အချုပ်အခြာအာဏာပိုင်နိုင်ငံဆိုသည်မှာ ပိုင်နက်နယ်မြေ၊ လူဦးရေ၊ အစိုးရ၊ အချုပ် အခြာအာဏာ၊ နိုင်ငံ တကာ အသိအမှတ်ပြုမှုများဆိုသည့်စံနှုန်းနှင့် ကိုက်ညီရမှာဖြစ်ပါသည်။
မြန်မာနိုင်ငံသည် ပိုင်နက် နယ်မြေ တိတိကျကျရှိသည်။ လူဦးရေသည်လည်း သန်းငါးဆယ်ကျော်ရှိသည်။ အုပ်ချုပ်သည့်အစိုးရလည်း ရှိသည်။ အချုပ်အခြာအာဏာပိုင်ဆိုင်သည်။ ကမ္ဘာမှာ မြန်မာဟု ဂုဏ်ယူဝံ့ကြွား နိုင်သည့် ဂုဏ်ယူစရာနိုင်ငံဖြစ်သောကြောင့် နိုင်ငံတကာ၏အသိအမှတ်ပြုမှုလည်းခံယူနိုင်သည့်နိုင်ငံ တစ်နိုင်ငံဖြစ်ပါသည်။
မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းကိုပြန်ပြောင်းလေ့လာကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံ သမိုင်း မတင်မီခေတ်၊ ရှေးဟောင်းခေတ်မြန်မာနိုင်ငံ၊ ကျေးပိုင်ကျွန်ပိုင်စနစ်များရောနှောနေသောမြေရှင်ပဒေသရာဇ်ခေတ်(ခေတ် လယ်)၊ မြေရှင်ပဒေသရာဇ်ခေတ်(ခေတ်နှောင်း)၊ ဗြိတိ သျှကိုလိုနီခေတ်၊ လွတ်လပ်ရေးရပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော်ဟု ခေတ်(၆)ခေတ်ကို လေ့လာတွေ့ရှိရပါသည်။ မြန်မာ့နိုင်ငံရေးခရီးသည် ပန်းမွေ့ယာရွှေ ကော်ဇောခင်းထားသည့် လမ်းပေါ်သို့ ငြင်သာသိမ်မွေ့စွာလျှောက်လှမ်းခဲ့ရသည်မဟုတ်ပါ။ နှစ်ပေါင်းကြာ ရှညကာ အဆိုးသံသရာထဲမှာတ၀ဲလည်လည်ဖြစ်နေရသဖြင့် တစ်ဦးနှင့်တစ်ဦး သံသယစိတ်ဖြင့် အကောင်း မမြင်နိုင်ကြပါ။ တစ်ဦးနှင့်တစ်ဦးချစ်ကြည်ရင်းနှီးမှုပျက်ပြားကာ သွေးကပြော သောစကားထက် ဘေးပြော သည်ကို ယုံခဲ့ကြပါသည်။ ထို့အတွက်ကြောင့်လည်း ခေတ်ဟောင်းမှာ တ၀ဲလည်လည်ဖြစ်ခဲ့ရသည်မှာ နှစ်ပေါင်း များစွာကြာမြင့်ခဲ့ရပါသည်။
မြန်မာနိုင်ငံသည် နိုင်ငံကသေးသော်လည်း သယံဇာတပေါကြွယ်ဝသည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ 100ကျော်နေထိုင်ကြသည်။ အေးချမ်းပျော်ရွှင်စွာနေခဲ့ရသည့် ကာလများထက် သူတစ်လူငါတစ်မင်း၊ တစ်ဗိုလ် တစ်မင်း၊တစ်တော တစ်ကြက်ဖလုပ်ချင်ကြသူများကြောင့် တိုင်းပြည်မငြိမ်မသက်ဖြစ်ခဲ့ရသည်များ လည်း သမိုင်းမှာအထင်အရှားရှိခဲ့ပါသည်။
နိုင်ငံတစ်နိုင်ငံ၏ခေတ်ပြောင်းလျှင် စနစ်ပါလိုက်လံပြောင်းလဲတတ်သည်ကို တွေ့ရမည် ဖြစ်ပါသည်။ ခေတ်ပြောင်းလဲလျှင် စနစ်ပါပြောင်းလဲမှဖြစ်ပါသည်။ ရှေးခေတ်က စနစ်များကို ယနေ့ခေတ်ထိ ဆက်လက် ကျင့်သုံးနေမည်ဆိုပါက အံမ၀င်ခွင်မကျနိုင်သည်များရှိနိုင်ပါသည်။ သို့သော် ယနေ့မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံတော်သစ်ကိုတည်ထောင်ပြီဆိုကတည်းက ဒီမိုကရေစီနိုင်ငံ နှင့်လိုက်လျောညီ ထွေဖြစ်ရ လေ အောင်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို တစ်ဆင့်ချင်းတစ် ဆင့်ချင်းလုပ်ဆောင်နေပါပြီ။ သို့သော် ဒီမိုကရေစီ သည် ခရီးဆုံးပန်းတိုင် မဟုတ် လျှောက်လှမ်း ရမည့် ခရီးဖြစ်သည့်အတွက် ခုရေတွင်းတူး ခုရေကြည်သောက်၍ မရနိုင်ပါ။
“ယနေ့အချိန်အခါတွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ၏ အောင်မြင်မှုကြောင့် မြန်မာ့ နိုင်ငံရေးတွင်မတူညီသည့် သဘောထားများကိုစေ့စပ်ဆွေးနွေးခြင်းနည်းလမ်းများဖြင့် အဖြေရှာသည့် နိုင်ငံရေးယဉ်ကျေးမှုသစ် အသက်ဝင်ရှင်သန်နေပြီဖြစ်ပါသည်။ ထို့ကြောင့်မိမိတို့အစိုးရအဖွဲ့အနေဖြင့် လွတ်လပ်ရေးရရှိချိန်မှစတင်ပြီး နှစ်ပေါင်းခြောက်ဆယ်ကျော်ရင်ဆိုင်နေရသည့် လက်နက်ကိုင်ပဋိ ပက္ခများ ချုပ်ငြိမ်းပြီး စစ်မှန်သော ထာဝရငြိမ်းချမ်းရေးရရှိစေရန် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲ ရေး သဘောတူညီ ချက်လက်မှတ်ရေးထိုးခြင်း၊ ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်တည်ဆောက်ရေးအတွက် အမျိုးသားနိုင်ငံရေးအင်အားစုအားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရေးတို့ကို မဆုတ်မနစ်ကြိုး ပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထိုကဲ့သို့ ကြိုးပမ်းဆောင်ရွက်ရာတွင် ဖြည့်ဆည်းရမည့်ကွက်လပ်များ၊ အခက်အခဲများ၊စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် တိုင်းရင်း သား ညီအစ်ကို မောင်နှမများ က စုပေါင်းညီညွတ်စွာကြိုးပမ်းရန်လိုအပ်ပါသည်ဟု နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ ပေးပို့သော (၆၈)ကြိမ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားသ၀ဏ်လွှာမှာ ဖော်ပြထားသည်ကို တွေ့ရပါသည်။
ယနေ့ကာလတွင် နိုင်ငံတော်အစိုးရ၊လွှတ်တော်နှင့်တပ်မတော်တို့သည် ပြည်သူလူထုနှင့်အတူ အေးချမ်းသာယာသည့် နိုင်ငံတော်ကိုတည်ဆောက်နေပြီဖြစ်ရာ မဝေးတော့သောအချိန်တွင် ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကိုပေါ်ထွန်းလာမှာအမှန်ပင်ဖြစ်ပါသည်။
မိမိတို့နိုင်ငံသည် နှစ်ပေါင်းတစ်ရာကျော်တိုင် သူ့ကျွန်ဘ၀ရောက်ခဲ့ရပြီးပါပြီ။ လွတ်လပ်ရေးရခဲ့ သော်လည်း ကိုယ့်လူမျိုးအချင်းချင်းသွေးစည်းညီညွတ်မှုမရှိခဲ့ကြသောကြောင့် နှစ်ပေါင်း(၆၀)ကျော်မျှပြည်တွင်းဆူပူ သောင်း ကျန်းမှုကို ရင်ဆိုင်ဖြေရှင်းခဲ့ရသည်။ ယနေ့ ဒီမိုကရေစီခေတ်ကိုတည် ဆောက် ရန်ကြိုးစား နေချိန် တွင် သွေးကစကားထက် ဘေးစကားများကိုယုံကြည်ခဲ့ သောကြောင့် အခက်အခဲများကို ရင်ဆိုင် နေရပြန် ပါ သည်။ မိမိနိုင်ငံအေးချမ်းဖို့၊ဖွံ့ဖြိုးတိုးတက်ဖို့၊ဒီမိုကရေစီစနစ်ရှင်သန်ခိုင်မာဖို့ဆိုလျှင် နိုင်ငံတွင်းမှီတင်း နေထိုင်ကြသည့်နိုင်ငံသားအားလုံးမှာ တာဝန်ရှိပါသည်။
သို့အတွက်ကြောင့်…. ကျွန်ုပ်တို့တိုင်းရင်း သားညီအစ်ကိုမောင်နှမအချင်းချင်း ချစ်ကြည်ရင်းနှီးကာ အတူတကွ ပူးပေါင်းလက်တွဲကာတူညီသောရည်မှန်းချက်များဖြင့် အတူတူချီ တက်သွားမည်ဆိုပါက ဒီမိုကရေစီပန်းတိုင်ကို မဝေးတော့သောတစ်နေ့မှာရောက်ရှိတော့မည်မှာမလွဲဧကန်အမှန်ပင်။
ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)
No comments:
Post a Comment