ယနေ့ကမ္ဘာလောကကြီးသည် လူသားတို့၏ ကာယ၊ဥာဏ၊ဇွဲလုံလ၊၀ီရိယတို့ဖြင့် စုစည်းတည် ဆောက် ထား သည့် ကမ္ဘာလောကကြီးဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိလူသား တိုင်း လိုလိုသည် မွေးဖွားလာ ကတည်းက တစ်ဦးတစ်ယောက်ထဲနေလို့မရ။ တစ်ဦးကိုတစ်ဦးအမှီသဟဲပြုကာ နေကြရပါသည်။ မိသားစု များ မိတ်ဆွေ သင်္ဂဟများဖြင့် စုပေါင်းနေထိုင်ကြရသည့် သတ္တ၀ါများဖြစ်ပါသည်။ သို့သော် ပတ်ဝန်းကျင် ကောင်းရှိဖို့တော့ လိုပါသေးသည်။သူငယ်ချင်းကို ရွေးချယ်ပေါင်းသင်းရ်ျရသော်လည်း အိမ်နီးချင်းကို ရွေးချယ်လို့မရပါဟု အဆိုရှိ ပါသည်။ ပတ်ဝန်းကျင်ကောင်းမှာရှင်သန်ရသည့်လူများသည်ပတ်ဝန်းကျင်ကောင်း၏ ရိုက်ခတ်သည့် ကောင်းကျိုးချမ်းသာများရရှိနိုင်သကဲ့သို့ ပတ်ဝန်းကျင်ဆိုးဆိုးနှင့်ကြုံတွေ့ရမည်ဆိုပါက အဆိုးသံသရာမှာ တ၀ဲလည်လည်ဖြစ်နေမှာ အမှန်ပင်ဖြစ်ပါသည်။
ယနေ့ကမ္ဘာကြီးသည်ရွာကြီးတစ်ရွာအလားအရှေ့နှင့်နောက်တောင်နှင့်မြောက်သည် ကူးလူး ဆက်သွယ်ရလွယ်ကူသကဲ့သို့သတင်းစကားသည်လည်း နေ့ချင်းညချင်းရောက်နိုင်လောက်အောင်ပင် ဆက်သွယ်ရေး စနစ်ကလည်းလျှင်မြန်လှပါသည်။ ကမ္ဘာတစ်ဝှမ်းဖြစ်နေသည့် အကြောင်းကိစ္စမှန်သမျှ အချိန်နှင့် တစ်ပြေး ညီသိရှိ နိုင်လာပြီဖြစ်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာတစ်ဝှမ်းလုံးရှိနိုင်ငံတိုင်းလိုလိုက ဒီမိုကရေစီစနစ်ကိုကျင့်သုံးသည့်အတွက် ကြောင့် မိမိနိုင်ငံကိုလည်း နိုင်ငံရေးမျက်နှာစာအသစ်ဖွင့်လှစ်လိုက်ကာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင် ရန်ကြိုးပမ်း အားထုတ်ခဲ့သည်။ သို့သော် ဒီမိုကရေစီသည် ခရီးဆုံးပန်းတိုင်မဟုတ်လျှောက်လှမ်းရမည့် လမ်းစဉ်ဖြစ်ကာ ပြည်သူအများပူးပေါင်းပါဝင်မှသာ ဒီမိုကရေစီစနစ် အမြဲရှင်သန်ခိုင်မာမှာဖြစ်ပါသည်။
ဒီမိုကရေစီတွင် အခြားသူများ၏အခွင့်အရေးကို မထိခိုက်သမျှ လူတစ်ဦးချင်းက မိမိနှစ်သက်ရာ စိတ်ချမ်းသာပျော်ရွှင်မှုကို ရယူနိုင်သည်။ သူတစ်ပါးကိုထိခိုက်သမျှ ဒီမိုကရေစီသည် ပြည်သူများကိုယ်တိုင် ပါဝင်ပြီး ပြည်သူများက ပြည်သူ့အတွက် ပြည်သူများကိုယ်တိုင်ပါဝင်စီမံခန့်ခွဲသည့် ကျင့်စဉ်ဖြစ်သောကြောင့် ဒီမိုကရေစီ၏အနှစ်သာရ ကိုပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိဖို့လိုအပ်ပါသည်။ သို့မဟုတ်ပါက ကိုယ်ကျိုးရှာ အတ္တသမားများ၏သားကောင်ဖြစ်သွားနိုင်ပါသည်။ ဒီမိုကရေစီသည်တစ်ဦးချင်းစီ၏ လွတ်လပ်မှုကို ကျယ်ကျယ်ပြန့်ပြန့်အသိအမှတ်ပြုထားသော်လည်း ထင်တိုင်းကျဲစိတ်တိုင်းကျ အသုံးချမည် ဆိုပါက ဒီမိုကရေစီ ၏ အနှစ်သာရနှင့်ဝေးကွာသွားပါလိမ့်မည်။
ယနေ့အချိန်အခါတွင်တွေ့မြင်နေရသည့်အကြောင်းအရာများစွာထဲမှထုတ်နှုတ်တင်ပြရမည်ဆိုလျှင် ပြည်သူတို့၏ အခက်အခဲအကြပ်အတည်းများကို အခွင့်ကောင်းယူ ဒီမိုကရေစီကိုဗန်းပြပြီး ကိုယ်ကျိုး ရှာနေကြ စိတ်မချမ်းမြေ့ဖွယ်တွေ့မြင်နေရပြန်ပါသည်။အမှန်အားဖြင့်ပြည်သူ လူထုသည်မိမိမှာရှိသည်ဖြင့် ရောင့်ရဲတင်းတိမ်တတ်ကြသည်။ စားဝတ်နေရေးအတွက်အဆင်ပြေလိုသည်။ အေးချမ်းမှုကိုလိုလား သည်။ သို့သော် လူသားတို့ အနေဖြင့် အသက်ရှင် နေရုံသက်သက်အတွက် စားဝတ်နေရေးကို လုံးပန်းနေရသည့် အနေအထား ဖြစ်နေမည်ဆိုပါက ထိုသူတို့အတွက်ကြီးမားသည့်ပြသနာတစ်ခုပင်ဖြစ်သည်။ က်ျသို့သော အခြေ အနေမျိုးသည် ကိုယ်ကျိုးရှာ အတ္တသမားများအတွက်အခွင့်ထူးတစ်ရပ်ပင်ဖြစ်သည်။ ပြည်သူများမှာ စားဝတ်နေရေးကြပ် တည်း လာပြီ ဆိုပါက လုပ်သင့်သည်မလုပ်သင့်သည်ကိုပင် မစဉ်းစားအား တော့ပါ။ သမုဒ္ဒရာဝမ်းတစ်ထွာ အတွက် ဖြေရှင်းရတော့မည်။ အူမတောင့်မှသီလစောင့်နိုင် မည့် အခြေအနေတွင် ပြည်သူ့အတွက် နိုင်ငံအတွက်ဆိုတာထက် မိမိအတွက်အရင်စဉ်းစားမှာဖြစ်သည့်အတွက် အပြစ်မဆိုသာ ပါ။ ငါးပွက်ရာ ငါးစာချတတ်သည့် ကိုယ်ကျိုးရှာအတ္တသမားများကြောင့်သာဖြစ်ပါသည်။
ခရစ်တော်က “လူသားအားလုံးမိမိအပေါ်ပြုမူမှာကို မနှစ်သက်သကဲ့သို့ အခြားသူများအပေါ်မပြုမူကြနဲ့ ”တရုတ်ပညာရှင် ကွန်ဖြူးရှပ်ကလည်း “ကိုယ့်အပေါ်မလုပ်စေချင်တာကို သူများအပေါ်လည်း မလုပ်နဲ့”ဟု ဆိုထားသည်ကိုတွေ့ရပါသည်။သို့သော်လည်း လူတို့သည်မိမိအကျိုးအတ္တအတွက်လုပ်သင့်သည်။ မလုပ် သင့်သည်ကို မစဉ်းစားမတွေးခေါ်တော့။ ကိုယ့်အတွက် အကျိုးရှိမည်ဆိုလျှင် တောမီးလောင် တောကြောင် လက်ခမောင်းခတ်ဆိုသလို မိမိအကျိုးရှိမည်ဆိုပါက သူတစ်ပါး၏ဘ၀များ ကိုချနင်းရ မည်ဆိုပါကလည်း ချနင်းဖို့ရာမခဲယဉ်း တတ်ကြပါ။
ယနေ့နိုင်ငံရေးအခင်းအကျင်းကိုကြည့်မည်ဆိုပါက နိုင်ငံတော်အစိုးရက ငြိမ်းချမ်းရေး အတွက်ကြိုးစား ပမ်းစားဆောင်ရွက်နေသော်လည်း ကိုယ်ကျိုးရှာအတ္တသမားများက မိမိတို့ကောင်းစားရေးအတွက် လက်နက်ကိုင်ဆန့်ကျင်ပြသည်။ ပြည်တွင်းရေးမငြိမ်မသက်ဖြစ်အောင်လုပ်သည်။ အကြပ်အတည်းဆိုတာ လူတိုင်းမှာရှိတတ်ပါသည်။ စီးပွားရေးအဆင်ပြေသူက လူမှုရေး၊ မိသားစုရေးကိစ္စအဆင်ပြေချင်မှပြေမည်။ သို့မဟုတ်လျှင် ကျန်းမာရေးအတွက် ပူပင်သောကဖြစ်ရမည်။ လူမှုရေးကျန်းမာရေးအဆင်ပြေကောင်းမွန် လျှင်ဖြင့် စီးပွားရေးက ကျပ်တည်းမည်။ လူတစ်စု ပူမှုရယ်တဲ့ အထွေထွေဖြစ်နေတတ်တာ လောကသဘာဝ ပါ။ အခက်အခဲအကြပ်အတည်းကို ကောင်းမွန်စွာစိတ်ရှည်သည်းခံစွာ ဖြေရှင်းနိုင်တဲ့သူများ ရှိသကဲ့သို့ မဖြေရှင်း နိုင်ကြသည့် သူများလည်းရှိရာ ၄င်းအတွက် ထွက် ပေါက်တစ်ခုလိုကိုလိုမည်မှာအမှန်ပင်။ ထိုသူတို့ သည် ကိုယ်ကျိုးရှာအတ္တသမားများ၏ သားကောင်ဖြစ်ရပေတော့သည်။ က်ျသည်ကို အခွင့်ကောင်း ယူပြီး သကာလ ကိုယ်ကျိုးရှာအတ္တသမားများက လိုသလိုအသုံးချပါလေတော့သည်။
၁၉၄၇ခုနှစ်၊ ဇူလိုင်လ၁၃ရက်နေ့ မြို့တော်ခန်းမတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ပြောကြားခဲ့သည့် မိန့်ခွန်းတွင်… “ယခုတိုင်းပြည်မှာမငြိမ်မသက်ဖြစ်နေတဲ့ကိစ္စ၊ဆူဆူပူပူဖြစ်နေတဲ့ကိစ္စတွေဟာ တိုင်းပြည် အတွက်အကျိုးရှိသလား။ အကျိုးမရှိဘူးလားဆိုတာခင်ဗျားတို့ထပ်စဉ်းစားဖို့လိုတယ်။ဆူပူ သောင်း ကျန်းမှု တွေကို ဗမာ ပြည်ချစ်တဲ့ လူတွေမှန်သမျှ ၀ိုင်းဝန်းကူညီနှိမ်နင်းဖို့လိုတယ်။ ဘယ်သူ့ကိုမှ အားပေးဖို့မလိုဘူး။ တိုင်းသူပြည်သား ညီညွတ် ရေး၊ လူထုရဲ့ညီညွတ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးအတွက် ယခုထက်ပိုပြီး ဆတက်ထမ်းပိုးတိုးပြီး လုပ်ကြဖို့လိုတယ်…”ဟုထည့်သွင်းပြောကြားခဲ့သည် ကိုတွေ့ရှိရပါ သည်။ ဗိုလ်ချုပ်ကိုအမှန်တကယ်ချစ်မြတ်နိုး သည်ဆိုလျှင်ဖြင့် ဗိုလ်ချုပ်၏အဆိုအမိန့်များ၊ ဗိုလ်ချုပ်၏ လမ်းစဉ်များကို အစဉ်အမြဲလေးစားလိုက်နာကြရမှာဖြစ်ပါသည်။ ကမ္ဘာကြီးကို လှပအောင်သာယာအောင် လူသားတို့စုပေါင်းအားနှင့် တည်ဆောက်ထား ပါသကဲ့သို့ မြန်မာ့မြေပေါ်မှာ မှီတင်းနေထိုင်ကြသည့် လူသားအားလုံး ကိုယ်စီအသိတရားနှင့် ဒီမိုကရေစီပန်းတိုင်းကိုအရောက်ချီတက်ကြရင်း ဒီမိုကရေစီ စိတ်ဓာတ် အမြဲထွန်းကား အောင်ဆောင်ရွက်ကြ ပါစို့ဟု တိုက်တွန်း ပြောကြား လိုက်ရပါသည်။
No comments:
Post a Comment