါးစပ်ထဲအရောက်တွင် ကော်ဖီခွက် ကိုကမ်းပြန်သည်။ ကော်ဖီကိုအသာမော့ချရင်း မျက်လုံးကို အသာမှေးထား မိသည်။ မှေးထားသော မျက်လုံးအိမ်ထဲ တွင် နှင်းပွင့်ဖြူရောက်နေသည်ကို ဘယ်သူမှမသိသော်လည်း ကျွန်တော် သိပါသည်။

“ဟော..ဦး အကြောတက်နေပြီထင်တယ်။အဲဒါကြောင့်ပြောတာပေါ့။ဦးကလုပ်လိုက်ရင် ကလေးဆိုးကြီး အတိုင်း ပဲ။မိုးမိရင် နေမကောင်းဖြစ်တတ်တယ်ဆိုတာမသိဘူးလား ဦးရဲ့။ ကဲ..နှင်းပွင့်ဇက်ကြော ဆွဲပေး မယ်..”

အထိအတွေ့က ငြင်သာသည်။လည်နှင့်ကုတ်တစ်လျှောက် ခပ်ဖွဖွထိတွေ့လာသော လက်ချောင်းနုနု လေး ၏အယုအယကို ခုံခုံမင်မင်ခံယူနေရင်း အရာရာကို မေ့ထားလိုက်ချင်တော့ သည်။နှင်းပွင့်ကလွဲရင်ပေါ့။ ဒါတောင်စိုးတင့်အောင်၏စကားများကို မဆီမဆိုင်ပြန်ကြားမိနေသေးသည်။ စိုးတင့်အောင်မှာ ကျွန်တော်၏

ညီဝမ်းကွဲတစ်ယောကဖြစ်သည်။ ငွေရှာကောင်းသလောက်အပျော်အပါးခုံမင်သည်။ အပေါင်းအသင်းစုံလင် သည်။ သူနောက်မိန်းမယူသွားသဖြင့် ဖုန်းဆက်ပြီး ကျွန်တော်ဆိုသမျှ ဆဲသမျှ ကုန်းရုန်းခံရင်း နောက်ဆုံး ကျမှ စကားတစ်ခွန်းတုန့်ပြန်သည်။

“ဆူ..ဆူ…ကိုကြီးမွန်ရေ ဆူသာဆူ၊ ဆူလဲဆူထိုက်ပါတယ်လေ။ ကိုကြီးမွန်အပြစ်တင်သမျှလည်စင်းခံဖို့ အသင့်ပါ. ကလေးရိုက်သလိုရိုက်ပြီးဆုံးမဦးမလား ရတယ်။ကျွန်တော်ခံပါ့မယ် ကိုကြီးမွန်။ ဒါပေမယ့်.. ကျွန်တော် ပြောတာလေးတော့နားထောင်ပေးပါဦးဗျာ. ကိုကြီးမွန်အသိပါ။ ကျွန်တော့်မှာလေ နေထွက် ကနေ နေ၀င်ထိ ရုန်း ကန်လိုက်ရတာ။လျှာတစ်ချောင်းအရင်းပြုပြီးဟုတ်တာကောမဟုတ်တာကော  ပြောပြီး ရှာရတာ။ အိမ်ပြန် ရောက်တော့ကြည့်… တစ်နေကုန် မောခဲ့သမျှ ရွှေရင်ဆို့တော့တာပဲ။ ကိုကြီးမွန်ညီမက မျက်နှာရှစ်ခေါက်ချိုးနဲ့ ကျောခိုင်းနေတယ်လေ။ ကျွန်တော်အိမ်ပြန်နောက်ကျလို့ပေါ့။ မယားစိတ်ကောက်ပေ မယ့် သားသမီးတွေက ရှိပါ သေးရောလို့မထင်လိုက်နဲ့။ဖအေဆီဝိုင်းပြီး တစ်ယောက်တစ်ပေါက် ဆူကြတော့ တာပဲ။ သူတို့မှာတာများမေ့ပြီး မပါလို့ကတော့ ဂျီကျလို့ကို မဆုံးတော့ဘူး။ ကဲ… ဘယ်မလဲ.. အိမ်ထောင် တစ်ခု ရဲ့ သာယာမှု၊မိသားစုရဲ့နွေးထွေး မှု၊ ကျွန်တော်ပင်ပန်းချင် သလောက်ပင်ပန်းပါစေရတယ် ကိုကြီးမွန်။ မိသားစုတစ်စုပျော်ပျော်အုံးအုံး ရယ်ရယ် မောမော ရွှင်ရွှင်ကြည်ကြည်ဆို ငတင့်အောင် ဘာလုပ်ရလုပ်ရပါ။ ကျွန်တော့်ကို ခွင့်လွှတ်ပါလို့ မတောင်းဆိုပါ ဘူး။ ဒါပေမယ့်…နားလည်ပေးပါ ကိုကြီးမွန်ရာ…”

သူ့စကားနှင့်သူတော့ ဟုတ်နေသည်။ စိုးတင့်အောင် မိန်းမခင်နှင်းသက်ကလည်း နှလုံးမလှသူ။ နဂိုမျက်နှာအလှကို အရုပ်ဆိုးအကျည်းတန်အောင် ဆူပုတ်နေသူ။ ဘယ်တော့ကြည့်လိုက်ကြည့်လိုက် မျက်နှာ က ရှစ်ခေါက်ချိုး။ ပြောလိုက်လျှင်လည်း တစ်ဖက်သား နားမခံချင်စရာကစသည်။ တုတ်ထိုး အိုးပေါက်ရုံမက ပိ ဿလေးနှင့်ဘေးပစ်တတ်သူ။ သားသမီးကို ကွပ်ညှပ်ထိန်းသိမ်းခြင်းမရှိ။ ထစ်ကနဲဆို ဒေါက်ကနဲ လက်ကပါ တတ်၍ ကလေးများအနားတွင် မကပ်ရဲရှာ။ မအေကိုချွဲမရ၍ ဖအေကိုနွဲ့ရာတွင် အပြင်မှပြန်လာသော စိုးတင့် အောင်အဖို့သူပြောသည့်စကားလို ရွှေရင်ဆို့ရတော့သည်။ သည်အထဲ.. မိန်းမ၏ကြင်နာယုယမှုတို့နှင့် ကင်းဝေး လာသောအခါ…

“ဦး သက်သာတယ်နော်။ ဟော..ထမင်းစားချိန်တောင်ရောက်နေပြီ။ နှင်းပွင့်ထမင်းပွဲပြင်လိုက်တော့ မယ်နော်..”

ကုတ်ကြောဆွဲပေးနေရာမှ နှင်းပွင့်ဖြူထွက်သွားသည်။ ထမင်းပွဲပြင်နေသော နှင်းပွင့်ဖြူ၏ ကိုယ်ဟန် သွယ်နွဲ့နွဲ့လေးကချစ်စရာ။ သွယ်သလောက်သွက်လက်ဖျတ်လတ်နေသော အမျိုးသမီးငယ်၏ အလှကို တမေ့ တမော ငေးကြည့်နေမိရင်း ခင်နှင်းသက်သာ နှင်းပွင့်ဖြူလိုဆိုရင် စိုးတင့်အောင်နောက်မိန်းမ ယူဖြစ်ပါ့မလားဟု တွေးမိသေးသည်။

“ဒါတွေကအကြောင်းပြချက်တွေပါ ကိုကြီးမွန်ရာ။ ကျွန်မတို့က ငယ်လင်ငယ်မယားတွေပါ။ ဘယ်သူက မှ ရိုက်နှက်ပေးစားခဲ့တာလဲမဟုတ်ဘူး။ ကိုယ့်ဘာသာကို ချစ်လို့ကြိုက်လို့ယူကြတာမဟုတ်လား။ အခု.. သူ နောက်မိန်းမယူသွားတယ်။ ကျွန်မထက်ချစ်ရမယ့်သူထင်လို့ယူတာ ယူပေါ့။ ဖြစ်သွားလို့ အပြစ် တင်ရင် လည်း အပိုပါပဲလေ။ သူ့ခမျာအိမ်ထောင်သက်တစ်လျှောက်လုံးဒီပြစ်ချက်ကလေးပဲရှိတာပါ။ ကျွန်မခွင့်လွှတ် တယ် ကိုကြီးမွန်။ဒီလိုကိစ္စမျိုးဟာ တစ်ဖက်တည်းနဲ့တော့ဖြစ်လာနိုင်စရာအကြောင်းမရှိဘူး။ ဟိုတစ်ဖက်က ကိုဆွဲ ဆောင်နိုင်စွမ်းအားကြီးလွန်းလို့ လို့ ကျွန်မထင်တာပဲ။ အဓိကကတော့ သားသမီးတွေအတွက် ပါပဲ။ ဝေးနေနေနီး နေနေသူတို့မှာအဖေရှိတယ်ဆိုပြီး လက်ညှိုးထိုးပြနိုင်ရင် အဖေခေါ်စရာရှိနေသေး တယ်ဆိုရင် တော်သေးတယ် လို့မှတ်ရမှာပဲ။ ကိုယ့်ခြံဝင် ကိုယ့်နွားတဲ့ ကျွန်မပုံခိုင်းတာ ရိုင်းများရိုင်းသွား သလားတော့မသိဘူး။ ရိုင်းချင်ရိုင်းပါ စေတော့။ မတတ်နိုင်ဘူးကိုကြီးမွန်ရေ.. သူကိုတွေ့ရင်သာ ပြော လိုက် ပါ။ ကလေးလေးယောက်ကိုရင်ခွင် ပိုက်ပြီးစောင့်နေလေရဲ့။သားမယားကို အမှတ်ရရင် အချိန် မရွေးပြန် လာနိုင်တယ်လို့ ပြောပေးပါ ကိုကြီးမွန်..”

ယောက်ျားအပေါ်သဘောထားကြီးကြီးနှင့်ခွင့်လွှတ်နိုင်စွမ်းရှိသော ခင်စိန်မြင့်၏သဘောထား ပင်ဖြစ်သည်။ ကလေးတွေအတွက် အဖေခေါ်စရာရှိလျှင်ပြီးရော ယောက်ျားကိုမုန့်ဝေသလိုမျိုးဝေမျှနိုင်သည်း ခွင့် လွှတ်နိုင်သည်။သည်လိုသဘောထားကြီးသော မိန်းမကို ဘာကြောင့်များ ခင်မောင်ဝင်းကပစ်သွားပါလိမ့်။ မယားဝတ်ပျက်လို့လား။ မြန်မာပီသသည့် မျိုးရိုးကောင်းမှ ပေါက်ဖွားလာသည့် မိန်းကလေးပဲ။ ခင်စိန်မြင့် ဘက် က ပျက်ကွက်တာမရှိနိုင်။ အလှများပျက်သွားလို့လား။ အပျိုတစ်ယောက်၏ အလှအပလိုနုစို မနေသော်လည်း ရင့်ကျက်တည်ကြည်သောအလှနှင့်အရွယ်တင်နေသော ခင်စိန်မြင့်ကို မသိသူများက ကလေးလေးယောက် အမေဟု မထင်ကြ။လင်သားအပေါ်အကြင်နာများနည်းရော့သလား။ ဒါလည်း မဖြစ်နိုင်။လင်ကိုအရိပ်တကြည့် ကြည့်နှင့်ဖူးဖူးမှုတ်ထားတာ ကျွန်တော်အသိ။ ခင်စိန်မြင့်ထက် အလှမှာသာ လို့လား။ ဒါလည်းမဟုတ်။ သာမန် ရွက်ကြမ်းရည်ကြို ဒါနဲ့တောင် ခင်မောင်ဝင်းတစ်ယောက် ခြံ ခုန်ဖြစ်အောင်ခုန်လိုက်သေးသည်။ ခင်စိန်မြင့်က လည်းသဘောထားကြီးသည်။

ခင်စိန်မြင့်လိုသဘောထားမျိုး မခင်နွယ်များထားနိုင်ပါ့မလား။ ဟာ..မဟုတ်သေးပါဘူးလေ။ အတွေးတို့က တောင်ရောက်လိုက်မြောက်ရောက်လိုက်ဖြစ်နေသည်။

“ဦး ထမင်းပွဲပြင်ပြီးပြီ စားနှင့်တော့လေ..”

နှင်းပွင့်ဖြူက လှမ်းခေါ်သည်။ ကျွန်တော်လေးကန်စွာ ထလာခဲ့သည်။ စားပွဲပေါ်တွင် မခင်နွယ် လက်ရာ ထမင်းဟင်းတို့က စားချင်စဖွယ်စောင့်ကြိုနေသည်။ ကျွန်တော့်အကြိုက်ကိုသိလည်းသိ၊ ဟင်းစပ်လည်း တည့်အောင်စီမံတတ်သည့် မခင်နွယ်။ကူဖော်လှောင်ဖက်တွေ တစ်လှေကြီးရှိနေ သည့်ကြားမှ ကျွန်တော် စားဖို့ အတွက်မီးဖိုချောင်ကို ကိုယ်တိုင်ဝင်ရမှကျေနပ်သူ။ နံနက်စာကိုရုံးတွင်စားဖြစ်သည်ကများ၍ နှစ်ဦး သားလက် ဆုံမစားရသော်လည်း ညစာကိုမူ ကျွန်တော်နှင့်စားတတ်သည်။ စားသည်ဆိုရာထက် ကျွန်တော်လိုအပ်သမျှကို ဖြည့်ဆည်းကျွေးမွေးရင်း သူ့အတွက်ကျတော့ စားဖို့ပင်မေ့ မေ့နေတတ်သည်။

“ဦးမြင်းခွာရွက်သုတ်တွေ ထည့်စားလေ၊ ဆေးဘက်ဝင်တယ် ဦးရဲ့…”

နှင်းပွင့်ဖြူက ပြောလည်းပြော မြင်းခွာရွက်သုတ်တွေ ကျွန်တော့်ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။ ကျွန်တော်စားလိုက်သည်။ မြင်းခွာရွက်ကို ကျွန်တော်မကြိုက်ပါ။ နှင်းပွင့်ထည့်ပေး ၍ သူကျေနပ်အောင် စားလိုက်ခြင်းဖြစ်သည်။ တိုင်းရင်းသမားတော်ကြီးတစ်ဦးက မြင်းခွာရွက်၏ အာနိသင်များကိုရှင်းပြကတည်း က မခင်နွယ်တစ်ယောက်မြင်းခွာရွက်နှင့်အလုပ်ရှုပ်တော့သည်။ သုပ် ၍တစ်မျိုး၊ အတို့အမြှုပ်ဖြင့်တစ်ဖုံ၊ ဟင်းချို အဖြစ်တစ်နည်း ဒီဇိုင်းမထပ်အောင် အမျိုးမျိုးလုပ်ကျွေးတော့သည်။

“အစ်ကို..မြင်းခွာရွက်သုပ်ကလေးစားလိုက်နော်. အစ်ကို့မှာက ထိုင်အလုပ်တွေများတာဆိုတော့ ဒူလာ ကိုင်တတ်တယ် အစ်ကိုရဲ့။ မြင်းခွာရွက်က ဆီးကောင်းတယ်။ အညောင်းအညာပြေတယ်။ အသက်လည်း ရှည် တယ်အစ်ကိုရဲ့..”

“မစားချင်ပါဘူးကွာ။ မြင်းခွာရွက်က စိမ်းရွှေရွှေကြီးနံကနံသနဲ့…”

“မနံအောင် ခင်နွယ်စပါယ်ရှယ်သုတ်ထားတာပါနော်။ ပဲမှုန့်လေးနဲ့၊ ပုစွန်ခြောက်လေးနဲ့။မြေပဲဆံက လည်းနိုင်ချင်း၊ဆေးဖြစ်ဝါးဖြစ်ပဲ အစ်ကိုရယ် စားလိုက်နော်..”

အပြောချိုချိုနှင့် မခင်နွယ်မည်သို့ပင် ချော့မော့ကျွေးစေကာမူ တစ်စွန်းအပြင် နှစ်စွန်းထက်ပို၍ ကျွန် တော် မစားဖြစ်ပါ။ ယခုမူ နှင်းပွင့်၏ အပြောလေးနှင့် အယုအယလေးကြောင့်ကျွန်တော် တော်တော် စားဖြစ်လိုက် ပါသည်။ ထမင်းစားကလည်း မြိန်သည်။ အနားတွင် နှင်းပွင့်ရှိနေ ၍ဖြစ်မည်။ထိုစဉ်နှင်းပွင့်ကစကား စလာ သည်။

“ဦး”

ခေါ်သံကနွဲ့လွန်းသည်။

“ပြော”

တမင်တကာ ဟန်လုပ်ကာ သံပြတ်နှင့်ထူးလိုက်သည်။

“နက်ဖန်ဘာနေ့လဲဟင်..”

သိပြီးအဖြေကိုအမေးလုပ်လာသည်။ ကျွန်တော်ကရွဲ့ ၍ဖြေသည်။

“လွတ်လပ်ရေးနေ့..”

ကျွန်တော့်အဖြေကြောင့် နှင်းပွင့်မျက်နှာလေးညိုသွားသည်။

“ဟာ..ဦးကလည်းလုပ်ချလိုက်ပြန်ပြီ။ လွတ်လပ်ရေးနေ့ဆိုတာတော့ ဘယ်သူ့သွားမေးမေးသိမှာပါ။ နှင်းပွင့်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ဘာနေ့လဲလို့မေးတာ ဦးရဲ့..”

“အော်..ဒါများကလေးရယ်၊ပဟေဋိဖွက်သလိုမေးနေရသေးတယ်။ နက်ဖန်တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ လွတ်လပ်ရေးနေ့။နှင်းပွင့်အတွက်သီးသီးသန့်သန့်သက်ဆိုင်တဲ့နေ့ဆိုရင် နှင်းပွင့်ရဲ့မွေးနေ့။ ဒါကို ဦးမသိဘဲနေပါ့ မလား။..”

“ဟယ်..ဦးကမှတ်မိသားပဲ..”

“မှတ်မိတာပေါ့ နှင်းပွင့်ရယ်။ နှင်းပွင့်နဲ့ပတ်သက်လာရင် ဦးက အလေးအနက်ထားတာကိုး..”

“၀မ်းသာလိုက်တာဦးရယ်။ ဦးရဲ့စကားလေးတစ်ခွန်းနဲ့တင် နှင်းပွင့်မွေးနေ့ဟာ မင်္ဂလာရှိသွားပြီ..”

“ဒီစကားနဲ့တင်မင်္ဂလာရှိစေရုံတင်မဟုတ်သေးဘူး ကလေးရဲ့ မနက်ဖန်ကျရင် ကလေးရဲ့ဘ၀မှာ အမှတ်တရအဓိပ္ပါယ်ရှိရှိကျန်နေစေမယ့်အ မှတ်တရလက်ဆောင်လဲပေးဦးမှာ…”

“ဘာလက်ဆောင်ပေးမှာလဲဟင်.. အို..ဘာပေးပေးပါဦးရယ်။ နှင်းပွင့်ကတော့လေ ဦးပေးတဲ့လက်ဆောင်ဆိုရင် အမြတ်တနိုးနဲ့ တန်ဖိုးထားနေမှာပါဦးရယ်..”

“ဦးလက်ဆောင်ပေးပါပြီတဲ့။ မွေးနေ့ရှင်ကရော ဘာတုန့်ပြန်မှာလဲ..”

“တုန့်ပြန်ရမှာပေါ့ ဦးရဲ့။ ဦးဘာစားချင်လဲ ပြော နှင်းပွင့်ကျွေးမယ်..”

“စားစရာတင်ဘဲလား ကလေးမရဲ့..”

“အဲဒါဆိုရင် ဦးဘာလိုချင်သလဲပြော။ ဦးလိုချင်တာ နှင်းပွင့်ပေးမယ်..”

“တကယ်နော်..”

ရင်လှိုက်ခုန်မှုကြောင့် ဣနြေ္ဒပျက်စွာထွက်သွားသော ကိုယ့်အသံအတွက်ရှက်မိသလိုလိုပင်ဖြစ်သွား သည်။နှင်းပွင့်၏ တျာသံလေးက ရင်ခုန်နှုန်းကိုမြန်လာစေပါသည်။

“တကယ်ပါဦးရဲ့…နှင်းပွင့်ပေးနိုင်တာဆို ဘာမဆိုပေးပါ့မယ် ဦးရယ်..”

ကျွန်တော်ဆုံးဖြတ်ချက်တစ်ခုကို အလျင်အမြန်ချလိုက်သည်။ ဤသို့ချဖြစ်သည်ကလည်း နှင်းပွင့်၏ ပဋိဥာဉ်တွင် နွဲ့နွဲ့လေးနှင့် ခရာတာတာအသံလေးစွက်နေ ၍ဖြစ်သည်။

“ဒီလိုဆို မနက်ဖြန်ဦးလာခေါ်မယ်။ နှင်းပွင့်ရဲ့မွေးနေ့အထိမ်းအမှတ်ကို ဦးနဲ့ နှင်းပွင့်တို့နှစ်ယောက်ထဲကျင်းပကြရ အောင်နော်..”

“ဦးသဘောပါလို့ဆိုနေ..”

မိုးအမည်းတွင် အသည်းဆင့်နေသည်။

………………………………….

ရုံးဆင်းသည်အထိ မိုးကသည်းနေဆဲ။

သည်ကနေ့ရုံးအလုပ်ကို မည်မည်ရရမလုပ်နိုင်။ ဆွေမျိုးသားချင်းတို့၏အရှုတ်တော်ပုံများကြားတွင် လုံးလည် လိုက်နေ ခဲ့သည်။ သည်ကြားထဲ ကိုယ်ပိုင်ဇာတ်ညွှန်း၊ကိုယ်တိုင်ဒါရိုက်တာ၊ ကိုယ်တိုင်မင်းသားအဖြစ် ပါဝင် ရမည့်ဇာတ်လမ်းတစ်ပုဒ်ကကျလာပြန်သေးသည်။ ရောက်ရှိလာမည့် နောက်တစ်နေ့ကိုကြိုမောနေမိခြင်း  ဖြင့် အချိန်တွေကုန်လွန်စေခဲ့သည်။နက်ဖန်မွေးနေ့တစ်သက်တာတွင်မှတ်မှတ်ထင်ထင် ကျန်ရစ်စေမည့်  နေ့ တစ် နေ့။ထိုနေ့တွင် နှင်းပွင့်နှင့် ဘုရားအတူတူသွားမည်။

“ဟာ..မဖြစ်နိုင်။ရှေ့သွားနောက်လိုက်အညီမျှသော သားအဖအရွယ်။ ပန်းခြံတို့ ဥယျာဉ်တို့တွင် အပန်းဖြေ မည်။ မဖြစ်သေး။ အသိမိတ်ဆွေတို့၏ မိသားစုများနှင့်တွေ့နိုင်သည်။ စားသောက်ဆိုင်တစ်ခုခုဆိုလျှင် ….ပိုမဖြစ်။ဆိုင် လာသော ပုရိသတို့၏ ရမ္မက်ခိုးဝေနေသော အကြည့်ရိုင်းတို့အောက် တွင် နှင်းပွင့်လေး အရောက်မခံနိုင်။ သြော.. တစ်ခုရှိသည်။ ကိုယ့်အတွက်မရောက်ဘူးသော်လည်း စီးပွားဘက်များအတွက်ပို့ ဆောင်ပေးခဲ့သော နေရာတစ် နေရာ။ခြံကျယ်ကျယ်အလယ်မှတိုက်ကလေးတစ်လုံး။ သည်နေရာသာ အလွတ်လပ်ဆုံးဖြစ်မည်။ ရုံးခန်းထဲတွင် တွေးခဲ့ရသော နက်ဖြန်အတွက် အရေးသည် ရုံးဆင်း၍ ကားပေါ်ရောက်သည့်တိုင် တွေးလက်စမဆုံးနိုင်သေး။ စိုးမိုးလှချည်လား ကလေးရယ်..။

မိုးကသည်းနေ၍ ကားကိုဖြည်းညှင်းစွာ မောင်းနှင်လာခဲ့ရသည်။ယာဉ်အသွားအလာများကို ဂရုစိုက်နေ ရသဖြင့် နက်ဖန်အရေးကို လွတ်လွတ်လပ်လပ်မတွေးနိုင်။စိတ်ကလုလင်ပျိုဖြစ်နေသော်လည်း လူကဇရာ အိုပေ ပြီ။ မျက်စိကမှုန်ချင်လာသည်။ လက်ကတုန်ချင်လာသည်။ သည်ကနေ့မှမြင့်ထွန်းကခွင့်ယူထားသဖြင့် ကိုယ်တိုင် ကားမောင်းနေရခြင်းဖြစ်သည်။ မြင့်ထွန်းသာကားမောင်းနေလျှင် ကိုယ်ကနောက်ခန်းတွင် အငြိမ့် သားထိုင်ရင်း နက်ဖန်အတွက် စိတ်ကူးသက်တန့်တွေ ဖန်ဆင်းနိုင်ပေလိမ့်မည်။ ဖြည်းဖြည်းငြင်သာမောင်း လာ ရာမှ အိမ်ဘက်သို့ချိုးဝင်လာရမည့်လမ်းသွယ်သို့ပင်ရောက်လာခဲ့တော့သည်။ လမ်းမကြီးပေါ်မှ ဖယ်ခွာကာလမ်း သွယ်ထဲသို့ ချိုးဝင်လိုက်သည်။ရှေ့တွင် ဦးမြကြီးတို့ ဇနီးမော်ငနှံကိုတွေ့လိုက်ရသည်။

မိုးထဲလေထဲတွင် တစ်နေရာရာမှ ပြန်လာဟန်ရှိသည်။ တစ်ချောင်းတည်းသောထီးကို နှစ်ယောက်သား မလုံမလဲဆောင်းရင်း တစ်ရွေ့ရွေ့သွားနေသော အဖိုးအိုအဖွားအိုတို့ကိုကြည့်ရင်း ကရုဏာသက်မိသည်။ သူတို့ အိမ်သည် လမ်းသွယ်၏ အဆုံးတွင်ရှိသော ကျွန်တော်တို့တိုက်မရောက်မီ တစ်အိမ်ကျော်တွင်ရှိ၍ အိမ်သို့ရောက် အောင်အတော်ပင်လျှောက်ရဦးမည်။ ညှာတာသောစိတ်ဖြင့် တင်ခေါ်ရန်ဆုံးဖြတ်ရင်း သူတို့ ဘေးနားတွင် ကားထိုးရပ်လိုက်သည်။

“ဟင်..ခေါင်းမလဲ ပတ်တီးအဖွေးသားနဲ့၊ဘယ်လိုဖြစ်လာတာတုန်းဦးလေးမြရဲ့..”

“မပြောချင်ပါဘူး မောင်ကောင်းရယ်..ဒီမိန်းမအချစ်စမ်းတာလေ၊ ဆေးခန်းကို လုပ်ကျွေးလိုက်ရရော.”

“ဟုတ်လား..ဒေါ်ဒေါ်ကြည်၊ကလေးကဆိုးလွန်းတော့ ဆုံးမတာလက်လွန်သွားပြီထင်တယ်..”

“ပြောကိုမပြောချင်ပါဘူးမောင်ကောင်းရယ်..မင်းဦးလေးမြအကြောင်းတော့..”

“မင်းမပြောချင်နေ ငါပြောမယ်။ပြောချင်လွန်းလို့အိမ်တောင်လည်ပြောရသေးတာ။အခုလိုကြုံတုန်းဆုံး တုန်းသာပြီးတောင်ပြောလို့ကောင်းသေး..”

“ကဲ..ကဲ..ကားပေါ်သာအရင်တက်ကြပါဗျာ။ နောက်မှအေးအေးဆေးဆေးပြော မိုးတွေစိုကုန်ပြီ..”

အဖိုးကြီးနှင့် အဖွားကြီးတို့ ကားပေါ်တက်လာကြသည်။ကားပေါ်ရောက်မှဖြစ်ပုံပျက်ပုံသနစ်စုံကို ဦးလေးမြက ရင်ဖွင့်တော့သည်။

“မောင်ကောင်းရာ ငါ့တူရာ မင်းပဲစဉ်းစားကြည့်စမ်းပါကွာ။ လောကကြီးမှာလူရယ်လို့ဖြစ်လာရင် တစ်ဦး တည်းရပ်တည်လို့ရတာမဟုတ်ဘူးကွ။ အဲဒါကို မင်းသဘောပေါက်တယ်နော်။ လူထဲမှာနေရင်ရပ်ရေးရွာရေး လူမှု ရေးဆိုတာက ရှိသေးတယ်မဟုတ်လား။ ဒို့ရပ်ကွက်ထဲမှာကြည့်..အများစုကမောင်ကောင်းတို့လို လူငယ်လူ လတ်တွေ၊အလုပ်ကိစ္စမအားလပ်ကြတဲ့လူတွေချည်းပဲ။ ဒီတော့ရပ်ရေး/ရွာရေးဆိုရင် လုပ်မယ့် ကိုင်မယ့် သူက ဦးလေးမြတို့လို လက်တစ်ဆုပ်စာပင်စင်စားဘူဒါးကြီးတွေပဲရှိ တယ်လေ။ မောင်ကောင်း တို့က ငွေအားစိုက်။ ဦး လေးမြတို့က လုပ်အားစိုက်။ ဒီလိုနဲ့ ကိုယ့်ရပ်ရွာကိစ္စဆောင်ရွက်ကြရတာလေ။ ဒါကိုပဲ…မင်းအဒေါ်က အပြစ် ကြီးတစ်ခုလို မြင်နေတာ မခက်ဘူးလား..”

“တော် စကားတတ်တိုင်း လိုရာဆွဲမပြောနေနဲ့။တော်ပြောသလိုဆို ကျုပ်က ပရဟိတစိတ်မရှိတဲ့ ပုံမျိုး ပေါက်နေပြီ။ ရပ်ရေးရွာရေးကိစ္စမလုပ်ရဘူးလို့မတားပါဘူး။လုပ်ပါ။ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက် လုပ်ပါ။လုပ် ပြီးရင် အချိန်အခါနဲ့ပြန်ပေါ့။ မဟုတ်ဘူးလားမောင်ကောင်းရယ်။ အိမ်မှာပြေးရေကြည့်လို့မျ ကိုယ်ခွဲလက်ခွဲကမရှိ။ အိမ်ကမယားကျားဆွဲဆွဲဆိုပြီး ထားရက်ခဲ့တာအံ့တယ်။ ဒေါ်ဒေါ်မှာလေ သူပြန်မလာ မချင်းစိတ်တထင့်ထင့်နဲ့ မျှော်ရတာ..”

“အေး…အဲဒါကြောင့် ပြောတာပေါ့ကွ။ငါနဲ့ဓမ္မာရုံလိုက်ခဲ့ပါဆိုတော့ မင်းကမလိုက်ချင်ဘူးဆို..”

“တော်တို့ယောက်ျားတွေအလုပ်ထဲ မိန်းမက ကန့်လန့်ကန့်လန့်နဲ့လို့အပြောမခံနိုင်ပါဘူးတော်..”

သူတို့ငြင်းခုန်နေသည်ကို နားထောင်ရင်း သူတို့၏ချစ်သက်ရှည်ကြပုံကိုတွေးနေမိသည်။ ရွှေရင် သိမ်းသစ်ဆယ်ကျော်နှစ်က ကျွမ်းချစ်ခဲ့ကြသည့် ဇနီးမောင်နှံ။အသက်ခုနှစ်ဆယ်ကျော်တိုင်တိုင် ခိုင်မြဲသော အိမ်ထောင်ရေး။သားသမီးတို့ပွားစည်းသော်လည်း အတောင်အလက်စုံ၍ သူတို့ခရီးလမ်းကိုသူ တို့နှင်ကြလေ ပြီ။ ဦးလေးမြတို့ ဇနီးမောင်နှံသည် တကျက်ကျက်ကြားမှ အချစ်ပွားနေကြသူများ။ လင်ဒေါပွ လျှင် မယားကပျော့ လျက် မယားစိတ်ကောက်လျှင် လင်ကချော့ရင်း ဘ၀နေ၀င်ချိန် ကိုငံ့လင့်နေသူများဖြစ်သည်။

ယခုလည်း ဦးလေးမြက ရပ်ကွက်အစည်းအဝေးသွားသည်။ အစည်းအဝေးပြီး၍ အိမ်ပြန်ချိန်တန် သော် လည်းမပြန်။ လူငယ်တစ်သိုက်နှင့်စကားကြောသန်နေသည်။ ဦးလေးမြသည်ရယ်ရွှန်းပတ်ရွှန်းဖြင့် စကား ပြောကောင်းသူဖြစ်သည်။ သူ့ဆီက ဟာသဆန်သောစကားများကြားလာရနိုင်သလို ထိုဟာသထဲမှ ပင် ဘ၀ အတွက် ဒသနများ၊သင်ခန်းစာများရနိုင်ပေရာ လူငယ်တို့ကတော်တော်နှင့်ပြန်မလွှတ်။ ဦးလေးမြကလည်း စကားတောင်းလို့ကတော့ ခါးမညောင်းနေမစောင်းထဲက။ သို့နှင့်ညဥ့်နက်၍ နက်မှန်းမသိ။အချိန်တွေလင့်လာ သည်။ ထိုညကမီးပြတ်နေ၍ မှောင်နှင့်မည်းမည်း။ဒေါ်ဒေါ်ကြည်တစ်ယောက်ထဲ ကြောက်ကြောက်လန့်လန့် တိမ်တိမ်ပွေပွေ။ ကြာတော့… အကြောက်တွင်ဒေါသက ၀င်လာသည်။ခြံတံခါး ကို သော့နှင့် အသေပိတ် လိုက်သည်။ဦးလေးမြပြန်လာ၍တကြော်ကြော်အော်ကာဖွင့်ခိုင်းသော်လည်းမကြားဟန်ပြုနေသည်။  ခေါ်မရသော် ဦးလေးမြခြံစည်းရိုးကိုကျော်တက်တော့သည်။

“တမင်လုပ်လိုက်တာတော့မဟုတ်ပါဘူးမောင်ကောင်းရယ်. သူကအဖိုးကြီးမဟုတ်လား။ ခြံစည်းရိုး ကို ပေါ်တော့ ကျော်မတက်လောက်ဘူးလို့ပဲ ဒေါ်ဒေါ်ကြည်ထင်ထားတာ။ အရင့်အရင်တွေတုန်းကလဲ တံခါးမှ ဖွင့်မ ပေးရင် တစ်အိမ်အိမ်ဝင်အိပ်နေကျဆိုတော့ သူရယ်လို့လုံးဝမထင်မိဘူး။ ကြည့် လိုက်တော့ …ခြံစည်းရိုးပေါ်မှာမည်းမည်း..မည်းမည်းလဲမြင်ရောလူလားဟဲ့..ဘာလားဟဲ့ပေါ့လေ။  ကြောက်ကြောက်လန့် လန့်နဲ့ပစ်မိပစ်ရာ ပစ်လိုက်တာ ..”

“ဦးလေးမြကလဲဗျာ။ မကြီးမငယ်နဲ့ ကျော်တက်ရတယ်လို့…တကယ်ဆို ကျွန်တော့်အိမ်ကိုလာခဲ့ရော ပေါ့..”

“အိပ်ချင်လို့ကတော့မောင်ရာ မင်းအိမ်တင်မဟုတ်ပါဘူး။ ဘယ်အိမ်မှာတက်အိပ်အိပ်ပါ။ အားနာတယ် ထင်ရင် ဓမ္မာရုံမှာတောင် အိပ်ရင်ရသေးတာ။ အဲဒီညက မီးတွေပြတ်နေလို့ မှောင်ထဲမှာတစ်ယောက်ထဲ အားငယ် နေမှာပဲဆိုပြီး ကျော်တက်လိုက်တာ။ ဟာ..ဟ မင်းအဒေါ်တော်တော်လက်ဖြောင့်သား ငါ့နဖူးကို ဒါရိုက်ကစ်တာ ပဲဟေ့။ သနပ်ခါးတုံးနဲ့ပစ်လိုက်တာမို့ပေါ့ကွာ။ ငရုတ်ကျည်ပွေ့နဲ့သာဆိုရင် မလွယ်ဘူးမောင်။ ဒါတောင် ငါးချက် ချုပ်ရ အား..ကျွတ်…ကျွတ်…”

“ဟင်..ကို..ကို…အနာကသိပ်နာနေသလားဟင်..”

“နာတော့နာတာပေါ့ကွာ။ဒါပေမယ့် မင်းလေးအနားရှိရင် မနာဘူး။ဟီး..ဟီး..”

ဦးလေးမြက ပြောရင်း တဟားဟားရယ်နေသည်။ ဒေါ်ဒေါ်ကြည်က မျက်စောင်းလေးထောင့်ကပ်ကာ ဦးလေးမြပေါင်ကို လှမ်းဆိတ်လိုက်သည်။ အသက်ကြီးသော်လည်း အချစ်ကြောင့် အရှက်သည်းဟန်လေး ကို ကျွန်တော်မြင်ဖြစ်အောင်မြင်လိုက်မိသည်။ စိတ်ကောက်သည်ဆိုသည်ကပင် ချစ်ခြင်းမေတ္တာ ၏ ပြယုဂ်အဖြစ် ဒေါ်ဒေါ်ကြည်ကျင့်သုံးလာဟန်ရှိသည်။ ကားပေါ်မှမဆင်းခင် ဦးလေးမြပြောသွားသော စကားတို့သည် ကျွန်တော့်ထံတွင် ပဲ့တင်ကျန်ရစ်ခဲ့သည်။

တကယ်တော့ကွာ အိမ်ထောင်တစ်ခုဆိုတာ ဘာနဲ့အလာသဏ္ဍာန်တူသလဲဆိုတော့ စက်ဝိုင်းလေးတစ်ဝိုင်း နဲ့တူတယ် မောင်ကောင်းရ။ ယောက်ျားဆိုတဲ့စက်ဝိုင်းခြမ်းနဲ့မိန်းမဆိုတဲ့စက်ဝိုင်းခြမ်း၊  အေး…နှစ်ခြမ်းပေါင်းလိုက်တော့ စက်ဝိုင်းဖြစ်သရော။ စက်ဝိုင်းကတော့ စက်ဝိုင်းပါပဲ။ တစ်ခါတလေကျရင် အထိ အခိုက်၊အဖိအနှိပ်၊ အထောင်းအထုတွေနဲ့က မလွတ်ပြန်ဘူး။အဲဒီအခါကျတော့ စက်ဝိုင်းစာ ပိန်ချင်ပိန်မယ်။ ချိုင့် ရင်ချိုင့်မယ်။ ခွက်ရင်ခွက်မယ်။ ပုံတော့ပျက်သွားတာပေါ့ကွာ။ အဲဒီတော့ဘာဖြစ်လဲ ပြန်ပြင်လိုက်ပေါ့။ ပြန်ပြင် လိုက်ရင် စက်ဝိုင်းပြန်ဖြစ်မှာပဲ။ စက်ဝိုင်းခြမ်းနှစ်ခုသာမြဲမြဲမြံမြံထိထိစပ်စပ်ရှိနေ အဲဒါစက်ဝိုင်း ပဲ။ အေး..ပဲ့သွား ရင် တော့ ပျက်ပြီပေါ့ကွာ။ စက်ဝိုင်းမဟုတ်တော့ဘူး။ ပြန်ဆက်ရင်ရပါတယ်လို့ ပြောဦးမလား။ ရတော့ရတာပေါ့ မောင်ရာ။ဆက်ရာကရှိနေတော့ မူလစက်ဝိုင်းလောက်ကောင်းနိုင်ပါဦးမလား ။ဟေ့..ဟေ့..ဒို့များစက်ဝိုင်းတော့ ပိန်လိုက်ကောင်းလိုက် ချိုင့်လိုက် ဖောင်းလိုက် ခွက်လိုက် ပြည့်လိုက်နဲ့ အသက်တွေသာကြီးလာတာ ခုထိချစ်ကြတုန်း။ မဟုတ်ဘူးလား မယ်ကြီးအို..”

စောစောက သူမဟုတ်သည့်ဟန်နှင့် မိုးကတန့်ကနဲရပ်သွားသည်။ မိုးအတန့်တွင် နေကထွက် လာသည်။ တစ်နေ့လုံးနေခြည်မဖြာခဲ့ရသမျှ ယခုမှအတိုးချကာ ၀င်းလက်နေသည်။ နေ၀င်ချိန်နီးသော်ငြား ရဲဝံ့ စွာသာနေသည်။

…………………………………………………..

မိုးတိမ်ကင်း၍ နေရှင်းရှင်းသာနေသည်။

ကျွန်တော်တို့နှစ်ယောက် ရွှေတိဂုံ ရင်ပြင်ပေါ်သို့ ရောက်နေကြသည်။ မောင်မယ်စုံညီဘုရားဖူး ပြီးပြီ။ ပန်းရေချမ်းကပ်လှူပြီးပြီ။ အလှူဒါနလည်းပြုပြီးပြီ။

ကျွန်တော်သည် မျက်လွှာချကာ မေတ္တာပို့အမျှဝေနေသော မခင်နွယ်၏ရင့်ကျက်တည်ကြည် သော မျက်နှာလှလှလေးကို တစ်စိမ့်စိမ့်ငေးကြည့်နေလျှက်……………………………..

                                                                                      ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)