ဝါခေါင်လ စာရေးတံမဲပွဲ
မြန်မာနိုင်ငံတွင် နှစ်တစ်နှစ်မှာ နွေမိုးဆောင်းဟူ ၍ ဥတုသုံးလီရှိသကဲ့သို့ လအားဖြင့်လည်း (၁၂)လ ရှိ ပါသည်။ (၁၂)လရာသီပတ်လုံး လတိုင်းလတိုင်းမှာပွဲတော်များလည်းရှိကြပါသည်။ ယခုကာလသည် ၀ါခေါင် လဖြစ်သဖြင့် ၀ါခေါင်လတွင်လည်း စာရေးတံမဲပွဲရှိပါသည်။ ၀ါဆိုဝါခေါင်ရေဖောင်ဖောင်ဟူသည့် စကား အတိုင်း ၀ါခေါင်လတွင် ကောင်းကင်တစ်ခွင်မှ မိုးသားတိမ်လိပ်တို့သည် မိုးအဖြစ်အသွင်ပြောင်းလဲ ကာ သဲသဲမဲမဲရွာသွန်း သဖြင့် မြစ်ချောင်းများတွင် ရေများပြည့်လျှံနေသည့်ကာလ လည်းဖြစ်ပါ သည်။ဝါခေါင် လတွင်သစ်ပင်ပန်းမာလ်များလည်းအစွမ်းကုန်ဖူးပွင့်ကြပြန်ပါသည်။လယ်တောတွင်လည်း ပျော်ပျော်ပါးပါး ကောက် စိုက်ကြသည့် အချိန်လည်းဖြစ်ပါသည်။
ဝါခေါင်လသည် ပါဠိဘာသာအားဖြင့် သီဟရာသီကို မြန်မာတို့က သိန်ရာသီဟုခေါ်ကြပါသည်။ ဤလ ဤ ရာသီ တွင် ကောင်းကင်မှကြယ်တစ်ချို့ကို ခြင်္သေ့ရုပ်အသွင်တွေ့မြင်ရသည့်အတွက် သီဟရာသီ- သိန် ရာသီ ဟု ခေါ် ခြင်းဖြစ်ကာ သရ၀ဏ်နက္ခတ်ထွန်းလင်းတောက်ပသည့်အခါလည်းဖြစ်ပါသည်။ ထို့ပြင် ၀ါခေါင်လကို သာဝဏ ဟုလည်း ခေါ်တွင်ခဲ့ကြပါသည်။အကြောင်းမှာ ဤလတွင် သာဝဏနက္ခတ် သည် လပြည့်ဝန်းနှင့် စန်းယှဉ် သော ကြောင့် ဖြစ်ပါသည်။ သာဝဏကို သရ၀ဏ်ဟုခေါ်ကြပါသည်။ သရ၀ဏ်နက္ခတ်စန်းယှဉ်သော သိန်ရာသီဝါခေါင်လတွင်ခတ္တာပန်းပွင့်သည်ဖြစ်ရာ ၀ါခေါင်လ၏ရာသီပန်း သည်ခတ္တာပန်းဖြစ်ပါသည်။မြန်မာအဘိဓာန်အကျဉ်းချုပ်တွင် ခတ္တာ-န/ခတ်တာ/ ၀ါခေါင်လတွင်ပွင့်သော ဥပင်တစ်မျိုး။ဂမုန်းကိုယ်ရံကြီးသည်ကား ခတ္တာပင်နှင့် သဏ္ဍာန်တူ၏ဟု ဖော်ပြထား ပါသည်။ “တဆယ့်နှစ်လျှင်ချီ ဆယ့်နှစ်ရာသီဖွဲ့ရတုပိုဒ်စုံတွင် “သိန်ရာသီလမ်း၊ ၀ါခေါင်ဆန်းသော်၊ နတ်ပန်းခတ္တာ၊ ပွင့် ၀ါဝါနှင့်”လည်းကောင်း၊ လက်ဝဲသုန္ဒရ၏ ရှေးဆက်မြင့်ကြာချီပိုဒ်စုံရတုတွင် “ နူးညွတ်ဖွယ်သာ၊ ခုသန်ဝါကား၊ ခတ္တာဖြူဖွေး၊မစဲသေးလျက်”ဟုလည်းကောင်း၊စိန္တကျော်သူဦးသြကမူ“နီနီစွတ်၊ဖြူထွတ်ထွတ်၊ပန်းခတ္တာ နှင့်ပင်” ဟုလည်းကောင်း ၀ါခေါင်လ၏ရာသီပန်းဖြစ်သည့် ခတ္တာပန်း၏အလှ ကို အမျိုးမျိုးဖွဲ့ဆိုထားသည် ကိုတွေ့ရ ပါ သည်။
ဝါခေါင်လရောက်သောအခါ ရဟန်း၊သံဃာများသည် ဓုတင်မှထွက်ကြပြီး ဦးပဉ္စင်း၊ကိုရင် အားလုံး ပျော်ရွှင် လျက်ရှိကြကုန်သည်။ မြို့များနှင့်ရွာများပေါ်ရှိ ဒါယကာ၊ဒါယိကာမများသည် ပဒေသာရွှေ အိုးကြီး များ အလှူကိုလှူကြကုန်သည်။ မယ်နှင့်မောင်တို့သည်လည်း ပဒေသာရွှေအိုးကြီးတလုံးကို ဘယ်လို လှူရပါမည် နည်း”ဟု စာပေးများမှာဖတ်ဖူးပါသည်။ ဓုတင်တို့မှာ သစ်ပင်အောက်တွင်နေသော ရုက္ခမူ ဓုတင်၊ သင်္ကန်းသုံး ထည်သာဆောင်သော တိစီဝရိတ်ဓုတင်၊ တစ်ထိုင်တည်းသာစားသော ဓုတင်စသည်တို့ဖြစ် ပါသည်။ ရဟန်းတို့သည် ထိုကဲ့သို့ ဓုတင်ကိုတည်ဆောက်ကြရသဖြင့် ဆင်းရဲပင်ပန်းလှပါသည်။ ၀ါခေါင်လ သို့ရောက်သောအခါ ထိုဓုတင်တို့ကိုဆောက်တည်ရာမှထွက်ကြသဖြင့် သက်တောင့်သက်သာဖြစ်နေကြ သည်ကို ဆိုလိုခြင်းဖြစ်ပါ သည်။
မည်သို့ပင်ဆိုစေကာမူ…မဟာအတုလမင်းကြီးရေးဖွဲ့ထားသည့်“မျှော်ယောင်သာပန်းတော့ တယ်၊ သောင်ကမ်းငယ်ပြည့်လျှံ၊ နဒီငယ်ခြံသည်၊ ပြည်မင်းစံ ရွှေဘုံက၊ အကုန်ထူးတဲ့ လကိုလေး။ ရာသီသိန်ငယ်၊ နေမိန္ဓရ၊ ၀ါခေါင်လမို့၊ တောင်မျာ့ထွတ်စွန်၊ သရ၀ဏ်လဲ၊ ရောင်ဝှန်တေဇာ၊ ပန်းခတ္တာနှင့် ခိုင်ညှာပွင့်ကြူ၊ တိုင်းပြည်သူတို့၊လှူစာရေးတံ၊ သဘင်စုံခံဆဲမို့၊ လွမ်းရန်ဖွဲ့ သည်ချိန်ကို ဒေ၀ရိန် ပဇ္ဇုန်မှူးက၊ မြူးလှတယ် လေး ” - သိန်ရာသီဝါခေါင်လတွင် မြစ်ချောင်းအင်းအိုင်များ တွင် ရေ များပြည့်လျှံနေသည့် ကာလ၊ သရ၀ဏ် စန်းယှဉ်သည့်ကာလ၊ ပြည်သူများစာရေးတံအလှူပေး လှူသောလထူးလမြတ်ပင်ဖြစ် ပါတော့ သည်။
ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)
အခုလို သိခွင့်ရတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ
ReplyDelete