ပတ်ဝန်းကျင်ဆိုသည်မှာတကယ်အရေးပါသည့်စကားဖြစ်ပါသည်။ လူသားတိုင်း good environmentကောင်းသောပတ်ဝန်းကျင်မှာကျင်လည်လျှင်ကောင်းသောအရာများနှင့်ကြုံတွေ့နိုင်မည်ဖြစ်ပါသည်။ စာရေးသူတက္ကသိုလ်တစ်ခုမှာနည်းပြလုပ်စဉ် ကဖြစ်သည်။စာရေးသူကလည်း ထိုကျောင်းကို ရောက်စဆို တော့ ထိုကျောင်းရဲ့အထာများကိုမသိပါ။
ထိုကျောင်းတွင် အလွန်ဆိုးသော ဆရာ/မများလက်မြှောက်ထားရသော ကျောင်းသားဆိုးဆိုးများရှိပါ သည်။ဆရာ/မများကလည်းအလွန်ဆိုးသည်ဟုသာမှတ်ချက်ပေးပြီး ပေလျကန်သဘောထားကြသည်။ ထို့ကြောင့်ကျောင်းသားများက ပိုဆိုးနေခြင်းဖြစ်မည်။ ထိုကျောင်းသားသည် ဆိုးသည်မှန်သော်လည်း ပုံသွင်းပေးမည့်ဆရာကောင်းရှိမည်ဆိုလျှင် အင်မတန်တော်သောလိမ္မာယဉ်ကျေးသောကျောင်းသား ကလေးတစ်ဦးဖြစ်လာမှာအမှန်ပါ။ဆိုးလို့ဆိုပြီးဆရာ/မများကလျစ်လျူရှုကြသကဲ့သို့ အတန်းဖော် သူငယ်ချင်းများကလည်းမြှောက်ပင့်ပေးသည့်အတွက် သူ့ကိုယ်သူမဟာသူရဲကောင်းကြီးထင်ကာဆက် လက်ဆိုးသွမ်းနေခြင်းပင်။
တစ်နေ့တွင်စာရေးသူနှင့်ထိုကျောင်းသားတို့ထိပ်တိုက်တွေ့ခဲ့ရပြန်ပါသည်။စာရေးသူက သူတို့အတန်းကို သင်ခန်းစာဝင်ပေးရသည်။နောက်တစ်နေ့တွင်စာစီစာကုံး တစ်ပုဒ်ဆီရေးခဲ့ရမည်ဟုမှာ လိုက်သည်။ အဖြေစာအုပ်များကို အတန်းခေါင်းဆောင်မှစုစည်းကာ စာရေးသူကိုလာအပ်ရန်မှာခဲ့သည်။ ထိုကျောင်းသားနှင့်တကွကျောင်းသားအနည်းစုမှာ အဖြေလွှာစာအုပ်ထပ်သည့်အထဲတွင် မပါဝင်ခဲ့ ပါ။
ထမင်းစားနားချိန် ထမင်းစားပြီးအပြန်တွင် အချို့ကျောင်းသားများကအဖြေလွှာစာအုပ်ကို လမ်းတွင် လာပေးပါသည်။ စာရေးသူကထိုသို့ပေးခြင်းကိုလက်မခံခဲ့ပါ။ သတ်မှတ်ချိန်အတွင်းမှသာ အဖြေလွှာစာအုပ် ထပ်ရမည်ဟုပြောခဲ့ပါသည်။
ထို့နောက်နားနေခန်းတွင်အခြားဆရာမများနှင့်စာဆွေးနွေးနေစဉ် ထိုကျောင်းသားမှအဖြေလွှာစာအုပ် လာထပ်ပါသည်။စာရေးသူကစည်းကမ်းအတိုင်းအပ်ရန်ပြောလိုက်သည့်အခါတွင် ထိုကျောင်းသားမှ အဖြေ လွှာစာအုပ်များကိုနားနေခန်းရှေ့တွင် လွှင့်ပစ်လိုက်ပါသည်။
စာရေးသူနှင့်တကွ ဆရာမများက ထိုကျောင်းသား၏လုပ်ရပ်ကိုအတွက်စိတ်မကောင်းဖြစ်မိပါသည်။ ထိုအချိန်တွင်ဆရာမများက ထိုကျောင်းသား၏ဌာနမှူးထံသွားရောက်တိုင်ကြားအသိပေးခဲ့ပါသည်။
ဌာနမှူးဆရာမမှ စာရေးသူအားတောင်းပန်ခဲ့သကဲ့သို့ ထိုကျောင်းသားကိုလည်း တောင်းပန်ခိုင်းပါ သည်။ ထိုကျောင်းသားသည် တောင်းပန်စရာမလိုလောက်အောင် သူ့လုပ်ရပ်များကမှန်နေသည်ဟုသာ ထင်မြင်နေပါသည်။သူ့ပတ်ဝန်းကျင်မှသူငယ်ချင်းများကလည်း သူ့ကိုမြှောက်ပင့်ကာ တောင်းပန် စရာမလို ဘူး ဟု သာတွင်တွင်ပြောနေပါသည်။
ထိုကျောင်းသားပုံစံကလည်း စာရေးသူကိုတောင်းပန်မည့်ပုံမပေါ်ပါ။ ရိုက်လျှင်လည်းခံလိုက်မည်။ ကျောင်းထုတ်ချင်လည်း ထုတ်ပါစေဆိုသည့် ဘာမထီပုံစံမျိုးဖြစ်နေသည်။ပြသနာ တစ်မျိုးမဟုတ်တစ်မျိုး နှင့် ကျောင်းရုံးခန်းကို ခဏခဏရောက်ဖူးနေခြင်းဖြစ်သည့်အတွက် သူ့အဖို့တော့အဆန်းတကြယ်ဖြစ် မနေပါ။
အားလုံးကလည်းထိုကျောင်းသားကို မြှောက်ပင့်ပေးနေသည့်အတွက် သူ့ကိုယ်သူမှန်တယ်ထင်ကာ ဇွတ်ပေကပ်နေခြင်းပင်။တကယ်တော့ အဖြေလွှာစာအုပ်ကိုလွှင့်ပစ်ခြင်းသည် ထိုကျောင်းသားအတွက် အများကြီးထိခိုက်နစ်နာစေပါသည်။ အဲဒါကိုသူမသိပါ။ဌာနမှူးဆရာမမှထိုကျောင်းသားကို ရှိခိုးတောင်း ပန်ခိုင်းသည်။ စာရေးသူက သူ့ကိုအပြစ်မယူပါ။ဆရာတပည့်ကြားမှာ အပြစ်ယူခြင်း၊ အပြစ်ပေးခြင်းဆိုတာ မျိုး မရှိသင့်ပါ။ မလိမ္မာသောကျောင်းသားကိုဆုံးမရမည်မှာ ဆရာ/မတိုင်း၏တာဝန်ပင်မဟုတ်ပါလား။
ပထမပိုင်းတွင်ထိုကျောင်းသားသည် စာရေးသူကိုကြည့်သည့်အကြည့်မှာ စိမ်းနေသည်။ အမုန်းမျက်ဝန်း နှင့်ကြည့်နေသော်လည်း စာရေးသူကမေတ္တာမပျက်ခဲ့ပါ။ သူ့ကိုလည်းမမုန်းပါ။““ကဲ…သား…သား အခုလုပ်တဲ့ လုပ်ရပ်ဟာ မှန်ရဲ့လား စဉ်းစားကြည့်ပါဦး…”
“တီချယ်က ကျွန်တော့်အဖြေလွှာစာအုပ်ကိုမှမယူတာ ကျွန်တော်ကဘာလုပ်ရမှာလဲ..”
ကျောင်းသားတစ်ယောက်မေးရမည့်မေးခွန်းမဟုတ်ဟုထင်မြင်မိပါသည်။
“ဒီမယ်သား..သားလုပ်ရပ်ကလည်းမှန်တယ်။သားသူငယ်ချင်းတွေကလည်းသားကိုအားပေးတယ်။ ခုချိန်မှာ တော့သူတို့ရှေ့မှာသားကသူရဲကောင်းကြီးပေါ့။ဟုတ်လား။ဒါပေမယ့်အဲလိုလုပ်လိုက်လို့ သားမှာဘာအကျိုး များရသွားသလဲ။စောစောကမင်းတို့ဌာနမှူးက မိဘတွေခေါ်ပြီးမလိမ္မာတဲ့ကျောင်းသားကို မိဘတွေဆီပြန် အပ်မယ်လို့ ပြောသွားတယ်မဟုတ်လား။ ဒါဆို သားဘာဖြစ်သွားမလဲ။ သားကိုအားပေးတဲ့ သူငယ်ချင်းတွေ ကရော သားကိုဆက်ပြီးကောင်းချီးပေးကြပါဦးမလား။ ကဲ…ပြောစမ်းပါဦး။
စာရေးသူက ထိုကျောင်းသားကို ဂရုဏာမျက်ဝန်းဖြင့်စေ့စေ့ကြည့်ကာမေးလိုက်ပါသည်။ မေတ္တာဆို တာ အလျားအနံမရှိပေမယ့် အသွားအပြန်ရှိသည်ဆိုသည်မှာအမှန်ပင်။ သူ့အပေါ်နူးညံ့ပျော့ပြောင်းစွာ ဆက်ဆံခဲ့သည့် သူကလည်းရိုကျိုးစွာဆက်ဆံလာပါသည်။
“ဟုတ်ပါတယ် တီချယ်…ကျွန်တော်မှားသွားပါတယ်။ ကျွန်တော်တောင်းပန်ပါတယ်။ မနက်ကတည်းက စိတ်ရှုပ်နေလို့ပါ။ အခုလည်း တီချယ်ကအဖြေလွှာစာအုပ်ကိုမယူတော့ ကျွန်တော်လည်းစိတ် ညစ်သွားလို့ ပါ ဗျာ.. ကျွန်တော်ထပ်ပြီးတောင်းပန်ပါတယ်။”
လူတိုင်းမှာစိတ်ညစ်စရာတွေစိတ်ရှုပ်စရာတွေရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့်စိတ်ညစ်စရာတွေကို ဒီလိုထွက်ပေါက်ပေးမယ်ဆိုရင်တော့ မင်းမှားသွားမှာပေါ့။ မင်းကအခုမှငယ်ငယ်လေးရှိ သေးတယ်။ နောင် မင်း ကြုံတွေ့ရမှာတွေကအများကြီးရှိသေးတယ်လေ။ တီချယ်က တီချယ့်တပည့်ကိုချစ်လို့ပြောတာနော်.. အမှားကို အမှားအမှန်ကိုအမှန်အတိုင်းသိအောင်ပြောပြတာ။ မင်းတို့လမ်းမှားမရောက်အောင်စောင့်ရှောက် ရမှာက တီချယ်တို့ရဲ့တာဝန်မဟုတ်လား…”
“ဟုတ်ကဲ့ပါ တီချယ် ကျွန်တော်ထပ်တောင်းပန်ပါတယ်။ ဒါကလည်းကျွန်တော်အပြစ်ပေးခံရမှာကြောက်လို့ တောင်းပန်တာမဟုတ်ပါဘူးဗျာ တကယ်ကိုရင်ထဲကတောင်းပန်တာပါ..”
“သားကိုသားမှားမှန်းသိလို့ သားရင်ထဲက လှိုက်လှိုက်လှဲလှဲတောင်းပန်တယ်ဆိုရင် တီချယ်တို့ကခွင့် လွှတ်ရ မှာပေါ့။ ဆိုးတယ်ဆိုတာမကောင်းပေမယ့် ခွင့်လွှတ်လို့ရတဲ့ဆိုးနည်းမျိုးနဲ့ဆိုးလို့ရတယ်။ ဒါပေမယ့် မိုက်ရိုင်းတယ်ဆိုတာတော့ ဘယ်သူမှလက်မခံဘူးသား…”
မိမိရဲ့လုပ်ရပ်ဟာ ကိုယ့်ဘ၀မှာအရိပ်လိုလိုက်တတ်တယ်။ ကောင်းတာ လုပ်ရင်ကောင်းတဲ့ အရိပ်ရ ပေမယ့် မကောင်းတဲ့လုပ်ရပ်လုပ်ရင်လည်း မကောင်းတဲ့အရိပ်က အမြဲစိုးမိုးနေတတ်တာပဲ။သား အရင်က ဆိုးခဲ့တယ်။အဲ.. ဒါပေမယ့် ခုချိန်ကစပြီး လိမ္မာတဲ့ကလေးအဖြစ် တီချယ်တို့သတ်မှတ်လိုက်ပြီ။ ခုချိန်ကစပြီး သားကလူလိမ္မာလေးဖြစ်သွားပြီ။ မိမိရဲ့ကောင်းကျိုး မိမိကျောင်းရဲ့ကောင်းကျိုး၊ မိမိမြို့ရွာ၊ မိမိနိုင်ငံရဲ့ ကောင်းကျိုးတွေကို သယ်ပိုးမယ့်အနာဂတ်ရဲ့တောက်ပတဲ့ ကြယ်လေးတစ်ပွင့်ဖြစ်သွားပြီ။
စာရေးသူပြောသည်များကို လိုက်နာမှတ်သားနေသည့် ထိုကျောင်းသားလေး၏မျက်နှာသွင်ပြင်နှင့် အမူလွန်ခဲ့သောမိနစ်အနည်းငယ်အချိန်ကနှင့်မတူတော့ဘဲ ကြည်လင်ရွှင်ပျလာကာလူဆိုး လူမိုက်ကလေး အသွင်မှ လိမ္မာယဉ်ကျေးသောလူငယ်လေးအသွင်သို့ပြောင်းလဲသွားသည်ဟုထင်မိပါသည်။
ပျက်အစဉ်ပြင်ခဏဟူသောဆိုရိုးစကားနှင့်အညီ ကျောင်းတွင်နာမည်ဆိုးနှင့်ကျော်ကြားနေသော ထိုလူ ငယ်လေးသည် လိမ္မာသော စာတော်သော လူရည်ချွန်၊လူရည်မွန်ကလေးတစ်ဦးဖြစ်လာခဲ့သည်။ ထို လူငယ်လေးကိုကြည့်ကာ ပီတိဖြစ်ရသည်မှာစာရေးသူပါ။ အဖြေစာအုပ်ကိုလွှင့်ပစ်စဉ်က ဒေါသရှေ့ထား ကာ သူ့ကိုဆူပူကြိမ်းမောင်းကာ အပြစ်တင်အပြစ်ပြောခဲ့မိမည်။အပြစ်ယူခဲ့မည်ဆိုလျှင် ထိုကဲ့သို့ လိမ္မာသော စာတော် သောကလေးတစ်ဦးဆုံးရှုံးသွားမှာအမှန်ပင်။
လူတိုင်းသည်မိမိကိုယ်ကို အကောင်းမြင်တတ်ကြ၊ အထင်ကြီးတတ်ကြသည်။ ငါစွဲတော့ လူတိုင်း မှာရှိကြပါသည်။ အနည်းနှင့်အများသာကွာချင်ကွာမည်။ အဲဒါကိုပတ်ဝန်းကျင်က မြှောက်ပင့်ပေးလျှင် ပိုဆိုးမည်။
တကယ်တော့လူတိုင်းသည် အတ္တကိုအခြေခံကာ ငါစွဲရှိသည်မှန်သော်လည်း တစ်ခါတရံမှာ မိမိလုပ်သည်ကိုမှန်ရဲ့လားဟု စိုးရိမ်တတ်ကြပါသည်။ထိုအချိန်တွင်ပတ်ဝန်းကျင်မှမှားနေလျှင် မှားတဲ့ အကြောင်း မကောင်းလျှင်မကောင်းတဲ့အ ကြောင်းပြောပေးရမည်။ တစ်ခါပြောလို့ရချင်မှရမည်။ မရလျှင်နှစ်ခါသုံးခါထပ်ပြောမည်ဆိုပါက မိမိကိုယ်ကိုအထင်ကြီးနေသူဟာ ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ် လာမည်။ ပြုပြင်လာမည်။ စေတနာနှင့်ပြော မည့်သူမှာလည်းအမုန်းတရားကို လက်ခံနိုင်မှဖြစ်မည်။ အမုန်းခံနိုင်ရမည်။
လူဆိုသည်မှာတစ်ဦးတစ်ယောက်တည်းနေလို့မရပြန်ပါ။ မိတ်ဆွေအပေါင်းအသင်းသူငယ်ချင်းရှိဖို့လို အပ်ပါသည်။သို့သော် ပတ်ဝန်းကျင်ကောင်းရှိရန် မိတ်ဆွေကောင်းများရှိရန်လိုအပ်ပါသည်။ မိမိပတ်ဝန်း ကျင်မှ သူများက မိမိလုပ်ရပ်မှားမှန်းသိပြီးအမှားကိုပြင်နိုင်အောင် ပြောဖို့လိုပါသည်။
လူငယ်မောင်မယ်များအနေဖြင့် အကောင်းဆုံးပတ်ဝန်းကျင်ရှိသင့်ပါသည်။ လူငယ်ဆိုသည်မှာ တက်ကြွသည်။ရဲရင့်သည်။စွန့်စားလိုစိတ်ရှိသည်။ စူးစမ်းလိုစိတ်ရှိသည်။ မလုပ်ဖူးသည်များကို လက်တဲ့စမ်း သည့်သဘောဖြင့် လုပ်ကြည့်ချင်ကြသည်။လုပ်သင့်သည်အရာ မလုပ်သင့်သည့်အရာကို မခွဲခြားတတ်။ မခွဲခြားချင်ကြ။လုပ်ချင်သည်ကိုသာသိကြသည်။
ထိုအချိန်မျိုးတွင်ပတ်ဝန်းကျင်ကောင်းနှင့်တွေ့လျှင်တော်သေးသည်။ ကျားကျားမီးယပ်ဆိုသည့် ပတ်ဝန်းကျင်မျိုးဖြင့်တွေ့ပါကလမ်းမှားရောက်နိုင်ပေမည်။ထို့ကြောင့်နောင်အနာဂတ်တွင်လင်းလက်တောက်ပမည့်ကြယ်ပွင့်ကလေးများခရီးဆုံးပန်းတိုင်မရောက်ခင်မှေးမှိန်ပျောက်ကွယ်မသွားစေဖို့ရာပတ်ဝန်းကျင် ကောင်းများရှိဖို့လိုအပ်ပါသည်။
ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)
No comments:
Post a Comment