Thursday, April 9, 2015

ရွှေပိတောက်တို့ အကြိုထောက်လေပြီ

ရွှေပိတောက်တို့ အကြိုထောက်လေပြီ....



လတန်ခူးပေမို့၊ အလှထူးပါဘိ၊
မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ။
တကယ်တမ်းသာဖြင့်၊
ဘယ်ပန်းသော် စံမတူဘု။
နန္ဒာမူ ဖန်ကူထိပ်မှာလ၊
ပစ္စေကာ ချွေးတော်သိပ်ရတယ်။
အေးရိပ်ဆာယာ။
 တစ်နှစ်တွင် သည်တစ်လပေပ၊
တစ်လတွင် တစ်ရက်ထဲ။
ခက်ခဲတဲ့ရက်ဗုဒါ၊
ပွင့်ရှာကြ စုံမြိုင်တွင်း။
မြူမင်းလွင်ထန်
ကြူသင်း တာချိန်ယံမတော့။
ရွှေဝတ်ဆံ ငုံတံညှောက်ကယ်နှင့်။
ခါသင်္ကြန် ဂိမှာန်ရောက်ပြန်တော့၊
သိန်သရေ ထိန်ဝေလို့ တောက်တဲ့ပြင်။
လမ်းတစ်လျှောက်သင်းပါဘိ၊
ဆန်းသလောက်မလင်းနိုင်ဘု
ပန်းပိတောက်မင်း။
       စာဆိုဦးကြော့ရေးဖွဲ့ထားသည့် ၄င်းကဗျာလေးသည် ရာသီအလီလီပြောင်း ခေတ်တွေစနစ် တွေပြောင်းသွား သော်လည်း မည်သည့်အခါမျှ ရိုးမသွားပါ။ တန်ခူးလမှာ ပွင့်သောပန်းများတကာတို့ထက် ပိတောက်ပန်း သည် သင်္ကြန်နှင့် ပဏာတင့်လို့နေပါသည်။ 
        သင်္ကြန်ကျသည်ဆိုသည်မှာ နှစ်ဟောင်းမှနှစ်သစ်သို့ကူးပြောင်းသောလ အတာကူးသောလဟု ဆိုကြပါသည်။ မြန်မာ့ရိုးရာအယူအဆအရ “ကမ္ဘာဦးကာလတွင်သိကြားမင်းနှင့်အာသီအမည်ရှိသော ဗြဟ္မာမင်းတို့ သည် ဗေဒင်ဆိုင်ရာ ပြသနာတစ်ရပ်နှင့်အငြင်းပွားကြရာ လူ့ပြည်မှဗေဒင်ပညာရှင် က၀ါ လမိုင်းဆရာကြီးထံ အဆုံးအဖြတ်ခံယူရန်သဘောတူညီကြပြီး နိုင်သူက ရှုံးသူ၏ဦးခေါင်းကို ဖြတ်ရန် ကတိပြုကြ သည်။က၀ါလမိုင်းဆရာကြီးက သိကြားမင်းအယူအဆမှန်ကန်ကြောင်းဆုံးဖြတ်သည်။ သိကြား မင်းက ဗြဟ္မာကြီး ဦးခေါင်းကိုမဖြတ်လိုသော်လည်း ကတိပြုခဲ့သည့်အတိုင်း ဗြဟ္မာမင်းက အဓိဌာန်ဖြင့် မိမိ ဦးခေါင်းကိုပြတ်စေ သည်။ပြတ်သွားသည့် ဗြဟ္မာဦးခေါင်းကို သမုဒ္ဒရာသို့ပစ်ချပါက ရေများခန်းခြောက သွား မည်။ မြေပြင်သို့ ပစ်ချပါက မီးဟုန်းဟုန်းတောက်သည်။လေထုအတွင်းပစ်ချပါက မိုးလေ၀သပျက်ယွင်း မည်။သို့ဖြစ်ရ်ျ သိ ကြားမင်းသည်နတ်သမီးခုနစ်ဖော်အား အလှည့်ကျပွေ့ချီထားစေသည်။ နတ်သမီးတစ်ဦး လက်မှတစ်ဦးလက်သို့ ပွေ့ချီပြောင်းရွှေ့ပေးသောကာလကို လူတို့သက်တမ်းအားဖြင့် တစ်နှစ်ပြည့် မြောက် သောအချိန်နှင့်ညီမျှသောကြောင့် သက္ကရာဇ်ဦးခေါင်းပြောင်းသည်ဟုခေါ်ဝေါ်ကာသင်္ကြန်ပွဲများကျင်းပ ကြသည်ဟု ဆိုပါသည်။
      အတာသင်္ကြန်ပွဲတော်ကို ပုဂံခေတ်မှသည် ယနေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းပသကဲ့သို့ သင်္ကြန် နှင့်ပိတောက်သည်လည်း ခွဲလို့မရပါ။သင်္ကြန်နားနီးလျှင်ဖြင့် “တန်ခူးမည်မှတ်၊ဖက်ဆွတ်ရေတိုး သင်္ကြန်မိုး”ဟူသည့်အ တိုင်း သင်္ကြန်နားနီးလျှင်ဖြင့် မိုးတစ်ကြိမ်၊နှစ်ကြိမ်ရွာသွန်းတတ်ကာ သင်္ကြန်လက်ဆေးမိုး၊ သင်္ကြန်မိုးဟု ခေါ်ဆိုကြပြီး ၄င်းမိုးနှင့်အတူ ပိတောက်ပန်းများလည်းဖူး ပွင့်ကြပါသည်။
       

       

Monday, March 23, 2015

လူနှင့်နေရာ

       
      နေရာဆိုသောကြောင့် ဗဒင်၏နေရာကိုပြောခြင်းမဟုတ်ပါ။ လူသားအားလုံးအတွက် သတ်မှတ် ထားသည့် စည်းကမ်းနှင့်အသိတရားကိုပြောခြင်းဖြစ်ပါသည်။ အသိတရားဟူသည်လူတစ်ဦး ချင်းတွင် ရှိသင့်သည့် အခြေခံလူ့ကျင့်ဝတ်တစ်ခုဖြစ်ပါသည်။ မြန်မာမှုနယ်ပယ်တွင် “မရှိတာထက် မသိတာခက်”ဆိုသည့် စကားပုံ ကို လူတိုင်းသိကြမည်ပင်။ စာရေးသူတို့မြန်မာလူမျိုးများသည် မရှိသည်ကိုခွင့်လွှတ်နိုင်ကြ သော် လည်း မသိတတ်မှုကို လူတိုင်းခွင့်မလွှတ်နိုင်ကြပါ။

       လောကမှာရှိသည့်လူသားအားလုံးအတွက် သတ်မှတ်ထားသည့်စည်းကမ်းများကို ငါသာလျှင် တော်သည်။ ငါကပိုသိသည်။ ငါလုပ်တာမှန်သည်ဟု အတ္တကိုရှေ့ထားကာ ကိုယ့်မြင်းကိုယ်စိုင်း စစ်ကိုင်း ရောက် ရောက်သဘောဖြင့် မျက်စိစုံမှိတ်ကာပြုမနေထိုင်ူပြောဆိုပါက ပြစ်မှုတစ်ခုကိုကျူးလွန်နေသည်ဟု စာရေးသူမြင် မိပါသည်။

       တစ်ချို့လူများသည် အချင်းချင်းပြောဆိုရာတွင်ပင် သူကပိုပြီးတော်နေသယောင်ယောင်၊သိနေသ ယောင်ယောင် ဆရာကြီးလေသံဖမ်းကာပြောနေမည်ဆိုလျှင် အပြောခံရသည့်သူများက ကျေနပ်နိုင်ပါ့ မလား။ မိမိကိုတစ်ခြားသူက ထိုသို့ပြောလျှင်ရော ကျေနပ်နိုင်ပါ့မလား။

       စာရေးသူတို့တစ်ချိန်ကကြုံဖူးပါသည်။ အစ်မတစ်ယောက်ကဲ့သို့ခင်မင်နေသည့်မိတ်ဆွေရှိခဲ့ပါသည်။ သူမသည်အရာရာကိုဆရာကြီးလေသံဖမ်းကာပြောတတ်ပါသည်။သို့သော်သူမကိုခင်မင်နေသော မိတ်ဆွေ တို့ သည်သူမကိုခွင့်လွှတ်ထားကြပါသည်။ သူမကိုအစ်မတစ်ယောက်လိုချစ်ခင်သည်။လေးစားသည်။ အားကိုးယုံကြည်သည်။ သူမပြောသမျှ အဟောဝတဆိုသကဲ့သို့ အရာရာကိုအကောင်းမြင်ပေးခဲ့ကြပါ သည်။

       သို့သော် သူမသည်သူမအပေါ်ထားသည့် စာရေးသူတို့၏ယုံကြည်ချက်များကို တစ်ခဏအတွင်းသူမ ကိုယ် တိုင်ရိုက်ချိုးခဲ့ပါသည်။ သူမသည်စာရေးသူတို့အပေါ်ဆရာကြီးလုပ်ရုံဖြင့်အားမရခဲ့ပြန်ပါ။

       စာရေးသူတို့သူငယ်ချင်းမိတ်ဆွေများစုပြီးလုပ်ငန်းတစ်ခုလုပ်ကြသည်။ ရရှိလာသည့်အကျိုး အမြတ်ကိုအားလုံးညီတူညီမျှခွဲဝေယူကြမည်ဟုလည်းယုံကြည်ကြပါသည်။ အထူးသဖြင့်ကိုယ့်အစ်မလို ယုံကြည်ရသူက ဘာလုပ်လုပ်ရတဲ့အကျိုးအမြတ်ကို သရက်စေ့ထက်ခြမ်းပဲသိလား။ အားလုံးအတူတူဝေ မျှယူမယ်နော်…. ယုံကြည်လေးစားရသူ၏စကားဖြစ်သည့်အတွက် အားလုံးကယုံကြည်ကြပါသည်။ အလုပ် လုပ်ရသည်ကိုပင်ပင်ပန်းသည်ဟုမထင်ရလောက်အောင် တက်ညီလက်ညီနှင့်ပျော်စရာလည်းအရမ်း ကောင်းခဲ့ပါသည်။ သူမကတော့အငယ်အားလုံးအပေါ်စကားမှိုင်းတိုက်ကာ ဟန်ရေးပြနေခြင်းဖြင့်သာ အချိန်ကုန်သွားခဲ့ပါသည်။ သို့ သော်အားလုံးကသူမကိုမမုန်းကြပါ။ အစ်မတစ်ယောက်လိုချစ်ခင်ကြသ ကဲ့သို့နေရာလည်းပေးခဲ့ပါသည်။

       သို့သော် သူမသည်အားလုံး၏ယုံကြည်မှုတံတိုင်းကို ဖြိုဖျက်ပြီးသူမကို အလေးထားခဲ့ကြသည့် သူမ၏နေရာကို သူမကိုယ်တိုင်ဖျက်ဆီးခဲ့ပါတော့သည်။

       တစ်နေ့တွင်သူမသည်ရရှိလာသည့်အကျိုးအမြတ်ကို ထိန်ချန်ထားပြီးစာရေးသူတို့အားတစ်ယောက်ကို ပိုက်ဆံ(၁၀၀၀၀)ကျပ်ဆီခွဲဝေပေးခဲ့ပါသည်။ (၁၀)သိန်းလောက်ရမည်ကိုအားလုံးကသိနေပါသည်။ အားလုံး က သိပင်သိနေသော်ငြားလည်း သူမကိုယုံကြည်ကြသည့်အတွက် ငွေကြေးကိစ္စများကို မစွက်ဖက်ခဲ့ကြပါ။ သူမက သူမ၏လုပ်ရပ်ကို မည်သူမျှ မသိဟုထင်နေပါသည်။ သူမကစာရေးသူတို့အား ယခုကဲ့သို့ပေးရ သည်ကိုပင် သူ့အိတ်ထဲမှစိုက်ထုတ်ပေးရသလိုလိုသနားစဖွယ်ဇာတ်လမ်းဆင်ခဲ့ပါသေးသည်။ အားလုံးက သူမကိုသနားဂရုဏာသက်နေသည့် မျက်ဝန်းများဖြင့် ကြည့်နေကြပါသည်။ သူမရဲ့ဇာတ်လမ်းကြောင့် တော့မဟုတ်ပါ။ သူမရဲ့ လုပ်ရပ်အတွက် တန်ပြန်ခံစားရမည့်သူမကို သနားနေမိကြခြင်းသာ။

       စာရေးသူတို့လည်း လောကီလူသားများမို့ ငွေမမက်ပါဘူး။ ငွေမလိုချင်ပါဘူးဟုတော့မဆိုသာပါ။ အထိုက်အလျောက်တော့လိုချင်ပါသည်။ ငွေကိုလိုချင်လို့သာငွေကိုရှာနေကြရခြင်းမဟုတ်ပါလား။ သို့သော် မိမိမိတ်ဆွေအပေါင်းအသင်းများအပေါ်မှာ တစ်နပ်စားဥာဏဖြင့် ကြံစည်ပြီးတော့ မယူချင်ပါ။ ယူလို့လည်း မသင့်တော်ဘူးဟုမြင်မိပါသည်။ ၄င်းဖြစ်စဉ်ကိုသေချာသုံးသပ်ကြည့်လိုက်မိသော် စာရေးသူတို့ဆုံးရှုံးသွား သည် မှာ ငွေတစ်ခုတည်းမဟုတ်ပါ။မိမိယုံကြည်လေးစားရသည့် အစ်မတစ်ယောက်ဆုံးရှုံးသွားရသည်။

“…….လေးစားဖို့ကောင်းတယ်။”

“…….ဆီမှာအတုယူစရာတွေအများကြီးရှိတယ်”

“…… ကဖော်ရွေပျူငှာပြီး စကားပြောအလွန်ကောင်းတယ် ”

“……စသည် စသည်ဖြင့် အချိန်အတော်ကြာကြာစာရေးသူတို့အားလုံး၏ရင်ထဲမှာရှိနေခဲ့သည့် သူမ၏နေရာ သည် တစ်ခဏအတွင်းမှာပင် ပျောက်ကွယ်သွားအောင်သူမကလုပ်ခဲ့သည်။

       လူဆိုလျှင်လူပီသဖို့အရေးကြီးပါသည်။ လူ့ပတ်ဝန်းကျင်၊လူ့အသိုင်းအ၀ိုင်းတွင် လူတိုင်းအတွက်ထိုက် တန်သည့်နေရာတစ်နေရာကို ဘုရားသခင်ကဖန်ဆင်းထားပြီးသားပါ။ မိမိကရိုးသားကြိုးစားဖို့သာ လိုပါသည်။

      ရိုးသားဖြောင့်မတ်ခြင်းကို ဖျက်ဆီးရ်ျမရသောဂုဏ်ဟု ဆရာဇော်ဂျီက ကဗျာတစ်ပုဒ်ဖြင့် တင်စားရေးဖွဲ့ ထားပါသည်။မှန်ပါသည်။ ရိုးသားဖြောင့်မတ်ခြင်းသည် ကာယကံ၊၀စီကံကို ထိန်းကျောင်ပဲ့ပြင်ပေးသည့် ပဲ့ကိုင် ရှင်ဖြစ်ပါသည်။ လူ့ဘ၀သည် ခဏသာဖြစ်သော်လည်း ထိုရခဲလှသည့် လူ့ဘ၀မှာ အသိတရားကို သတိထားရမှာဖြစ်ပါသည်။ထို့ပြင်လူနှင့်လူ့ပတ်ဝန်းကျင်တွင် ကိုယ့်အကျိုးအတ္တကိုသာရှေ့တန်းမတင်ဘဲ အများအတွက်ပါ ကိုယ်ချင်းစာနာစိတ်ကိုနှလုံးသွင်းရင်းသတိထားလက်ကိုင်ထားကာ ပြုမူနေထိုင်သင့်ပါ သည်။

                                                                                      ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)

Friday, March 20, 2015

ဘတ်ဂျက်လွှတ်တော်

၁၂ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေးများကျင်းပနေပြီဖြစ်သည်။ အစည်း အဝေး ပထမနေ့ တွင်ပြည်ထောင်စုလွှတ်တော်နာယ ကကြီးကနှုတ်ခွန်း ဆက်အမှာ စကားပြောကြားခဲ့သည်။ “ယခုပြည်ထောင်စု လွှတ်တော်သည် ၂၀၁၅ခုနှစ်၌ အဓိကျသည့် ဦးဆောင်အစည်းအဝေးဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရန်ရှိကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့က သတင် သွင်းခွင့်ရှိသည့် နိုင်ငံတော်အတွက် နှစ်စဉ်မဖြစ်မနေ ဆောင်ရွက်ပေးရမည့် လွှတ်တော်၏အဓိကလုပ်ငန်းတာဝန်ဖြစ်သည့်အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းတို့ကို စိစစ် အတည်ပြုနိုင် ရေးများဆောင်ရွက်ရန်ဖြစ်ကြောင်း နာယကကြီး၏ မိန့်ကြားချက်အရသိရှိရပါ သည်။
          ဆောင်ရွက်မည့်လုပ်ငန်းစဉ်များမှာ ပြည်ထောင်စုလွှတ်တော်နှင့်ပြည်ထောင်စုအစိုးရအဖွဲ့တို့၏ ပထမသက်တမ်းကာလ၊ လုပ်ဆောင်ချက်များကို အဆုံးအဖြတ်ပေးမည်ဖြစ်ပေရာ နိုင်ငံတော်နှင့်နိုင်ငံသား တို့ အကျိုးစီးပွားအခရာကျလှပေသည်။
          ၂၆.၁.၂၀၁၅ ရက်နေ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ၂၀၁၅-၁၆ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအရအသုံးခန့်မှန်းခြေငွေစာရင်း၂၀၁၅ ခုနှစ်ပြည်ထောင်စုအရအသုံးဆိုင်ရာဥပဒေကြမ်းကိုတင်သွင်းခဲ့သည်။ ထိုဥပဒေကြမ်းကို ၀န်ကြီး ဌာန အလိုက်အရအသုံးဆိုင်ရာ ဘဏ္ဍာငွေကိစ္စရပ်များ၊ GDPအချိုးနှိုင်းယှဉ်ခြင်းများ၊ နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ပေးရေးအခြေအနေ အရပ်ရပ်များကောက်ခံရရှိသည့် အခွန်ငွေအခြေအနေများကိုရှင်းလင်း တင်ပြခဲ့ပါသည်။ ပြည်ထောင်စုလွှတ်တော် နာယကကလည်း လွှတ်တော်ဆိုင်ရာ ဥပဒေကိစ္စရပ်များနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဟုကြေညာခဲ့ပါသည်။
    ယနေ့လွှတ်တော်အသီးသီး၏တာဝန်သိမှု၊တာဝန်ယူမှုတို့နှင့်အတူ နှိုင်းနှိုင်းချိန်ချိန် ညှိညှိနှိုင်းနှိုင်းဆောင် ရွက်နေသည်ကို ပြည်သူအများမျက်ဝါးထင်ထင်တွေ့ကြုံနေကြရပြီဖြစ်သည်။ သို့ဖြစ်ရာ ပါလီမန်ခေတ်က လွှတ် တော်များ၏ဆောင်ရွက်ချက်များကို ချိန်ထိုးတင်ပြလိုပါသည်။
       ထိုစဉ်က ၀န်ကြီးဌာနအသီးသီးသည် ဘတ်ဂျက်နှစ်ကုန်ဆုံးကာနီးတွင် ပိုငွေများပြန်လည်အပ်နှံလေ့ရှိ ကြသည်။ ပိုငွေဖြစ်ရသည်မှာလည်း ခန့်မှန်းတွက်ချက်စဉ်က သာသာထိုးထိုး ပိုပိုလျှံလျှံတင်ပြခဲ့ သော ကြောင့် တကယ်တမ်းသုံးစွဲသောအခါသုံးမကုန်သဖြင့် ပိုလျှံနေခြင်းဖြစ်သည်။ ထိုသို့အပ်နှံမှုများများလာ သောအခါ ဘဏ္ဍာရေးဝန်ကြီးကကုန်သလောက်တောင်းရန်ညှိနှိုင်းသော်လည်း မတောင်းတတ်။ မတင်ပြ တတ် သဖြင့် အကြပ်အတည်းတွေ့ခဲ့ရသည်။ ထို့ကြောင့်လန်ဒန်မှစီးပွားရေးပညာရှင်တစ်ယောက် ကိုပင့်ဖိတ်ကာ ၀န်ကြီးများအားဘတ်ဂျတ်ဆွဲနည်းသင်တန်းပေးစေခဲ့သည်။ ပညာရှင်က တစ်လခန့်ကြိုးစား ပမ်းစား သင်ကြားပို့ချခဲ့သော် လည်း ၀န်ကြီးများက သဘောပေါက်နား လည်ခြင်းမရှိခဲ့သည့်အတွက် အလွယ်ကူဆုံးနည်းလမ်းကျင့်သုံးရန် ပညာရှင်ကလမ်းညွှန်ခဲ့သည်။ထိုနည်းမှာ လွန်ခဲ့သောသုံးနှစ်က မိမိတို့ဝန်ကြီးဌာနအလိုက် အမှန်တကယ်ကုန်ကျခဲ့သော အသုံးစရိတ်များကိုပေါင်း၊ရလဒ်ကိုသုံးနှင့်စား၊ ရလာသည့်ပျမ်းမျှကိန်းကိုသာ တောင်းကြရန်ဖြစ်သည်။ ထို့ကြောင့် “ဘတ်ဂျက်ဆိုတာ သုံးနဲ့စားရတာ ” ၀န်ကြီးမျာသဘောပေါက်သွားကြ ကြောင်း ရယ်စရာ၊မောစရာအဖြစ်မှတ်သားရဖူးပါသည်။
          ထို့အပြင် နှစ်အလိုက်ခေါ်ယူသော ဘတ်ဂျက်လွှတ်တော်များကို အမည်ပေးကောင်းသော အမတ်မင်း တို့က ကင်မွန်းတပ်လေ့ရှိပါသည်။
          ၁၉၅၅-၅၆ ဘတ်ဂျက်လွှတ်တော်ကို ၀ါးခယ်မအမတ်ဗိုလ်မြသွေးက “ ပဒကုသလ ဘတ်ဂျတ်”ဟုလည်း ကောင်း၊
၁၉၅၆-၅၇ဘတ်ဂျက်လွှတ်တော်ကို  သာယာဝတီအမတ် သခင်ချစ်မောင်(၀ိဓူရသခင်ချစ်မောင်)က “ပေါရိသာရဘတ်ဂျက်”  ဟုလည်းကောင်း ဆီဆီလျော်လျော်အည်ပေးခဲ့ကြပါသည်။
        ပဒကုသလဇာတ်တွင်ရှင်ဘုရင်သည် ကိုယ့်သန်လျက်ကိုကိုယ်တိုင်ကိုင်စွဲကာ ပဒကုသလအားရှာဖွေ ခိုင်းခဲ့သည်။ ထိုစဉ်က လူတိုင်းကြားဖူးသည့် “အကြံရခက်လေသနော်၊ သန်လျက်တော်ယူသည့် သူခိုးကိုလ ၊ သူ့အမျိုးထုတ်ဖော်ပြောရလျှင်၊ ဓားကုတ်ပေါ်မှာဝဲ”  “သူခိုးက လိမ္မာ မျက်နှာကြီးဟာမို့၊စနက်မီးပမာ၊ ထိရာကရှပါလိမ့်မယ် “ ငိုချင်းများကြောင့်ပဒကုသလဟုဆိုလိုက်လျှင် ဘာကိုဆိုလိုသည်မှန်း လူထုကနားလည် သည်။
      ထိုကဲ့သို့ အမတ်မင်း ဗိုလ်မြသွေးအညွှန်းကောင်းလောက်အောင်ပင် ပြည်တော်သာစီမံကိန်းအကောင် အထည်ဖော်ရာတွင် ဖဆပလ၀န်ကြီးများ၊ ပါလီမန်အမတ်များ၊ စီးပွားရေးသမားကန်ထရိုက်တာများ လက်ဝါးချင်းရိုက်ကာ တိုင်းပြည်ဘဏ္ဍာတွေကို ဝေစားမျှစားလုပ်ခဲ့ကြသည်။ ထို့ကြောင့် ထိထိမိမိဝေဖန် လိုက်ခြင်းဖြစ်ပေသည်။
          ပေါရိသာဒသည် လူသားစားသောသူဖြစ်သည်။ ပေါရိသာဒဟု ဒဲ့ဒိုးညွှန်းဆိုလိုက်သည်မှာလည်း ဖဆပလအစိုးရ၏အပြုတ်တိုက်ရေးလမ်းစဉ်ကြောင့်ဖြစ်သည်။ ထိုစဉ်ကရောင်စုံသောင်းကျန်းသူများကို အပြုတ် တိုက်ရန်အတွက်ကာကွယ်ရေးအသုံးစရိတ်ကို ယခင်နှစ်များထက်ပိုမိုကာတိုးမြှင့်တောင်းခံခဲ့သဖြင့် ဖဆပလကို ပေါရိသာဒနှင့်နှိုင်းကာဝေဖန်လိုက်ခြင်းဖြစ်သည်။
    ထိုထိုသောအမည်ပေးကင်ပွန်းတပ်ဝေဖန်မှုများကြောင့် ဖဆပလအစိုးရသည် နောင်နှစ် ၁၉၅၇-၅၈တွင် ဘတ်ဂျက်လွှတ်တော်မခေါ်တော့ဘဲ သမ္မတ၏စာချွန်လွှာဖြင့်အတည်ပြုခဲ့ရတော့သည်။
 ယနေ့လွှတ်တော်ကိုယ်စားလှယ်များမှာမူကား ပါလီမန်အမတ်များနှင့်လုံးဝခြားနားပါသည်။ “ဘတ်ဂျက် မတတ်လွှတ်တော်မကပ်”နှင့်ဆိုရိုးစကားရှိသော်လည်း ဘတ်ဂျက်တတ်၍ လွှတ်တော် ကပ်နေကြပြီ ဖြစ် သည်။ ဘတ်ဂျက်ရေးဆွဲခြင်း၊လွှတ်တော်တွင် အတည်ပြုချက်ရယူခြင်း၊ သုံးစွဲမှုမှန်၊မမှန်စစ်ဆေးခြင်းများကို စီးပွားရေးရှုထောင့်၊လူမှုရေးရှုထောင့်၊နိုင်ငံရေးရှုထောင့်တို့မှဝေဖန်ဆွေးနွေးကြပေတော့မည်။လုပ်ငန်း အဆင့်ဆင့်ကိုစေတနာမှန်၊ လုပ်နည်းလုပ်ဟန်မှန်နှင့်နိုင်ငံတော်နှင့်နိုင်ငံသားအကျိုးအတွက်ဆောင် ရွက်ကြတော့မည်ဖြစ်ရာ ကိုယ်စားလှယ်တော်ကြီးများ၏အမြော်အမြင်ရှိမှု၊ ဇွဲလုံ့လ၀ီရိယရှိမှုများကို သမိုင်း၌ မှတ် ကျောက်တင် နိုင်တော့မည်ကားမလွဲဧကန်ဖြစ်ပေတော့မည်။


                                                                   ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)

လူငယ်နှင့်ပတ်ဝန်းကျင်

   
       ပတ်ဝန်းကျင်ဆိုသည်မှာတကယ်အရေးပါသည့်စကားဖြစ်ပါသည်။ လူသားတိုင်း  good environmentကောင်းသောပတ်ဝန်းကျင်မှာကျင်လည်လျှင်ကောင်းသောအရာများနှင့်ကြုံတွေ့နိုင်မည်ဖြစ်ပါသည်။  စာရေးသူတက္ကသိုလ်တစ်ခုမှာနည်းပြလုပ်စဉ် ကဖြစ်သည်။စာရေးသူကလည်း ထိုကျောင်းကို ရောက်စဆို တော့ ထိုကျောင်းရဲ့အထာများကိုမသိပါ။

       ထိုကျောင်းတွင် အလွန်ဆိုးသော ဆရာ/မများလက်မြှောက်ထားရသော ကျောင်းသားဆိုးဆိုးများရှိပါ သည်။ဆရာ/မများကလည်းအလွန်ဆိုးသည်ဟုသာမှတ်ချက်ပေးပြီး ပေလျကန်သဘောထားကြသည်။ ထို့ကြောင့်ကျောင်းသားများက ပိုဆိုးနေခြင်းဖြစ်မည်။ ထိုကျောင်းသားသည် ဆိုးသည်မှန်သော်လည်း ပုံသွင်းပေးမည့်ဆရာကောင်းရှိမည်ဆိုလျှင် အင်မတန်တော်သောလိမ္မာယဉ်ကျေးသောကျောင်းသား ကလေးတစ်ဦးဖြစ်လာမှာအမှန်ပါ။ဆိုးလို့ဆိုပြီးဆရာ/မများကလျစ်လျူရှုကြသကဲ့သို့ အတန်းဖော် သူငယ်ချင်းများကလည်းမြှောက်ပင့်ပေးသည့်အတွက် သူ့ကိုယ်သူမဟာသူရဲကောင်းကြီးထင်ကာဆက် လက်ဆိုးသွမ်းနေခြင်းပင်။

        တစ်နေ့တွင်စာရေးသူနှင့်ထိုကျောင်းသားတို့ထိပ်တိုက်တွေ့ခဲ့ရပြန်ပါသည်။စာရေးသူက သူတို့အတန်းကို သင်ခန်းစာဝင်ပေးရသည်။နောက်တစ်နေ့တွင်စာစီစာကုံး တစ်ပုဒ်ဆီရေးခဲ့ရမည်ဟုမှာ လိုက်သည်။  အဖြေစာအုပ်များကို အတန်းခေါင်းဆောင်မှစုစည်းကာ စာရေးသူကိုလာအပ်ရန်မှာခဲ့သည်။ ထိုကျောင်းသားနှင့်တကွကျောင်းသားအနည်းစုမှာ အဖြေလွှာစာအုပ်ထပ်သည့်အထဲတွင် မပါဝင်ခဲ့ ပါ။

        ထမင်းစားနားချိန် ထမင်းစားပြီးအပြန်တွင် အချို့ကျောင်းသားများကအဖြေလွှာစာအုပ်ကို လမ်းတွင် လာပေးပါသည်။ စာရေးသူကထိုသို့ပေးခြင်းကိုလက်မခံခဲ့ပါ။ သတ်မှတ်ချိန်အတွင်းမှသာ အဖြေလွှာစာအုပ် ထပ်ရမည်ဟုပြောခဲ့ပါသည်။

       ထို့နောက်နားနေခန်းတွင်အခြားဆရာမများနှင့်စာဆွေးနွေးနေစဉ် ထိုကျောင်းသားမှအဖြေလွှာစာအုပ် လာထပ်ပါသည်။စာရေးသူကစည်းကမ်းအတိုင်းအပ်ရန်ပြောလိုက်သည့်အခါတွင် ထိုကျောင်းသားမှ အဖြေ လွှာစာအုပ်များကိုနားနေခန်းရှေ့တွင် လွှင့်ပစ်လိုက်ပါသည်။

        စာရေးသူနှင့်တကွ ဆရာမများက ထိုကျောင်းသား၏လုပ်ရပ်ကိုအတွက်စိတ်မကောင်းဖြစ်မိပါသည်။ ထိုအချိန်တွင်ဆရာမများက ထိုကျောင်းသား၏ဌာနမှူးထံသွားရောက်တိုင်ကြားအသိပေးခဲ့ပါသည်။

       ဌာနမှူးဆရာမမှ စာရေးသူအားတောင်းပန်ခဲ့သကဲ့သို့ ထိုကျောင်းသားကိုလည်း တောင်းပန်ခိုင်းပါ သည်။ ထိုကျောင်းသားသည် တောင်းပန်စရာမလိုလောက်အောင် သူ့လုပ်ရပ်များကမှန်နေသည်ဟုသာ ထင်မြင်နေပါသည်။သူ့ပတ်ဝန်းကျင်မှသူငယ်ချင်းများကလည်း သူ့ကိုမြှောက်ပင့်ကာ တောင်းပန် စရာမလို ဘူး ဟု သာတွင်တွင်ပြောနေပါသည်။

        ထိုကျောင်းသားပုံစံကလည်း စာရေးသူကိုတောင်းပန်မည့်ပုံမပေါ်ပါ။ ရိုက်လျှင်လည်းခံလိုက်မည်။ ကျောင်းထုတ်ချင်လည်း ထုတ်ပါစေဆိုသည့် ဘာမထီပုံစံမျိုးဖြစ်နေသည်။ပြသနာ တစ်မျိုးမဟုတ်တစ်မျိုး နှင့် ကျောင်းရုံးခန်းကို ခဏခဏရောက်ဖူးနေခြင်းဖြစ်သည့်အတွက် သူ့အဖို့တော့အဆန်းတကြယ်ဖြစ် မနေပါ။

       အားလုံးကလည်းထိုကျောင်းသားကို မြှောက်ပင့်ပေးနေသည့်အတွက် သူ့ကိုယ်သူမှန်တယ်ထင်ကာ ဇွတ်ပေကပ်နေခြင်းပင်။တကယ်တော့ အဖြေလွှာစာအုပ်ကိုလွှင့်ပစ်ခြင်းသည် ထိုကျောင်းသားအတွက် အများကြီးထိခိုက်နစ်နာစေပါသည်။ အဲဒါကိုသူမသိပါ။ဌာနမှူးဆရာမမှထိုကျောင်းသားကို ရှိခိုးတောင်း ပန်ခိုင်းသည်။ စာရေးသူက သူ့ကိုအပြစ်မယူပါ။ဆရာတပည့်ကြားမှာ အပြစ်ယူခြင်း၊ အပြစ်ပေးခြင်းဆိုတာ မျိုး မရှိသင့်ပါ။ မလိမ္မာသောကျောင်းသားကိုဆုံးမရမည်မှာ ဆရာ/မတိုင်း၏တာဝန်ပင်မဟုတ်ပါလား။

       ပထမပိုင်းတွင်ထိုကျောင်းသားသည် စာရေးသူကိုကြည့်သည့်အကြည့်မှာ စိမ်းနေသည်။ အမုန်းမျက်ဝန်း နှင့်ကြည့်နေသော်လည်း စာရေးသူကမေတ္တာမပျက်ခဲ့ပါ။ သူ့ကိုလည်းမမုန်းပါ။““ကဲ…သား…သား အခုလုပ်တဲ့ လုပ်ရပ်ဟာ မှန်ရဲ့လား စဉ်းစားကြည့်ပါဦး…”

 “တီချယ်က ကျွန်တော့်အဖြေလွှာစာအုပ်ကိုမှမယူတာ ကျွန်တော်ကဘာလုပ်ရမှာလဲ..”

       ကျောင်းသားတစ်ယောက်မေးရမည့်မေးခွန်းမဟုတ်ဟုထင်မြင်မိပါသည်။

“ဒီမယ်သား..သားလုပ်ရပ်ကလည်းမှန်တယ်။သားသူငယ်ချင်းတွေကလည်းသားကိုအားပေးတယ်။ ခုချိန်မှာ တော့သူတို့ရှေ့မှာသားကသူရဲကောင်းကြီးပေါ့။ဟုတ်လား။ဒါပေမယ့်အဲလိုလုပ်လိုက်လို့ သားမှာဘာအကျိုး များရသွားသလဲ။စောစောကမင်းတို့ဌာနမှူးက မိဘတွေခေါ်ပြီးမလိမ္မာတဲ့ကျောင်းသားကို မိဘတွေဆီပြန် အပ်မယ်လို့ ပြောသွားတယ်မဟုတ်လား။ ဒါဆို သားဘာဖြစ်သွားမလဲ။ သားကိုအားပေးတဲ့ သူငယ်ချင်းတွေ ကရော သားကိုဆက်ပြီးကောင်းချီးပေးကြပါဦးမလား။ ကဲ…ပြောစမ်းပါဦး။

       စာရေးသူက ထိုကျောင်းသားကို ဂရုဏာမျက်ဝန်းဖြင့်စေ့စေ့ကြည့်ကာမေးလိုက်ပါသည်။ မေတ္တာဆို တာ အလျားအနံမရှိပေမယ့် အသွားအပြန်ရှိသည်ဆိုသည်မှာအမှန်ပင်။ သူ့အပေါ်နူးညံ့ပျော့ပြောင်းစွာ ဆက်ဆံခဲ့သည့် သူကလည်းရိုကျိုးစွာဆက်ဆံလာပါသည်။

“ဟုတ်ပါတယ် တီချယ်…ကျွန်တော်မှားသွားပါတယ်။ ကျွန်တော်တောင်းပန်ပါတယ်။ မနက်ကတည်းက စိတ်ရှုပ်နေလို့ပါ။ အခုလည်း တီချယ်ကအဖြေလွှာစာအုပ်ကိုမယူတော့ ကျွန်တော်လည်းစိတ် ညစ်သွားလို့ ပါ ဗျာ.. ကျွန်တော်ထပ်ပြီးတောင်းပန်ပါတယ်။” 

         လူတိုင်းမှာစိတ်ညစ်စရာတွေစိတ်ရှုပ်စရာတွေရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့်စိတ်ညစ်စရာတွေကို ဒီလိုထွက်ပေါက်ပေးမယ်ဆိုရင်တော့ မင်းမှားသွားမှာပေါ့။ မင်းကအခုမှငယ်ငယ်လေးရှိ သေးတယ်။ နောင် မင်း ကြုံတွေ့ရမှာတွေကအများကြီးရှိသေးတယ်လေ။ တီချယ်က တီချယ့်တပည့်ကိုချစ်လို့ပြောတာနော်.. အမှားကို အမှားအမှန်ကိုအမှန်အတိုင်းသိအောင်ပြောပြတာ။ မင်းတို့လမ်းမှားမရောက်အောင်စောင့်ရှောက် ရမှာက တီချယ်တို့ရဲ့တာဝန်မဟုတ်လား…”

“ဟုတ်ကဲ့ပါ တီချယ် ကျွန်တော်ထပ်တောင်းပန်ပါတယ်။ ဒါကလည်းကျွန်တော်အပြစ်ပေးခံရမှာကြောက်လို့ တောင်းပန်တာမဟုတ်ပါဘူးဗျာ တကယ်ကိုရင်ထဲကတောင်းပန်တာပါ..”

“သားကိုသားမှားမှန်းသိလို့ သားရင်ထဲက လှိုက်လှိုက်လှဲလှဲတောင်းပန်တယ်ဆိုရင် တီချယ်တို့ကခွင့် လွှတ်ရ မှာပေါ့။ ဆိုးတယ်ဆိုတာမကောင်းပေမယ့် ခွင့်လွှတ်လို့ရတဲ့ဆိုးနည်းမျိုးနဲ့ဆိုးလို့ရတယ်။ ဒါပေမယ့် မိုက်ရိုင်းတယ်ဆိုတာတော့ ဘယ်သူမှလက်မခံဘူးသား…”

        မိမိရဲ့လုပ်ရပ်ဟာ ကိုယ့်ဘ၀မှာအရိပ်လိုလိုက်တတ်တယ်။ ကောင်းတာ လုပ်ရင်ကောင်းတဲ့ အရိပ်ရ ပေမယ့် မကောင်းတဲ့လုပ်ရပ်လုပ်ရင်လည်း မကောင်းတဲ့အရိပ်က အမြဲစိုးမိုးနေတတ်တာပဲ။သား အရင်က ဆိုးခဲ့တယ်။အဲ.. ဒါပေမယ့် ခုချိန်ကစပြီး လိမ္မာတဲ့ကလေးအဖြစ် တီချယ်တို့သတ်မှတ်လိုက်ပြီ။ ခုချိန်ကစပြီး သားကလူလိမ္မာလေးဖြစ်သွားပြီ။ မိမိရဲ့ကောင်းကျိုး မိမိကျောင်းရဲ့ကောင်းကျိုး၊ မိမိမြို့ရွာ၊ မိမိနိုင်ငံရဲ့ ကောင်းကျိုးတွေကို သယ်ပိုးမယ့်အနာဂတ်ရဲ့တောက်ပတဲ့ ကြယ်လေးတစ်ပွင့်ဖြစ်သွားပြီ။

       စာရေးသူပြောသည်များကို လိုက်နာမှတ်သားနေသည့် ထိုကျောင်းသားလေး၏မျက်နှာသွင်ပြင်နှင့် အမူလွန်ခဲ့သောမိနစ်အနည်းငယ်အချိန်ကနှင့်မတူတော့ဘဲ ကြည်လင်ရွှင်ပျလာကာလူဆိုး လူမိုက်ကလေး အသွင်မှ လိမ္မာယဉ်ကျေးသောလူငယ်လေးအသွင်သို့ပြောင်းလဲသွားသည်ဟုထင်မိပါသည်။

       ပျက်အစဉ်ပြင်ခဏဟူသောဆိုရိုးစကားနှင့်အညီ ကျောင်းတွင်နာမည်ဆိုးနှင့်ကျော်ကြားနေသော ထိုလူ ငယ်လေးသည် လိမ္မာသော စာတော်သော လူရည်ချွန်၊လူရည်မွန်ကလေးတစ်ဦးဖြစ်လာခဲ့သည်။ ထို လူငယ်လေးကိုကြည့်ကာ ပီတိဖြစ်ရသည်မှာစာရေးသူပါ။ အဖြေစာအုပ်ကိုလွှင့်ပစ်စဉ်က ဒေါသရှေ့ထား ကာ သူ့ကိုဆူပူကြိမ်းမောင်းကာ အပြစ်တင်အပြစ်ပြောခဲ့မိမည်။အပြစ်ယူခဲ့မည်ဆိုလျှင် ထိုကဲ့သို့ လိမ္မာသော စာတော် သောကလေးတစ်ဦးဆုံးရှုံးသွားမှာအမှန်ပင်။

       လူတိုင်းသည်မိမိကိုယ်ကို အကောင်းမြင်တတ်ကြ၊ အထင်ကြီးတတ်ကြသည်။ ငါစွဲတော့ လူတိုင်း မှာရှိကြပါသည်။ အနည်းနှင့်အများသာကွာချင်ကွာမည်။ အဲဒါကိုပတ်ဝန်းကျင်က မြှောက်ပင့်ပေးလျှင် ပိုဆိုးမည်။

       တကယ်တော့လူတိုင်းသည် အတ္တကိုအခြေခံကာ ငါစွဲရှိသည်မှန်သော်လည်း တစ်ခါတရံမှာ မိမိလုပ်သည်ကိုမှန်ရဲ့လားဟု စိုးရိမ်တတ်ကြပါသည်။ထိုအချိန်တွင်ပတ်ဝန်းကျင်မှမှားနေလျှင် မှားတဲ့ အကြောင်း မကောင်းလျှင်မကောင်းတဲ့အ ကြောင်းပြောပေးရမည်။ တစ်ခါပြောလို့ရချင်မှရမည်။ မရလျှင်နှစ်ခါသုံးခါထပ်ပြောမည်ဆိုပါက မိမိကိုယ်ကိုအထင်ကြီးနေသူဟာ ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ် လာမည်။ ပြုပြင်လာမည်။ စေတနာနှင့်ပြော မည့်သူမှာလည်းအမုန်းတရားကို လက်ခံနိုင်မှဖြစ်မည်။ အမုန်းခံနိုင်ရမည်။

       လူဆိုသည်မှာတစ်ဦးတစ်ယောက်တည်းနေလို့မရပြန်ပါ။ မိတ်ဆွေအပေါင်းအသင်းသူငယ်ချင်းရှိဖို့လို အပ်ပါသည်။သို့သော် ပတ်ဝန်းကျင်ကောင်းရှိရန် မိတ်ဆွေကောင်းများရှိရန်လိုအပ်ပါသည်။ မိမိပတ်ဝန်း ကျင်မှ သူများက မိမိလုပ်ရပ်မှားမှန်းသိပြီးအမှားကိုပြင်နိုင်အောင် ပြောဖို့လိုပါသည်။

       လူငယ်မောင်မယ်များအနေဖြင့် အကောင်းဆုံးပတ်ဝန်းကျင်ရှိသင့်ပါသည်။ လူငယ်ဆိုသည်မှာ တက်ကြွသည်။ရဲရင့်သည်။စွန့်စားလိုစိတ်ရှိသည်။ စူးစမ်းလိုစိတ်ရှိသည်။ မလုပ်ဖူးသည်များကို လက်တဲ့စမ်း သည့်သဘောဖြင့် လုပ်ကြည့်ချင်ကြသည်။လုပ်သင့်သည်အရာ မလုပ်သင့်သည့်အရာကို မခွဲခြားတတ်။ မခွဲခြားချင်ကြ။လုပ်ချင်သည်ကိုသာသိကြသည်။

       ထိုအချိန်မျိုးတွင်ပတ်ဝန်းကျင်ကောင်းနှင့်တွေ့လျှင်တော်သေးသည်။ ကျားကျားမီးယပ်ဆိုသည့် ပတ်ဝန်းကျင်မျိုးဖြင့်တွေ့ပါကလမ်းမှားရောက်နိုင်ပေမည်။ထို့ကြောင့်နောင်အနာဂတ်တွင်လင်းလက်တောက်ပမည့်ကြယ်ပွင့်ကလေးများခရီးဆုံးပန်းတိုင်မရောက်ခင်မှေးမှိန်ပျောက်ကွယ်မသွားစေဖို့ရာပတ်ဝန်းကျင် ကောင်းများရှိဖို့လိုအပ်ပါသည်။



                                                                                        ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)

Monday, March 9, 2015

ကိုယ်စီတာဝန်ကျေပွန်စို့


အချုပ်အခြာအာဏာပိုင်နိုင်ငံဆိုသည်မှာ ပိုင်နက်နယ်မြေ၊ လူဦးရေ၊ အစိုးရ၊ အချုပ် အခြာအာဏာ၊ နိုင်ငံ တကာ အသိအမှတ်ပြုမှုများဆိုသည့်စံနှုန်းနှင့် ကိုက်ညီရမှာဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ပိုင်နက် နယ်မြေ တိတိကျကျရှိသည်။ လူဦးရေသည်လည်း သန်းငါးဆယ်ကျော်ရှိသည်။ အုပ်ချုပ်သည့်အစိုးရလည်း ရှိသည်။ အချုပ်အခြာအာဏာပိုင်ဆိုင်သည်။ ကမ္ဘာမှာ မြန်မာဟု ဂုဏ်ယူဝံ့ကြွား နိုင်သည့် ဂုဏ်ယူစရာနိုင်ငံဖြစ်သောကြောင့် နိုင်ငံတကာ၏အသိအမှတ်ပြုမှုလည်းခံယူနိုင်သည့်နိုင်ငံ တစ်နိုင်ငံဖြစ်ပါသည်။

မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းကိုပြန်ပြောင်းလေ့လာကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံ သမိုင်း မတင်မီခေတ်၊ ရှေးဟောင်းခေတ်မြန်မာနိုင်ငံ၊ ကျေးပိုင်ကျွန်ပိုင်စနစ်များရောနှောနေသောမြေရှင်ပဒေသရာဇ်ခေတ်(ခေတ် လယ်)၊ မြေရှင်ပဒေသရာဇ်ခေတ်(ခေတ်နှောင်း)၊ ဗြိတိ သျှကိုလိုနီခေတ်၊ လွတ်လပ်ရေးရပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော်ဟု ခေတ်(၆)ခေတ်ကို လေ့လာတွေ့ရှိရပါသည်။ မြန်မာ့နိုင်ငံရေးခရီးသည် ပန်းမွေ့ယာရွှေ ကော်ဇောခင်းထားသည့် လမ်းပေါ်သို့ ငြင်သာသိမ်မွေ့စွာလျှောက်လှမ်းခဲ့ရသည်မဟုတ်ပါ။ နှစ်ပေါင်းကြာ ရှညကာ အဆိုးသံသရာထဲမှာတ၀ဲလည်လည်ဖြစ်နေရသဖြင့် တစ်ဦးနှင့်တစ်ဦး သံသယစိတ်ဖြင့် အကောင်း မမြင်နိုင်ကြပါ။ တစ်ဦးနှင့်တစ်ဦးချစ်ကြည်ရင်းနှီးမှုပျက်ပြားကာ သွေးကပြော သောစကားထက် ဘေးပြော သည်ကို ယုံခဲ့ကြပါသည်။ ထို့အတွက်ကြောင့်လည်း ခေတ်ဟောင်းမှာ တ၀ဲလည်လည်ဖြစ်ခဲ့ရသည်မှာ နှစ်ပေါင်း များစွာကြာမြင့်ခဲ့ရပါသည်။

မြန်မာနိုင်ငံသည် နိုင်ငံကသေးသော်လည်း သယံဇာတပေါကြွယ်ဝသည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ 100ကျော်နေထိုင်ကြသည်။ အေးချမ်းပျော်ရွှင်စွာနေခဲ့ရသည့် ကာလများထက် သူတစ်လူငါတစ်မင်း၊ တစ်ဗိုလ် တစ်မင်း၊တစ်တော တစ်ကြက်ဖလုပ်ချင်ကြသူများကြောင့် တိုင်းပြည်မငြိမ်မသက်ဖြစ်ခဲ့ရသည်များ လည်း သမိုင်းမှာအထင်အရှားရှိခဲ့ပါသည်။

နိုင်ငံတစ်နိုင်ငံ၏ခေတ်ပြောင်းလျှင် စနစ်ပါလိုက်လံပြောင်းလဲတတ်သည်ကို တွေ့ရမည် ဖြစ်ပါသည်။ ခေတ်ပြောင်းလဲလျှင် စနစ်ပါပြောင်းလဲမှဖြစ်ပါသည်။ ရှေးခေတ်က စနစ်များကို ယနေ့ခေတ်ထိ ဆက်လက် ကျင့်သုံးနေမည်ဆိုပါက အံမ၀င်ခွင်မကျနိုင်သည်များရှိနိုင်ပါသည်။ သို့သော် ယနေ့မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံတော်သစ်ကိုတည်ထောင်ပြီဆိုကတည်းက ဒီမိုကရေစီနိုင်ငံ နှင့်လိုက်လျောညီ ထွေဖြစ်ရ လေ အောင်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို တစ်ဆင့်ချင်းတစ် ဆင့်ချင်းလုပ်ဆောင်နေပါပြီ။ သို့သော် ဒီမိုကရေစီ သည် ခရီးဆုံးပန်းတိုင် မဟုတ် လျှောက်လှမ်း ရမည့် ခရီးဖြစ်သည့်အတွက် ခုရေတွင်းတူး ခုရေကြည်သောက်၍ မရနိုင်ပါ။

“ယနေ့အချိန်အခါတွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ၏ အောင်မြင်မှုကြောင့် မြန်မာ့ နိုင်ငံရေးတွင်မတူညီသည့် သဘောထားများကိုစေ့စပ်ဆွေးနွေးခြင်းနည်းလမ်းများဖြင့် အဖြေရှာသည့် နိုင်ငံရေးယဉ်ကျေးမှုသစ် အသက်ဝင်ရှင်သန်နေပြီဖြစ်ပါသည်။ ထို့ကြောင့်မိမိတို့အစိုးရအဖွဲ့အနေဖြင့် လွတ်လပ်ရေးရရှိချိန်မှစတင်ပြီး နှစ်ပေါင်းခြောက်ဆယ်ကျော်ရင်ဆိုင်နေရသည့် လက်နက်ကိုင်ပဋိ ပက္ခများ ချုပ်ငြိမ်းပြီး စစ်မှန်သော ထာဝရငြိမ်းချမ်းရေးရရှိစေရန် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲ ရေး သဘောတူညီ ချက်လက်မှတ်ရေးထိုးခြင်း၊ ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်တည်ဆောက်ရေးအတွက် အမျိုးသားနိုင်ငံရေးအင်အားစုအားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရေးတို့ကို မဆုတ်မနစ်ကြိုး ပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထိုကဲ့သို့ ကြိုးပမ်းဆောင်ရွက်ရာတွင် ဖြည့်ဆည်းရမည့်ကွက်လပ်များ၊ အခက်အခဲများ၊စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် တိုင်းရင်း သား ညီအစ်ကို မောင်နှမများ က စုပေါင်းညီညွတ်စွာကြိုးပမ်းရန်လိုအပ်ပါသည်ဟု နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ ပေးပို့သော (၆၈)ကြိမ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားသ၀ဏ်လွှာမှာ ဖော်ပြထားသည်ကို တွေ့ရပါသည်။

ယနေ့ကာလတွင် နိုင်ငံတော်အစိုးရ၊လွှတ်တော်နှင့်တပ်မတော်တို့သည် ပြည်သူလူထုနှင့်အတူ အေးချမ်းသာယာသည့် နိုင်ငံတော်ကိုတည်ဆောက်နေပြီဖြစ်ရာ မဝေးတော့သောအချိန်တွင် ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကိုပေါ်ထွန်းလာမှာအမှန်ပင်ဖြစ်ပါသည်။

မိမိတို့နိုင်ငံသည် နှစ်ပေါင်းတစ်ရာကျော်တိုင် သူ့ကျွန်ဘ၀ရောက်ခဲ့ရပြီးပါပြီ။ လွတ်လပ်ရေးရခဲ့ သော်လည်း ကိုယ့်လူမျိုးအချင်းချင်းသွေးစည်းညီညွတ်မှုမရှိခဲ့ကြသောကြောင့် နှစ်ပေါင်း(၆၀)ကျော်မျှပြည်တွင်းဆူပူ သောင်း ကျန်းမှုကို ရင်ဆိုင်ဖြေရှင်းခဲ့ရသည်။ ယနေ့ ဒီမိုကရေစီခေတ်ကိုတည် ဆောက် ရန်ကြိုးစား နေချိန် တွင် သွေးကစကားထက် ဘေးစကားများကိုယုံကြည်ခဲ့ သောကြောင့် အခက်အခဲများကို ရင်ဆိုင် နေရပြန် ပါ သည်။ မိမိနိုင်ငံအေးချမ်းဖို့၊ဖွံ့ဖြိုးတိုးတက်ဖို့၊ဒီမိုကရေစီစနစ်ရှင်သန်ခိုင်မာဖို့ဆိုလျှင် နိုင်ငံတွင်းမှီတင်း နေထိုင်ကြသည့်နိုင်ငံသားအားလုံးမှာ တာဝန်ရှိပါသည်။

သို့အတွက်ကြောင့်…. ကျွန်ုပ်တို့တိုင်းရင်း သားညီအစ်ကိုမောင်နှမအချင်းချင်း ချစ်ကြည်ရင်းနှီးကာ အတူတကွ ပူးပေါင်းလက်တွဲကာတူညီသောရည်မှန်းချက်များဖြင့် အတူတူချီ တက်သွားမည်ဆိုပါက ဒီမိုကရေစီပန်းတိုင်ကို မဝေးတော့သောတစ်နေ့မှာရောက်ရှိတော့မည်မှာမလွဲဧကန်အမှန်ပင်။

                                                                                       ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)

Tuesday, March 3, 2015

အမိနိုင်ငံတော်အတွက် ကြံ့ခိုင်သော အားဖြစ်ပါသည်….

       
       တပေါင်းလသာ၊ လတကာထက်၊ နှိုင်းရာဖက်ရှောင်၊ လများနောင်ကား၊ တောင်လည်းသာမော၊ တောလည်းသာထွေ၊ ရေလည်းသာလှ၊ ဖြူဆွ သောင်ပြင်၊ငှက်ပေါင်းရွှင်စဉ်၊ သဘင်အညီ၊ သဲစေတီဟု၊ မြှောက်ချီးရွှင်ပ၊ လှူဒါန်းကြလျက်…ဟု စာဆိုဦးအောင်ကြီးက တပေါင်းလသည် လတကာတို့ ထက်သာ လွန်တင့်တယ်သောလဟု စပ်ဆိုထားသည်ကိုတွေ့ရပါသည်။ တပေါင်းသာခေါင်၊ လများနောင်ဆိုသကဲ့သို့ တောတောင်သဘာဝက နှစ်သက်ဖွယ်ကောင်းသကဲ့သို့ ဆောင်းရာသီဆုတ်ခွာပြီး နွေရာသီဝင်လုချိန် နေ့ပူလို့ ညချမ်း၊ တပေါင်းလသရမ်းဟုဆိုသည့်အတိုင်း ဆောင်းရာသီနှုတ်ဆက်ချိန်မို့ အအေးဓာတ်မကုန် သေးသော် လည်း နွေရာသီဝင်စမို့ နေ့လည်နေ့ခင်းဆိုလျှင်ဖြင့် နွေရဲ့အရသာကိုခံစားကြရပါပြီ။

       သည်အခါသည်သမယသည် အခြေခံပညာအထက်တန်းစာမေးပွဲဖြေဆိုရတော့မည့် အချိန်အခါ ကောင်း ဖြစ်ပါသည်။နေ့မှာ နွေရဲ့အရသာကြောင့်စာကြည့်ရသည်ကို စိတ်ကမပါ။တစ်ခါတစ်ရံဆိုလျှင်ဖြင့် လေပြေက နော့နေတတ်သဖြင့် ရွက်ဟောင်းလေးတွေကြွေကျမြေခနေသည်ကိုကြည့်ပြီး ဘယ်ဆီ ဘယ်ဝယ် မျှော်ကာလွမ်းရမှန်းမသိ။သစ်ရွက်ကလေးများက လေခမြေသက် ဈာန်ဝိတက်ဖြစ်နေစဉ် စာရေးသူတို့ ၏ စိတ်ကလေးများမှာလည်းကစဥ့်ကလျားဖြစ်လို့နေတတ်ပါသည်။ 

       နေ့မှာရာသီဥတုကိုယ့်ဘက်ပါသည့်အတွက် ညမှာစာကြည့်မည်ဟု အားခဲထားပြန်ပါသော်လည်း တပေါင်းလရာသီ၏ချမ်းစိမ့်စိမ့်အအေးလေးကြောင့် အိပ်ယာဝင်ဖို့သာ စိတ်ဆောနေမိတတ်ပါသည်။ ရသေ့ သူတော်တောင်မှ ဥာဏ်မခိုင် ဈာန်ယိုင်လျှောရလောက်အောင် တပေါင်းလရာသီသည် လတကာလများ ထဲတွင် အသာယာဆုံးလဖြစ်သည့်အတွက် ပုထုဇဉ်လူသားများအဖို့ဆိုလျှင်ဖြင့် ဆိုဖွယ်မရှိပါပြီ။

       သို့သော်…ကျောင်းသားသည် စာကြည့်ရမည့်တာဝန်မှာ သမိုင်းပေးတာဝန်ဖြစ်ပါသည်။ ဟိုဟိုဒီဒီဖြင့်ရှောင်လွှဲလို့မရပါ။ စာသင်ချိန်မှာစာကိုကြိုးစားသင်ယူမှသာ ထူးချွန်ထက်မြက်သည့် လူတော်လူ ကောင်းများဖြစ်လာမှာအမှန်ပါ။ ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုသည့်အတိုင်း တက်ကြွလန်းဆန်းသည့် လူငယ်မောင်မယ်လေးများသည် အချိန်တစ်ခုကိုကျော်ဖြတ်ပြီးသကာလ လူကြီးဖြစ်လာပါတော့မည်။ ကိုယ်စိုက်သည့်သစ်ပင် ကိုယ်တိုင်ရိတ်သိမ်းကြရမှာ ဓမ္မတာပင်။ မိမိသည်ငယ်ရွယ်စဉ်အခါတွင် အတွေးမှန် အလုပ်မှန်ဖြင့် ကြိုးစားမည်ဆိုပါလျှင် တစ်နေ့မှာ မိမိနှင့်ထိုက်သင့်သည့် ဆုလာဘ်ရရှိလာမည်မှာ အမှန်ပင်။

       ကျောင်းသားလူငယ်လေးများအနေဖြင့် အမှန်တကယ် ကောင်းအောင်လုပ်ချင်တယ်ဆိုလျှင်ဖြင့် ကိုယ်တိုင်းကြိုးစား လေ့လာသင်ယူပြီး ကိုယ်အလှည့်ရောက်ရင် အကောင်းဆုံးဖြစ်အောင် လုပ်မယ်ဆိုသော စိတ်ဖြင့် ယခင်ကအားနည်းချက်များကို တွေ့အောင်ရှာပါ။ မြင်အောင်ကြည့်ပါ။ ဗိုလ်ချုပ်အောင်ဆန်း သည်ပင်လျှင် ကျွန်ပညာရေးစနစ်မှာ ကျိုးစား သင်ယူ ကိုယ်တိုင်လေ့လာပြီး သူလုပ်နိုင်ပြီဆိုမှ နိုင်ငံကို ဘယ်လို လွတ်လပ်ရေးရအောင် လုပ်မယ် ဘယ်လို ထူထောင်ရမလဲ စဉ်းစားပြီးမှ လုပ်ခဲ့တာပါ။ မူလတန်း ကလေးက မူလတန်းအတွေးပဲရှိကာ အလယ်တန်းကလေးကအလယ်တန်းအတွေး ပဲရှိပြီး အထက် တန်း အတွေးက အထက်တန်းအတွေးပဲရှိမည်။ ကျောင်းသား အတွေးက ကျောင်းသား အတွေး။ပါမောက္ခက ပါမောက္ခ အတွေး။ ဒေါက်တာက ဒေါက်တာအတွေး မတူကြပါဘူး။ သူများပြောတိုင်း မယုံဘဲ ကိုယ်တိုင် လေ့လာသင့်တယ် ကြိုးစားသင့်ပါသည်။ အနာဂတ်မှာ ထွန်းလင်းတောက်ပမည့် ကြယ်ကလေးများကို နိုင်ငံရေးလုပ်စားသည့် သူများ၏ လက်အောက်မှာ လောင်းရိပ်မမီစေချင်ပါ။ လောင်းရိပ်မိရင် သစ်ပင်တွေ တောင် အတက်နှေးပြီး အပင်ကိုင်းတတ်တာမို့ အထူးသတိပြုစေလိုပါသည်။ လှေလှော်ရင်းတက်မကျိုး မသွားဖို့က မိမိ၏စဉ်းစားတွေးခေါ် မြော်မြင်တတ်မှုကလည်း အထိုက်အလျောက် အရေးပါသည်ကို သိဖို့လို ပါ လိမ့်မည်။

       နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် (၂၀၁၅ခုနှစ်၊ မတ်လတွင်ပြောကြားခဲ့သည့် ရေဒီယိုမိန့်ခွန်းတွင်      အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့အဆိုအမိန့်များ၊ကိုယ်ကျင့်တရားနဲ့တိုင်းပြည်အပေါ်ထားရှိ တဲ့ အာဇာနည်စိတ်ဓာတ်ကိုချီးမွမ်းနေရုံ၊ လေးစားအားကျရုံ၊ဖော်ကျူးနေရုံမျှနဲ့ တာဝန်ကျေပြီလို့မယူဆ ကြဘဲ လိုက်နာလုပ်ဆောင်ဖို့လိုကြောင်းကိုလည်း မီးမောင်းထိုးပြလိုပါတယ်။ ဗိုလ်ချုပ်ရဲ့အဆိုအမိန့်များကို လက် တွေ့ကျင့်သုံးနိုင်ဖို့နဲ့ ဗိုလ်ချုပ်ရည်မှန်းခဲ့တဲ့ ဒီမိုကရေစီအရေး၊ တန်းတူရည်တူရှိရေးနဲ့ ကမ္ဘာ့အလယ် မှာ တင့်တယ်တဲ့ ပြည်ထောင်စုကြီး တစ်ရပ်အဖြစ်ရောက်ရှိအောင် နိုင်ငံရေးခေါင်းဆောင်များအားလုံးနဲ့ နိုင်ငံသားတစ်ဦးချင်း စီကအားလုံးတည်ဆောက်မှသာလျှင် တာဝန်ကျေပြီး ကျေးဇူးတပ်ရာရောက်တယ်လို့ ခံယူထားကြရမှာဖြစ်ပါ တယ်။ တိုင်းပြည်ရဲ့အနာဂတ်အနှစ်၁၀၀ကိုရည်မှန်းကြည့်တဲ့အခါ ထိုအချိန်မှာရှိ နေကြမယ့် တိုင်းပြည်ရဲ့ အနာ ဂတ်လူငယ်တွေက တမ်းတကြ၊ လေးစားကြ၊ အားကျရတဲ့ ခေါင်းဆောင် တွေဖြစ်ဖို့ ဒီကနေ့လူငယ်တွေ အနေနဲ့ ကြိုးပမ်းကြဖို့လည်း တိုက်တွန်းပါကြောင်း…”ထည့်သွင်းပြောကြား ချက်သည် လူငယ်လေးများအတွက် လိုက်နာသင့်၊ နာယူမှတ်သားသင့်သည့် မှာကြားချက်တစ်ခု ပင်ဖြစ်ပါ သည်။

       လူဦးရေ သန်း(၅၀)ကျော်ရှိသည့် မြန်မာနိုင်ငံတွင် လူငယ်များမှာ (၁၆)သန်းရှိသဖြင့် နိုင်ငံ၏(၃၀)%ရှိသော လူငယ်များသည် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အဓိကအခန်းကဏ္ဍမှပါဝင်နေသည်ဖြစ်ရာ အနာဂတ်နိုင်ငံတော်သည် လူငယ်လေးများ၏လက်ထဲတွင်ရှိ နေပါသည်။ မိမိတို့အနေဖြင့် အနာဂတ်ကာလမှာ ပန်းမွေ့ယာရွှေကော်ဇောခင်းထားသည့် လမ်းပေါ် တွင် လျှောက်လှမ်းမည်လား။ ခရောင်းလမ်းကိုလျှောက်လှမ်းမည်လားဆိုသည်ကို ကိုယ်တိုင် စဉ်းစား တွေးခေါ် မြော်မြင်ပြီးမှသာ လုပ်ဆောင်ဖို့လိုအပ်ပါသည်။ အပြုနှင့်အဖျက်၊ အကြောင်းအကျိုးအကောင်းအဆိုးဟူသည် အမြဲဒွန်တွဲနေတတ်ပါသည်။ မိမိလုပ်ရပ်သည် မိမိအတွက်အကျိုးရှိစေသော်လည်း အများအကျိုးထိခိုက်မည် ဆိုပါက မကောင်းပါ။ ၄င်းလုပ်ရပ်မျိုးသည် ဒီမိုကရေစီစံနှုန်းနှင့်မကိုက်ညီပါ။ ဒီမိုကရေစီသည် နိုင်ငံရေးစနစ် သက် သက်မဟုတ်ဘဲ လူသားများအားလေးစားသည့်စိတ်ဓာတ်ဖြစ်ကာ မိမိနှင့်ထပ်တူ အခြားသူများ၏ လွတ်လပ်မှုကို အလေးထားသည့်စိတ်စေတနာ၊ ချစ်ကြည်ရင်းနှီးမှုမေတ္တာ၊ တာဝန်ယူမှုများနှင့် အရာရာကို လုပ်ဆောင်ခြင်းပင်ဖြစ်ရာ ၄င်းစိတ်ဓာတ်သည် လူငယ်လေးများ၏နှလုံးသားတွင်ကျယ်ကျယ်ပြန့်ပြန့် စိမ့်ဝင်လာစေ ရမှာဖြစ်ပါသည်။ စစ်မှန်သည့်ဒီမိုကရေစီဆိုသည်မှာ နန်းတော်များ၊ လွှတ်တော်များစသည့် ခန်းနားထည်ဝါသည့် အဆောက်အဦများထဲမှ ဖန်တီးပြုလုပ်ခြင်းမဟုတ်ဘဲ ပြည်သူများ၏ နှလုံးသားထဲမှာ ဖန်တီးခြင်းဖြစ်သည့်အတွက် လူငယ်လေးများအနေဖြင့် မိမိတို့၏နှလုံးသားထဲမှဒီမိုကရေစီကိုဖန်တီးခြင်း သည်သာလျှင် စစ်မှန်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ရောက်ရှိမည်ဖြစ်ပါသည်။

       အတိတ်၊ပစ္စုပန်၊အနာဂတ်ဟူသည့်ကာလသုံးပါးကိုလူတိုင်းမလွဲမသွေကြုံတွေ့ရမှာဖြစ်ပါသည်။ မည်သူမဆို အတိတ်မှာ မှားကောင်းမှားနိုင်သော်လည်း ပစ္စုပန်တွင်မမှားဖို့လိုပါသည်။ပစ္စုပန်မှာ အကောင်းဆုံး လုပ်ဆောင်နိုင်ပါမှ အနာဂတ်မှာလှပမှာဖြစ်ပါသည်။ ယနေ့အချိန်အခါတွင် ကိုယ်ကျိုးရှာ အတ္တ သမားများ အနေဖြင့် လူငယ်မောင်မယ်များကို သွေးထိုးသွေးမြောက်လုပ်ပေလိမ့်မည်။ က်ျသည်ကို သတိသမံဥာဏ်မြေကတုတ်ဖြင့် စိတ်ဆင်ရိုင်းကိုချွန်းအုပ်ထားဖို့လိုပါလိမ့်မည်။ နိုင်ငံတော်ရဲ့အားများသည် နိုင်ငံတော်အတွက်ကျားမဖြစ်စေရန် အထူးသတိပြုကြရမှာဖြစ်ပါသည်။



                                                                                         ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)

ခရီးဆုံးထိ စည်းလုံးပြီး ဇွဲနဲ့ချီတက်မည်……

     
  ယနေ့ကမ္ဘာလောကကြီးသည် လူသားတို့၏ ကာယ၊ဥာဏ၊ဇွဲလုံလ၊၀ီရိယတို့ဖြင့် စုစည်းတည် ဆောက် ထား သည့် ကမ္ဘာလောကကြီးဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိလူသား တိုင်း လိုလိုသည် မွေးဖွားလာ ကတည်းက တစ်ဦးတစ်ယောက်ထဲနေလို့မရ။ တစ်ဦးကိုတစ်ဦးအမှီသဟဲပြုကာ နေကြရပါသည်။ မိသားစု များ မိတ်ဆွေ သင်္ဂဟများဖြင့် စုပေါင်းနေထိုင်ကြရသည့် သတ္တ၀ါများဖြစ်ပါသည်။ သို့သော် ပတ်ဝန်းကျင် ကောင်းရှိဖို့တော့ လိုပါသေးသည်။သူငယ်ချင်းကို ရွေးချယ်ပေါင်းသင်းရ်ျရသော်လည်း အိမ်နီးချင်းကို ရွေးချယ်လို့မရပါဟု အဆိုရှိ ပါသည်။ ပတ်ဝန်းကျင်ကောင်းမှာရှင်သန်ရသည့်လူများသည်ပတ်ဝန်းကျင်ကောင်း၏ ရိုက်ခတ်သည့် ကောင်းကျိုးချမ်းသာများရရှိနိုင်သကဲ့သို့ ပတ်ဝန်းကျင်ဆိုးဆိုးနှင့်ကြုံတွေ့ရမည်ဆိုပါက အဆိုးသံသရာမှာ တ၀ဲလည်လည်ဖြစ်နေမှာ အမှန်ပင်ဖြစ်ပါသည်။ 

       ယနေ့ကမ္ဘာကြီးသည်ရွာကြီးတစ်ရွာအလားအရှေ့နှင့်နောက်တောင်နှင့်မြောက်သည် ကူးလူး ဆက်သွယ်ရလွယ်ကူသကဲ့သို့သတင်းစကားသည်လည်း နေ့ချင်းညချင်းရောက်နိုင်လောက်အောင်ပင် ဆက်သွယ်ရေး စနစ်ကလည်းလျှင်မြန်လှပါသည်။ ကမ္ဘာတစ်ဝှမ်းဖြစ်နေသည့် အကြောင်းကိစ္စမှန်သမျှ အချိန်နှင့် တစ်ပြေး ညီသိရှိ နိုင်လာပြီဖြစ်ပါသည်။ 

       မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာတစ်ဝှမ်းလုံးရှိနိုင်ငံတိုင်းလိုလိုက ဒီမိုကရေစီစနစ်ကိုကျင့်သုံးသည့်အတွက် ကြောင့် မိမိနိုင်ငံကိုလည်း နိုင်ငံရေးမျက်နှာစာအသစ်ဖွင့်လှစ်လိုက်ကာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင် ရန်ကြိုးပမ်း အားထုတ်ခဲ့သည်။ သို့သော် ဒီမိုကရေစီသည် ခရီးဆုံးပန်းတိုင်မဟုတ်လျှောက်လှမ်းရမည့် လမ်းစဉ်ဖြစ်ကာ ပြည်သူအများပူးပေါင်းပါဝင်မှသာ ဒီမိုကရေစီစနစ် အမြဲရှင်သန်ခိုင်မာမှာဖြစ်ပါသည်။

       ဒီမိုကရေစီတွင် အခြားသူများ၏အခွင့်အရေးကို မထိခိုက်သမျှ လူတစ်ဦးချင်းက မိမိနှစ်သက်ရာ စိတ်ချမ်းသာပျော်ရွှင်မှုကို ရယူနိုင်သည်။ သူတစ်ပါးကိုထိခိုက်သမျှ ဒီမိုကရေစီသည် ပြည်သူများကိုယ်တိုင် ပါဝင်ပြီး ပြည်သူများက ပြည်သူ့အတွက် ပြည်သူများကိုယ်တိုင်ပါဝင်စီမံခန့်ခွဲသည့် ကျင့်စဉ်ဖြစ်သောကြောင့် ဒီမိုကရေစီ၏အနှစ်သာရ ကိုပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိဖို့လိုအပ်ပါသည်။ သို့မဟုတ်ပါက ကိုယ်ကျိုးရှာ အတ္တသမားများ၏သားကောင်ဖြစ်သွားနိုင်ပါသည်။ ဒီမိုကရေစီသည်တစ်ဦးချင်းစီ၏ လွတ်လပ်မှုကို ကျယ်ကျယ်ပြန့်ပြန့်အသိအမှတ်ပြုထားသော်လည်း ထင်တိုင်းကျဲစိတ်တိုင်းကျ အသုံးချမည် ဆိုပါက ဒီမိုကရေစီ ၏ အနှစ်သာရနှင့်ဝေးကွာသွားပါလိမ့်မည်။

       ယနေ့အချိန်အခါတွင်တွေ့မြင်နေရသည့်အကြောင်းအရာများစွာထဲမှထုတ်နှုတ်တင်ပြရမည်ဆိုလျှင် ပြည်သူတို့၏ အခက်အခဲအကြပ်အတည်းများကို အခွင့်ကောင်းယူ ဒီမိုကရေစီကိုဗန်းပြပြီး ကိုယ်ကျိုး ရှာနေကြ စိတ်မချမ်းမြေ့ဖွယ်တွေ့မြင်နေရပြန်ပါသည်။အမှန်အားဖြင့်ပြည်သူ လူထုသည်မိမိမှာရှိသည်ဖြင့် ရောင့်ရဲတင်းတိမ်တတ်ကြသည်။ စားဝတ်နေရေးအတွက်အဆင်ပြေလိုသည်။ အေးချမ်းမှုကိုလိုလား သည်။ သို့သော် လူသားတို့ အနေဖြင့် အသက်ရှင် နေရုံသက်သက်အတွက် စားဝတ်နေရေးကို လုံးပန်းနေရသည့် အနေအထား ဖြစ်နေမည်ဆိုပါက ထိုသူတို့အတွက်ကြီးမားသည့်ပြသနာတစ်ခုပင်ဖြစ်သည်။ က်ျသို့သော အခြေ အနေမျိုးသည် ကိုယ်ကျိုးရှာ အတ္တသမားများအတွက်အခွင့်ထူးတစ်ရပ်ပင်ဖြစ်သည်။ ပြည်သူများမှာ စားဝတ်နေရေးကြပ် တည်း လာပြီ ဆိုပါက လုပ်သင့်သည်မလုပ်သင့်သည်ကိုပင် မစဉ်းစားအား တော့ပါ။ သမုဒ္ဒရာဝမ်းတစ်ထွာ အတွက် ဖြေရှင်းရတော့မည်။ အူမတောင့်မှသီလစောင့်နိုင် မည့် အခြေအနေတွင် ပြည်သူ့အတွက် နိုင်ငံအတွက်ဆိုတာထက် မိမိအတွက်အရင်စဉ်းစားမှာဖြစ်သည့်အတွက် အပြစ်မဆိုသာ ပါ။ ငါးပွက်ရာ ငါးစာချတတ်သည့် ကိုယ်ကျိုးရှာအတ္တသမားများကြောင့်သာဖြစ်ပါသည်။

       ခရစ်တော်က “လူသားအားလုံးမိမိအပေါ်ပြုမူမှာကို မနှစ်သက်သကဲ့သို့ အခြားသူများအပေါ်မပြုမူကြနဲ့ ”တရုတ်ပညာရှင် ကွန်ဖြူးရှပ်ကလည်း “ကိုယ့်အပေါ်မလုပ်စေချင်တာကို သူများအပေါ်လည်း မလုပ်နဲ့”ဟု ဆိုထားသည်ကိုတွေ့ရပါသည်။သို့သော်လည်း လူတို့သည်မိမိအကျိုးအတ္တအတွက်လုပ်သင့်သည်။ မလုပ် သင့်သည်ကို မစဉ်းစားမတွေးခေါ်တော့။ ကိုယ့်အတွက် အကျိုးရှိမည်ဆိုလျှင် တောမီးလောင် တောကြောင် လက်ခမောင်းခတ်ဆိုသလို မိမိအကျိုးရှိမည်ဆိုပါက သူတစ်ပါး၏ဘ၀များ ကိုချနင်းရ မည်ဆိုပါကလည်း ချနင်းဖို့ရာမခဲယဉ်း တတ်ကြပါ။ 

       ယနေ့နိုင်ငံရေးအခင်းအကျင်းကိုကြည့်မည်ဆိုပါက နိုင်ငံတော်အစိုးရက ငြိမ်းချမ်းရေး အတွက်ကြိုးစား ပမ်းစားဆောင်ရွက်နေသော်လည်း ကိုယ်ကျိုးရှာအတ္တသမားများက မိမိတို့ကောင်းစားရေးအတွက် လက်နက်ကိုင်ဆန့်ကျင်ပြသည်။ ပြည်တွင်းရေးမငြိမ်မသက်ဖြစ်အောင်လုပ်သည်။ အကြပ်အတည်းဆိုတာ လူတိုင်းမှာရှိတတ်ပါသည်။ စီးပွားရေးအဆင်ပြေသူက လူမှုရေး၊ မိသားစုရေးကိစ္စအဆင်ပြေချင်မှပြေမည်။ သို့မဟုတ်လျှင် ကျန်းမာရေးအတွက် ပူပင်သောကဖြစ်ရမည်။ လူမှုရေးကျန်းမာရေးအဆင်ပြေကောင်းမွန် လျှင်ဖြင့် စီးပွားရေးက ကျပ်တည်းမည်။ လူတစ်စု ပူမှုရယ်တဲ့ အထွေထွေဖြစ်နေတတ်တာ လောကသဘာဝ ပါ။ အခက်အခဲအကြပ်အတည်းကို ကောင်းမွန်စွာစိတ်ရှည်သည်းခံစွာ ဖြေရှင်းနိုင်တဲ့သူများ ရှိသကဲ့သို့ မဖြေရှင်း နိုင်ကြသည့် သူများလည်းရှိရာ ၄င်းအတွက် ထွက် ပေါက်တစ်ခုလိုကိုလိုမည်မှာအမှန်ပင်။ ထိုသူတို့ သည် ကိုယ်ကျိုးရှာအတ္တသမားများ၏ သားကောင်ဖြစ်ရပေတော့သည်။ က်ျသည်ကို အခွင့်ကောင်း ယူပြီး သကာလ ကိုယ်ကျိုးရှာအတ္တသမားများက လိုသလိုအသုံးချပါလေတော့သည်။ 

       ၁၉၄၇ခုနှစ်၊ ဇူလိုင်လ၁၃ရက်နေ့ မြို့တော်ခန်းမတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ပြောကြားခဲ့သည့် မိန့်ခွန်းတွင်… “ယခုတိုင်းပြည်မှာမငြိမ်မသက်ဖြစ်နေတဲ့ကိစ္စ၊ဆူဆူပူပူဖြစ်နေတဲ့ကိစ္စတွေဟာ တိုင်းပြည် အတွက်အကျိုးရှိသလား။ အကျိုးမရှိဘူးလားဆိုတာခင်ဗျားတို့ထပ်စဉ်းစားဖို့လိုတယ်။ဆူပူ သောင်း ကျန်းမှု တွေကို ဗမာ ပြည်ချစ်တဲ့ လူတွေမှန်သမျှ ၀ိုင်းဝန်းကူညီနှိမ်နင်းဖို့လိုတယ်။ ဘယ်သူ့ကိုမှ အားပေးဖို့မလိုဘူး။ တိုင်းသူပြည်သား ညီညွတ် ရေး၊ လူထုရဲ့ညီညွတ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးအတွက် ယခုထက်ပိုပြီး ဆတက်ထမ်းပိုးတိုးပြီး လုပ်ကြဖို့လိုတယ်…”ဟုထည့်သွင်းပြောကြားခဲ့သည် ကိုတွေ့ရှိရပါ သည်။ ဗိုလ်ချုပ်ကိုအမှန်တကယ်ချစ်မြတ်နိုး သည်ဆိုလျှင်ဖြင့် ဗိုလ်ချုပ်၏အဆိုအမိန့်များ၊ ဗိုလ်ချုပ်၏ လမ်းစဉ်များကို အစဉ်အမြဲလေးစားလိုက်နာကြရမှာဖြစ်ပါသည်။ ကမ္ဘာကြီးကို လှပအောင်သာယာအောင် လူသားတို့စုပေါင်းအားနှင့် တည်ဆောက်ထား ပါသကဲ့သို့ မြန်မာ့မြေပေါ်မှာ မှီတင်းနေထိုင်ကြသည့် လူသားအားလုံး ကိုယ်စီအသိတရားနှင့် ဒီမိုကရေစီပန်းတိုင်းကိုအရောက်ချီတက်ကြရင်း ဒီမိုကရေစီ စိတ်ဓာတ် အမြဲထွန်းကား အောင်ဆောင်ရွက်ကြ ပါစို့ဟု တိုက်တွန်း ပြောကြား လိုက်ရပါသည်။

                                                                                     
ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)