Friday, August 8, 2014

ဆုံမှတ်မရှိသော မျဉ်းပြိုင်နှစ်ကြောင်း


                                 

လူတိုင်းလူတိုင်းတွင် ဦးတည်ချက်၊ရည်ရွယ်ချက်၊စိတ်ကူးမျှော်လင့် ချက်များရှိသကဲ့သို့ အတိတ်ဆိုတာ လည်းရှိကြမှာပါ။ အတိတ် ဆိုရာမှာ လည်း ပျော်ရွှင်ကြည်နူးရတဲ့အတိတ်ရှိသကဲ့သို့ ၀မ်းနည်းကြေကွဲစရာ အတိတ်များလည်းရှိနိုင်ပါသည်။ အတိတ်ကို လက်ဆုပ်လက်ကိုင် မပြနိုင်ကြသော်လည်း ရင်ထဲမှာခံစားကြ ရ သည့်ခံစားချက်ခြင်းတော့ တူညီကြမှာအမှန်ပါ။
မောင်..အတိတ်ဆိုတာ မေ့လို့မရပေမယ့် ကျွန်မ ကတော့ မေ့ထားချင်ပါတယ်။တကယ်ဆိုတော့ ကျွန်မတို့နှစ်ယောက်ရဲ့ ဘ၀ဟာဆုံမှတ်တစ်ခုရဲ့တစ်ဖက်တစ်ချက်ဆီမှာပါ။ မဆုံနိုင်မှန်းသိခဲ့ရင် ကျွန်မမောင့်ကို မချစ်ခဲ့ပါဘူး။ဒါပေမယ့်လည်း ကံကြမ္မာကို ဘယ်သူ ကကြိုပြီးဟောကိန်း ထုတ်နိုင်မှာ လဲနော်။သိပ်ချစ်ကြရင် မခွဲရဘူးလို့ပဲ ထင်မှာပေါ့။ တစ်ယောက်နဲ့တစ်ယောက် နှလုံးသားစည်းချက်ညီရင် လှပတဲ့ ကဗျာလေးတစ်ပုဒ်၊ သီချင်းလေးတစ်ပုဒ်ဖြစ်လာမယ်လို့ ကျွန်မယုံကြည် မိတာအမှန်ပါ။ ဒီသီချင်းလေးတွေကို ကျွန်မနဲ့မောင်က သီဆိုကြမယ်။မောင်မောသွားရင် ကျွန်မက နှစ်သိမ့်မယ်။ ကျွန်မမော သွားရင် မောင်ကနှစ်သိမ့်ပေးရမယ်နော်လို့ မောင့်ကိုမူနွဲ့နွဲ့လေးပြောမိတော့ မောင်ကလည်း ကြည်နူးတဲ့အပြုံးလေးနဲ့ခေါင်းတစ်ငြိမ့်ငြိမ့်ပေါ့။
ဘ၀မှာ ပေးဝေသူနဲ့ ခံယူသူညီမျှနေရင် အရာရာကိုရင်ဆိုင်နိုင် လိမ့်မယ်လို့ ကျွန်မထင်မိတယ်လေ။ ဆင်းရဲ တာ ချမ်းသာတာက ဘ၀ရဲ့ကုသိုလ်ကံအကြောင်းတရား။တစ်ယောက်နဲ့တစ်ယောက်ချစ်နေကြရင် လောက မှာ အရာရာပြည့်စုံတယ်လို့ ကျွန်မကတော့ ထင်တာပဲ။ ဒါပေမယ့် ကျွန်မမိဘတွေကတော့ အဲဒီလိုမဟုတ် ဘူး။နှလုံးသားဟာ အစာအိမ် တစ်ခုလောက်တောင် အရေးမပါဘူးတဲ့။ခန္ဓာ ကိုယ်ကြီးတစ်ခုလုံးမှာ နှလုံး သားကသေးသေးလေးပေမယ့် လူ့ဘ၀အသက်ရှင်ရပ် တည်ဖို့ နှလုံးသားက အလုပ်လုပ်နေ တယ်လို့ပဲ ကျွန်မကမြင်တယ်။ ပြီးတော့ အချစ်ကအရာရာကို အကောင်းဆုံးဖြစ်အောင် ဖန်တီးနိုင်မှာပါဘို့ ကျွန်မထင် မိတယ်လေ။ မိဘတိုင်းကသားသမီးကို ဆင်စီး ပြီးမြင်းရံစေချင်ကြ တာ စေတနာပါ. ဆင်နင်းပြီး မြင်း ကန်တာမျိုးတော့ ဘယ်မိဘ မှ မြင်ချင်မှာမဟုတ်ဘူးဆိုတာလည်း ကျွန်မနားလည် သဘောပေါက်မိပါရဲ့။ ဒါပေမယ့်လည်းကွယ်…မောင့်ကိုတော့ ကျွန်မ သိပ်ချစ်မိတာအမှန်ပါ။ အချစ်သည်ရယူခြင်း လား ပေးဆပ်ခြင်းလားဆိုတာတော့ ကျွန်မနားမလည်ပါဘူး။မောင့်ကိုချစ်ရရင်ပဲ ကျွန်မကျေနပ်ပါတယ်။ ချစ်နေ ရက်နဲ့များမောင့်ကိုထားခဲ့ရသလားကွာလို့ မေးရင်တော့ ခွဲခွာသူရော ကျန်ရစ်သူနှစ်ယောက် စလုံးခံစားရ တာချင်း အတူတူပါ။ တမင်တကာ စိမ်းကားရက်စက်လို့ ခွဲခွာသွားရတာမှ မဟုတ်တာ။ ချစ်လျက် နဲ့ဝေးကွာရတာဆိုတော့ ပိုပြီးနာကျင်ခံစားရမှာ အမှန်ပါမောင်ရယ်….။
…………………..
မောင်…မောင်…ဟုတ်ပါတယ်နော်
သက်ထားမိုးမြင့်တစ်ယောက် အချိန်တွေ နေရာတွေ အရွယ်တွေ ကိုမေ့ပြီးရင်ထဲမှာ နှစ်နှစ်ကာကာ ချစ်မြတ်နိုးခဲ့ရတဲ့မောင်တစ်ဖြစ်လဲ ဦးဘုန်းမြတ်ကိုတွေ့လိုက်ရတဲ့တစ်ခဏမှာ စိတ်လောကြီးသွားမိသည်။
…ဟုတ်ပါတယ်…ကျွန်တော်ဘုန်းမြတ်ပါ။ဒီကသူဌေးကတော်ကြီး ဘာကိစ္စများရှိလို့ပါလဲ ဘာများခိုင်းစရာရှိလို့ပါလဲ..အမိန့်ရှိပါခင်ဗျာ…
…ပြောရက်လိုက်တာမောင်ရယ်။ကိစ္စရှိမှ ခိုင်းစရာရှိ မှခေါ်တယ် လို့ထင်နေတာလား…
…မဟုတ်ဘူးလို့ မငြင်းပါနဲ့ဗျာ။ခင်ဗျားတို့လို ဂုဏ်သရေရှိ ပိုက်ဆံ ချမ်းသာ တဲ့သူတွေဟာ ကျွန်တော်တို့လို မျက်နှာမွဲတွေကို ခေါ်ပြီပြောပြီဆိုကတည်းက အသုံးချဖို့ပဲမဟုတ်လားဗျာ။တစ်ချိန်ကတောင် ကျွန်တော့်နှလုံး သားကို ခင်ဗျားတို့အပျင်းပြေဖို့အတွက် အသုံးချခဲ့သေးတာပဲမဟုတ်လား…
…ဘုရား…ဘုရား ဒီလိုခနဲ့တတ်တဲ့ပညာတွေ ကျွန်မနဲ့ဝေးကွာပြီး တဲ့နောက်ပိုင်းမှာ မောင့်ကိုဘယ်သူက များသင် ပေးပါလိမ့်။တစ်ချိန်ကမောင်နဲ့အခုတော့အကွာခြားကြီးကွာခြားနေပါပေါ့လားကွယ်။ကျွန်မရဲ့မျက်နှာကို အရိပ်လို ကြည့်ကာ အရာရာကိုလိုလေသေးမရှိ လိုက်လျောတတ်တဲ့မောင်။ကျွန်မစိတ်မပျော်ရွှင်ရင် စိတ်ကြည်နူးလာ အောင် အမျိုးမျိုးဖန်တီးပေးတတ်တဲ့သူ။ အခုတော့လည်း အရာရာပြောင်းလဲကုန်ပါပေါ့ လား။ပြောင်းလဲတတ်တဲ့ လောကကြီးမှာ မပြောင်းမလဲတည်ရှိတဲ့အရာဟာ ပြောင်းလဲခြင်းပဲလေ။ မောင်လဲ လူသားတစ်ယောက်ပဲမို့ ပြောင်းလဲသွားတာ မဆန်းပါဘူး။ဆန်းနေတာက ကျွန်မရင်ထဲက ခံစားချက်ပါ။
…ဆရာ..ကျောင်းသူတစ်ယောက်ကတွေ့ခွင့်တောင်းနေပါတယ်လို့ ဆရာမတစ်ယောက်က လာပြောစဉ်မှာ ပင် ခွင့်ပြုပါဦးဒေါ်သက်ထားမိုးမြင့်ဟု ခပ်တည်တည်ပင် နှုတ်ဆက်ထွက်သွားဖို့ပြင်နေပါသည်။
…ဟုတ်ကဲ့ပါဆရာ ကျွန်မက သမိုင်းဌာနက ဌာနမှူးနဲ့တွေ့ဖို့လာခဲ့တာပါ။ အခုကျွန်မသမီးက သူ့ဆရာနဲ့ စကား ပြောနေလို့ ကျွန်မကော်ရစ်တာကစောင့်နေတာပါ။ဆရာကိစ္စရှိရင်သွားပါ..
…သမီး ဒီမှာမေမေ…
အသံလာရာ ကို လှည့်ကြည့်လိုက်တော့ သမီးဖြစ်သူက ကျွန်မရှိရာကိုလျှောက်လာနေပါပြီ။
…ဆရာ..ဒါ ကျွန်မရဲ့မေမေ ဒေါ်သက်ထားမိုးမြင့်ပါ…
…သြော်..ဟုတ်လား..ကြွပါဗျာ…
သြော်…မောင်တစ်ယောက် ဌာနမှူးတောင်ဖြစ်နေပါပေါ့လား ။မောင့် ကို ဖေဖေတို့မေမေတို့မြင်စေချင်လိုက် တာ။ မောင်ဒီလိုအခြေအနေမျိုး ဒီလိုအဆင့်အတန်းမျိုးဖြစ်အောင် ဘယ်လိုများကြိုးစားခဲ့ပါလိမ့်။ ၀မ်းသာဂုဏ်ယူမိပါ တယ်မောင်ရယ်။
…ဒီလိုပါ ဒေါ်သက်ထားမိုးမြင့်။ဒီနှစ်ဆိုကရေးတီးပြိုင်ပွဲမှာ သမီးပန်းသတင်း ကို စောင်းတီးပြိုင်စေချင်လို့ပါ။ သူ့ကို မေးတော့ မိဘခွင့်ပြုချက်မရရင် မပြိုင်ချင်ဘူးတဲ့။ဆရာတို့မေမေကိုပြောပါဆိုလို့ပါ။ ဒီသမီးက စောင်း တီး တာတော်တော့ ကျွန်တော်က၀င်ပြိုင်စေချင်ပါတယ်…
…သမီးက ပညာရှင်အဆင့်မဟုတ်ပါဘူးဆရာ။ ပြိုင်ပွဲဝင်ဖို့အထိတော့ သမီးတတ်နိုင်မှာမဟုတ်လောက် ပါဘူး…
…အဲဒါတော့ မစိုးရိမ်ပါနဲ့မေမေ။သမီးတို့ကိုဆရာကသင်ပေးမှာပါ…မောင်က အနုပညာ ၀ါသနာပါတဲ့ အတွက် စောင်း၊တယော၊ ပတ္တလား၊ စန္ဒယား၊ အဆိုမှအစ အကုန်ကျွမ်းကျင်သူတစ်ယောက်ပါ။ ဒါကြောင့် လည်း ကျွန်မမိဘတွေကသဘောမတူနိုင်ခဲ့တာပေါ့။
…ခွင့်ပြုပေးလိုက်ပါ ဒေါ်သက်ထားမိုးမြင့်။အနုပညာဆိုတာ ဂုဏ်သိက္ခာ ကိုထိခိုက်တဲ့အလုပ်မဟုတ်ဘူးဗျ။ အကျင့်စာရိတ္တယိမ်းယိုင်စေတယ်။ အနုပညာသမားဆိုတာပေါ့ပျက်ပျက်နဲ့ အရာရာကိုအလေးအနက် မထားဘူး စတဲ့ အကြောင်းပြချက်တွေနဲ့ငြင်းဦးမလို့လား။ဒါတွေက ဟိုခေတ်က ကျန်ခဲ့ပါပြီဗျာ။ မြန်မာ့ ဂီတ၊မြန်မာ့အနုပညာ ဟာ ဘယ်လောက်လေးစား ဂုဏ်ယူဖို့ကောင်းလဲ။ကြိုး ဘွဲ့ ယိုးဒယား သီချင်းကြီး သီချင်းခန့်တွေကို နားထောင် ရရင် ဘယ်လောက်များဂုဏ်ယူဖို့ကောင်းလဲ ဒါတွေ ကိုပြောပြနေလို့လဲ အပိုပါပဲ။ခင်ဗျားတို့က ငွေကိုသာကိုးကွယ်ပြီး ငွေကိုသာအရှင်သခင်လို့ သတ်မှတ်တဲ့လူတန်းစားတွေ ဆိုတော့ ဒါမျိုးတွေကိုခံစားတတ် တဲ့အသည်းနှလုံးလည်းရှိမှာမဟုတ်ပါဘူးဗျာ…
…မဟုတ်ပါဘူးဆရာ။ မေမေက စောင်း၊စန္ဒယားတီးသလို သမီးကို လည်း မေမေသင်ပေးတာပါဆရာ…
သြော်..ဟုတ်လားဆိုတဲ့ စကားသံထဲမှာ အံ့သြတဲ့လေသံမပါပေ မယ့် မောင့်ရဲ့မျက်ဝန်းမှာတော့ အံ့သြ ရိပ်တွေ တွဲခိုနေတာ သက်ထားတွေ့ လိုက်ရပါသည်။ သက်ထားက စောင်းတီးသင်ချင်ပါတယ်လို့ဖေဖေ့ကိုပြောတော့
…ဒီမယ်သမီး အနုပညာသမားဆိုတာ စိတ်ကူးယဉ်ပြီး လေထဲမှာ တိုက်အိမ်ဆောက်နေကြတဲ့သူတွေ ကွဲ့။ မြန်မာ့အနုပညာကိုတော့ ဖေဖေလည်းသဘောကျပါတယ်။ ဒါပေမယ့် အနုပညာသမားတွေ ကိုတော့ ဖေဖေမကြိုက်ဘူး။ဘ၀မှာတိုးတက်အောင် ကြီးပွားအောင်ဘယ်လိုရုန်းကန်လှုပ်ရှားမလဲတော့ စိတ်မကူးဘဲ အဲဒီ အနုပညာဆိုတဲ့ ရေစီးကြီးထဲမှာ မှိန်းပြီးရေစုန်မျှော လိုက်နေတဲ့ သူတွေကို ဖေဖေ အထင်မကြီးဘူး။ငါ့သမီးကို လည်း အဲဒီလိုမဖြစ်စေချင်ဘူး လို့ပြောတဲ့စကားကို သက်ထားနားထောင်ခဲ့ပေ မယ့် မောင်နဲ့ဝေးခဲ့ရတဲ့နောက်ပိုင်း မှာ မောင်သိပ်ချစ်တဲ့အနုပညာကို ကျွန်မကလေ့လာသင်ယူရင်း အဖော်ပြုနေခဲ့တာကိုတော့ မောင်မှမသိဘဲ ကွယ်…
…ခွင့်ပြုပါနော် မေမေ…
သမီးလေးက သက်ထားရဲ့လက်ကို လှုပ်ကိုင်ပြီးပြောမှ သက်ထား အသိဝင်လာတော့သည်။
…ခွင့်ပြုဖို့ကတော့ သမီးအပေါ်မှာမူတည်တယ်။ သမီးစာကြိုးစားပါ့မယ်လို့ မေမေ့ကိုကတိပေးရမယ်။ပေးနိုင် မလား…
…အိုကေ မေမေ သမီးက မေမေ့သမီးပဲ မေမေဖြစ်စေချင်သလို ဖြစ်စေရမယ် စိတ်ချ…
သမီးလေးက ကျွန်မစိတ်ချမ်းသာအောင် ကတိတွေ အထပ် ထပ်ပေးနေ သည်။ ငယ်စဉ်ကတည်းကတိုင် အခုချိန်ထိ မိဘစကား ကို မြေ၀ယ်မကျနားထောင်ခဲ့တဲ့သမီးအလိမ္မာလေးပါ…ဒါဆို..ကျွန်မကရော…
………………
ကျွန်မနဲ့မောင်ဟာ ဟိုးငယ်စဉ်ကလေးဘ၀ကတည်းက ကျောင်းသွား အတူတူ ကျောင်းပြန် အတူတူ အေး အတူ ပူအမျှနဲ့ အတူတကွ ခင်မင်တွယ်တာခဲ့တဲ့သူတွေပါ။တစ်ယောက်ကိုတစ်ယောက်ခင်မင်တွယ်တာ သံယောဇဉ်ရှိပုံခြင်းက တူညီကြပါတယ်။မတူတာက ဘ၀အခြေအနေပါ။ ကျွန်မရဲ့မိဘတွေက ရှေးဘိုးဘေးစဉ်ဆက်ကြွယ်ဝချမ်းသာလာခဲ့တဲ့ ကြေးရတက်လူချမ်းသာစာရင်းဝင်တွေဖြစ်ပြီး မောင်က သာမန် လက်လုပ်လက်စား မိဘတွေက ပေါက်ဖွားလာတဲ့သူ။ ကျွန်မမိဘတွေက ကျွန်မမောင့်အပေါ်မှာ သူငယ်ချင်းတစ် ယောက်လို ခင်မင်တွယ်တာ သံယောဇဉ်ရှိတာကို မပြောလိုပေမယ့် ဘ၀အဖော်မွန် အဖြစ်တော့လက်မခံနိုင်ကြ ပါ။ ဒါကလည်း မိဘတိုင်းရဲ့စေတနာပါ။
မိုးမြင့်ကကြယ်တစ်ပွင့် မြေပြင်မှာမတင့်တယ်နိုင်သလို မြေပြင်ကကျောက်ခဲတစ်လုံးဟာလဲ မိုးမြင့်ထက်မှာ မရပ်တည်နိုင်ပါ။အခြေအနေမတူတဲ့ ဘ၀နှစ် ခုပေါင်းစည်းကြဖို့ဆိုတာ ကာရန်မညီတဲ့သီချင်းတစ်ပုဒ်ကို သီဆိုရ သလိုဖြစ် နေမှာအမှန်ပါ။ ကျွန်မကတော့ မောင်နဲ့သာဆိုရင် တဲအိုပျက်မှာ နေရ ရ ထမင်းရေပူအတူတူ သောက်ရသောက်ရ ခယောင်းလမ်းကိုပဲလျှောက်ရလျှောက်ရလို့ မျက်စိစုံမှိတ်ပြီး မကြွေးကြော်ရဲပေမယ့် မောင့်ကို တော့သိပ်ချစ်ပါသည်။
မောင့်ဘ၀မြင့်မားတိုးတက်အောင်ကူညီဖြည့်ဆည်းပေးရင်း အခြေအနေတစ်ခုကို အတိုင်းအတာတစ်ခုအထိ ထူထောင်နိုင်မည် ဆိုပါမှ မောင်နဲ့လက်ထပ်မယ်လို့ နှစ်ဦးသဘောတူဆုံးဖြတ်ထားပြီး ကျွန်မတို့ နှစ်ယောက် ချစ်နေ တာကိုပတ်ဝန်းကျင်မသိအောင် အထူးသဖြင့် ကျွန်မမိဘတွေမသိအောင် သိုသိုသိပ်သိပ်နဲ့နေ ခဲ့ကြပါ တယ်။ လူတစ်ဦး တစ်ယောက်အထင်အမြင်လွဲစေမည့် အပြုအမူ အပြောအဆိုကအစ အထူး သတိထားခဲ့ကြပါတယ်။
အဲ..ဒါပေမယ့် မည်သည့်အရာတိုင်းမှ လျှို့ဝှက်ချက်မရှိဟု ဆိုရိုးစကားရှိ သည်နှင့်အညီ ကျွန်မတို့ ဒုတိယနှစ် တက်နေချိန် မှာ မောင်နဲ့ကျွန်မတို့အကြောင်းကို ဖေဖေတို့သိသွားခဲ့ပါသည်။
…သမီးရယ်..ငါ့သမီး ဒီလောက်မိုက်လိမ့်မယ်လို့မထင်မိဘူး။ ဦးမိုးမြင့်ရဲ့သမီး သက်ထားမိုးမြင့်ဟာ မိုးမြင့်ထက်မှာပဲရှိနေရမယ် ။မြေပြင်မှာ ရှင်သန်ဖို့ မဟုတ်ဘူး။သမီးကိုသင်ပေးထားတဲ့အသိပညာတွေ နဲ့ဖေဖေတို့ရဲ့ မေတ္တာတွေဟာ ငါ့သမီးဟိုအမြင့်ထက်မှာ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းဖို့တွန်းအားေ တွပဲ။ သူကရော သမီးကိုချစ်တယ်ဆိုတာ မေတ္တာစစ်မေတ္တာ မှန်နဲ့ဖြစ်နိုင်ပါ့ မလား။ဆိုလိုတာက ဒီယုန်မြင်လို့ ဒီခြုံထွင်တာမျိုးဆိုဘယ်နှယ်လုပ်မလဲ…
…ဒီမှာသမီး သဇင်ပန်းဟာ ပန်းပျံပင်ဆင့်တဲ့အပင်တစ်မျိုးပဲ။ သဇင်ပန်းကို မြင့်သထက်မြင့်အောင် တင့်သထက် တင့်အောင် အခြား သစ်ပင်တွေက ထမ်းပြီးတင်ပေးထားရတာကွ။ သဇင်ဟြာေ မမှာ မပေါက်နိုင်ဘူး။ အဲ..မြင်းခွာရွက် ကတော့ မြေမှာပေါက်တဲ့အပင်မျိုး။ မြင်းခွာရွက်ကို အမြင့်မှာတင်ပြီးထား လို့မရဘူးဆိုတာသမီး နားလည်ထား ပါ။ မေမေ့ သမီးက အသိပညာဗဟုသုတကြွယ်ဝတော့ အမေဘာပြောတယ်ဆိုတာ သဘောပေါက် ပါတယ်နော်…
ဖေဖေနဲ့မေမေသည် မောင့်ရဲ့နာမည်ကိုတစ်စွန်းတစ်စမှမဟ။ သူတို့ပြောလိုသည်များကို ဥပမာဥပမေယျတွေနဲ့သာပြောသွားသည်။ ကျွန်မဘာဆက်လုပ်ရမှာပါလိမ့်။ ကျွန်မသိပ်ချစ်သော ကျွန်မကိုသိပ်ချစ်ကြသော မိဘတွေကတစ်ဖက် ကျွန်မသိပ်ချစ်ရပါသော ကျွန်မဘ၀ကြီးတစ်ခုလုံး ထက်ပိုပြီး မြတ်နိုးတွယ်တာ သံယောဇဉ်ကြီးရပါသောမောင်။ တစ်ထောင့်ငါးရာ နဲ့ငါးရာနှစ်ဆယ့်ရှစ် အားပြိုင်တဲ့ပွဲ။ ဒီအချိန်တွေဟာ ကျွန်ရဲ့ရင်ထဲမှာ မီးတောင်ကြီးတစ် ခုပေါက်ကွဲသလို ပူပြင်းလောင်မြိုက်နေ ခဲ့ပါတယ်။ ကျွန်မကြိတ် မှိတ်မြိုသိပ် ခံစားခဲ့ရတဲ့ရက်တွေအသေင်္ချေပါ။
ဘ၀နဲ့ဆန္ဒတစ်ထပ်တည်းမကျနိုင်တဲ့ ဘ၀အခြေအနေမှာ နှလုံးသားကို စတေးပြီး မိဘတွေရဲ့စကားကို နားထောင်ခဲ့ပါတယ်။ဒါကလည်း ကျွန်မအသည်းနှလုံးနဲ့ရင်းပြီး မိဘကျေးဇူးကိုဆပ်ခဲ့တာပါ။ ကျွန်မက ငယ်စဉ် ကတိုင် မိဘတွေဆီကစုန်ရေသာရှိခဲ့ပြီး ဆန်ရေမရှိခဲ့ပါဘူး။ကျွန်မမိဘတွေကို ဘာမှကျေးဇူးမတုန့်ပြန်နိုင်သေးပါဘူး။ အဲဒီအချိန်မှာ ကျွန်မလုပ်နိုင်တာတစ်ခုက မိဘတွေကို စိတ်ချမ်းသာ အောင်ထားပြီး မိဘစကားကိုနားထောင်ခြင်းဟာလည်း ကျေးဇူးဆပ်ခြင်းတစ်မျိုးလို့ခံယူပြီး မိဘတွေစီစဉ်တာကို ကျွန်မနာခံခဲ့တာပါ။ မောင်ကတော့ ကျွန်မကိုအသည်းစားဘုရင်မကြီးလို့ ထင်ခဲ့မှာပါ။ တကယ်တော့ ကျွန်မရဲ့ အသည်းကို ကျွန်မကိုယ်တိုင် အဆိပ်ခပ်ခဲ့တာပါကွယ်..။
အပ္ပိယေဟိ သမ္မယောဂေါ ဒုက္ခော၊ ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော ချစ်သော သူနှင့်ကွေကွင်းရခြင်းသည် လည်း ဒုက္ခ၊မချစ်မနှစ်သက်သော သူနှင့်အတူတကွနေထိုင်ရခြင်းသည် လည်း ဒုက္ခ ဟု မြတ်စွာဘုရားက ဓမ္မစင်္ကြာဒေသနာမှာ မိန့်ကြားတော်မူခဲ့ပါတယ်။ကျွန်မဟာ ကံဆိုးပြီး ချစ်သူနဲ့ ကွေကွင်းခဲ့ရပေမယ့် ကံကောင်းစွာနဲ့ပဲ မချစ်မနှစ်သက်သောသူနဲ့ အတူတကွ မနေခဲ့ရပါဘူး။ ကျွန်မမိဘတွေသဘောတူတဲ့ ကိုဇေယျဟာ ကျွန်မနဲ့စေ့စပ်ပြီးတစ်လအကြာမှာ တောင်ကြီးကိုအသွား ကားအက်ဆီးဒင့်ဖြစ်ပြီး ဆုံးပါးသွားခဲ့ပါတယ်။
အဲဒီနောက်ပိုင်းကစပြီး ဖေဖေဟာ ကျွန်မကို အိမ်ထောင်ပြုဖို့ အခုချိန်ထိ မတိုက်တွန်းတော့ပါဘူး။ဒါပေမယ့် ကျွန်မဲ့မောင်ဟာ ကျွန်မစေ့စပ်တဲ့နေ့မှာပဲ ကျွန်မတို့မြို့ကထွက်ခွာသွားတာ အခုနှစ်နှစ်ဆယ်ကျော် မှပြန်တွေ့ခဲ့ရတာ ပါ ။မောင်ကပဲ အပုန်းကောင်းတာလား။ကံကြမ္မာကပဲ မျက်လှည့်ပြသလားတော့ ကျွန်မသေချာမသိပါ။ အဲ..သေချာတာကတော့ ကျွန်မမောင့်ကို ယနေ့ထက်တိုင်ချစ်နေဆဲဆိုတာရယ်။ အချိန်တိုင်းနေရာ တိုင်းမှာ မောင့်ကိုရှာနေတယ်ဆိုတာပါပဲကွယ်။ ကျွန်မနဲ့မောင့်ကို မိဘတွေက သဘောမတူလို့ခွဲခဲ့ရပြီး မိဘတွေက သမီးရဲ့ဆန္ဒကို ဦးစားပေး ကာ သမီးကြိုက် တဲ့သူကို ရွေးချယ်ပါ ဆိုတော့ ကံကြမ္မာကခွဲထာြး ပန်ရော။ မောင့်ကိုရှာလို့မတွေ့တဲ့အဆုံး မှာ မောင့်ကိုသတိရတဲ့စိတ်၊ တမ်းတတဲ့စိတ်တွေကိုကုစားချင်တဲ့အတွက်သမီးလေးပန်းသတင်းကိုကျွန်မမွေးစားခဲ့တာပါ။  မောင်ကတော့ ပန်းသတင်းကို ကျွန်မသမီးလို့ပဲထင်နေမှာ ပါ။
အချစ်ဆိုတာ ကံကြမ္မာလား ကံကြမ္မာကပဲအချစ်ကိုဖန်တီးတာလား။ အချစ်ကပဲ ကံကြမ္မာကိုဖန်တီးတာ လား။အရာရာကတော့ သူ့အကြောင်းသူ့အကျိုးနဲ့ဆက်နွှယ်ပတ်သက်နေကြတာပါ။ပြောင်းလဲတတ် တဲ့လောကကြီးက အရာရာကိုပြောင်းလဲေ စနိုင် တတ်သော် လည်း မပြောင်းလဲအောင်ထိန်းသိမ်း ထားနိုင်တာက တန်ဖိုးတစ်ခုပါ။ ကျွန်မရဲ့နှလုံး သားဟာ မောင့်ကိုချစ်တဲ့အချစ်တွေကိုတော့ ဘယ်တော့မှ မပြောင်းလဲပါဘူး။ဒီတန်ဖိုးလေးကိုပဲ ထာဝရထိန်းသိမ်းထားမှာပါကွယ်။
ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါ။ဒါပေမယ့် သံသရာခရီး ကတော့ရှည်လွန်း လှပါတယ်။ မောင်မပါဘဲ ကျွန်မတစ် ယောက်ထဲသွားရမယ့်ခရီးက ပိုပြီးရှည် လျားလှပါတယ်မောင်ရယ်။ဒီဘ၀မှာမောင်နဲ့မဆုံကြ ရပေမယ့် နောက်ဘ၀ မှာ ဆုံမှာပါဆိုတဲ့မျှော်လင့်ချက်ကလေးတစ်ခုနဲ့ကျွန်မတစ်ယောက်တည်း ဒီသံသရာ ခရီးကို ယုံယုံကြည်ကြည်နဲ့ ဆက်လျှောက်နေခဲ့တာပါမောင်ရယ်။ ဒီဘ၀မှာတော့ မောင်နဲ့ကျွန်မတို့ဟာ ဆုံမှတ်မရှိတဲ့မျဉ်းပြိုင် နှစ်ကြောင်းလို ပါ ပဲလားကွယ်။
မောင်နဲ့ကျွန်မရဲ့ဘ၀နှစ်ခု ဟာ ပေါင်းစပ်ဖို့မလွယ်ပါဘူး။ အခုဆိုရင် ပိုတောင်မလွယ်သေးတယ်။မောင်လည်း မောင့်ဘ၀မှာ အေးချမ်းပျော်ရွှင်နေပါပြီ။ ကျွန်မလည်း ကျွန်မဘ၀နဲ့ကျွန်မရှိနေကြပါပြီ။
ဒါဆို..ကျွန်မကဘာကိုတမ်းတပြီးလွမ်းဆွတ်နေသေးတာလဲ။ အခုချိန်ထိ မောင့်ကိုချစ်တဲ့ အချစ်တွေကြောင့် ကျွန်မနှလုံးသားလေးဟာ ပူပြင်းလောင်မြိုက်လိုက်၊ မီးခိုးငွေ့ဖြစ်သွားလိုက်၊ တစ်ခါ တစ်ခါ မှာတော့ အေးမြ သွားလိုက်နဲ့ ဒဏ်ရာပေါင်း စုံကို ခါးဆီးခံနေရလေရဲ့။ ဒါပေမယ့် မောင့်ကိုချစ် တဲ့ကျွန်မနှလုံးသားလေး ကို တော့ အစားထိုး ခွဲစိပ်ဖို့မကြိုးစားခဲ့ပါဘူး။ မောင့်ကိုချစ်နေရရင် မောင့်ကိုလွမ်းနေရရင်ပဲကျေနပ်နိုင်ခဲ့ပါပြီ။
မောင်ရေ..ကမ္ဘာကုန်ကျယ်သရွေ့တော့ မောင့်ကိုသတိရတမ်းတရင်း သံသရာခရီးကို ကျွန်မတစ်ယောက်ထဲ ဆက်လျှောက်နေရဦးမှာပါကွယ်…
                                                                                           ခင်လယ်လယ်ချစ်

No comments:

Post a Comment