Labels
- ၀တ္ထုတို (8)
- ကဗျာ (15)
- ဓာတ်ပုံမှတ်တမ်းများ (1)
- ပြည်တွင်းသတင်း (5)
- ဆောင်းပါး (37)
- နိုင်ငံတကာသတင်း (3)
Monday, July 21, 2014
ဝါဆိုလ ပဉ္စင်းတော်ခံသောခါ….
တစ်ဆယ့်နှစ်လရာသီတွင် လေးလမြောက်သောလတွင် ရဟန်းတော်များဝါဆိုဝါ ကပ်ပြုသော လဖြစ် သောကြောင့် ၀ါဆိုလဟုခေါ်ဆိုခြင်းဖြစ်ပါသည်။ ၀ါဆိုလတွင် ကရကဋ် ရာသီဖြစ်ပြီး ပြုဗ္ဗာသဠ်နက္ခတ်စန်းယှဉ် သည်။ ရာသီပန်းအနေဖြင့် ပုန်းညက်ပန်းပွင့်ပါသည်။
“ကိုးခွင်ငယ်မှိုင်းပါလို့၊ မြင်တိုင်းမှာတဲ့ မဲညို၊ လဲ့လဲ့ငယ်စို၊ ယုဂန္ဓုရ် တောင်မဟာက ပြုဗ္ဗာသဠ်ထွန်းတဲ့ လကိုလေး။ ဆင်တာရာငယ်၊ ရာသီကရကဋ် နရိန္ဒာလဲ၊ ညာတောင်နတ်နှင့် ဖိုလ်မြတ်ကယ် နိဗ္ဗူ၊ အောင်ဆုယူ လို့၊ ရှစ်ဖြူရိပ်စံ၊ပဉ္စင်းတော်ခံသောခါ၊ ရေလျှံတဲ့ ၀ါဆိုမှာ၊ ပုန်းညက်ညို၊ မာလာမင်းက ၊သင်းလှတယ်လေး…” ဟု မဟာအတုလမင်းကြီးက ၀ါဆိုလဘွဲ့ကို ထိုသို့ရေးဖွဲ့ထားပါသည်။
ရဟန်းတို့ ၀ါဆိုဝါကပ်ရာတွင် ပုရိမ၀ါကပ်ခြင်းနှင့် ပစ္ဆိမ၀ါကပ်ခြင်းဟူကာ ၀ါဆိုဝါကပ်ခြင်းနှစ်မျိုးရှိ ပါသည်။ထိုဝါကပ်ခြင်းနှစ်မျိုးတွင် ၀ါဆိုလသည် ပဓာနဖြစ်ကာ အကြောင်းအားလျော်စွာ ၀ါဆိုလတွင် ၀ါမကပ် နိုင်ပါက ၀ါခေါင်လမှာ ပစ္ဆိမ၀ါကို ခွင့်ပြုခြင်းဖြစ်ပါသည်။
ဝါဆို-၀ါခေါင်နှစ်လသည် ၀ဿနဥတုမည်၏။ ဤ၀ဿနဥတု၌ စိုစွတ်၏။ ပူတုံအေးတုံရှိ၏။ အိုက်၏။ ကောင်းကင်၌ မိုးတိမ်မပြတ်ရှိ၏။ အနောက်ကလေကျတတ်၏။ နတ်သမီးကွမ်းသွေးစသော ပိုးမှက်ခြင်ဖားအစရှိသည် တို့ပေါ များကုန်၏။ ထိမ် မအူ လက်ထုတ် ဆပ်သွား မြတ်လေး ပုန်းညက်စသော ပန်းတို့သည် ပွင့်ကုန် ၏။ မြစ်ရေတို့သည် ပြည့်လျှံကုန်၏။ ရေအိုင် ရေကန် စသည်တို့ ၌ ကြာဖြူ ကြာညိုတို့သည် ပွင့်ကြကုန် ၏။ မြေအပြင်၌ မိုးရေဖြင့် မထင်ရှားသော ကုန်းကြည်းရှိကုန်၏။ စပါးပင်တို့ဖြင့် တင့်တ်ာကုန်၏” ဟု ဥတုဘောဇနကျမ်းတွင် ရေးဖွဲ့ထားသည်ကို တွေ့ရပါသည်။
ရှေးအခါက မြန်မာမင်းများသည် ၀ါဆိုလပြည့်နေ့တွင် ပဉ္စင်းတော်ခံပွဲဆင်ယင်ကျင်းပခဲ့သောကြောင့် ပါဆိုလကို ပဉ္စင်းတော်ခံသောလဟုခေါ်တွင်ခဲ့ခြင်းဖြစ်ပါသည်။ ပဉ္စင်းဟူသည် ပဉ္စအင်္ဂဟူသော ပါဠိကို မြန်မာလို ခေါ်ဆိုခြင်းဖြစ်ရာ ပဉ္စဟူသည်မှာ အင်္ဂါငါးပါးကို ဆိုလိုသည်။ လူတစ်ယောက်သည် ပဉ္စင်းဖြစ်မြောက်ရန်အတွက် အင်္ဂါငါးပါးနှင့် ပြည့်စုံမှသာ ရဟန်းဖြစ်နိုင်ပါသည်။
ပဉ္စင်း၏အင်္ဂါငါးပါးမှာ
၁။ ၀တ္ထုသမ္ပတ္တိ =ရဟန်းလောင်း၏ပြည့်စုံခြင်း၊ ထိုသူသည် နပုန်းပဏ္ဍုတ်၊အမေသတ်ခြင်း၊ အဖေ သတ်ခြင်းအစရှိသည်မှ ကင်းကာ အသက်နှစ်ဆယ်ရှိရမည်ဟု ဆိုလိုသည်။
၂။ ဥတ္တိသမ္ပတ္တိ = ဉတ်ထားခြင်း၏ပြည့်စုံခြင်း၊ ဉတ်ကမ္မ၀ါမှာ ရဟန်းလောင်းကို မသုံးသပ်ခြင်း၊ သံ ဃာကို မသုံးသပ်ခြင်း အစရှိသော အပြစ်များရှိ၏။ ဤအပြစ်များမှ ကင်းစင်ခြင်းပင် ဉတ်ထားခြင်း၏ ပြည့်စုံ ခြင်း မည်၏။
၃။ အနုဿသမ္ပတ္တိ = ကမ္မ၀ါ ရွတ်ဖတ်မှုပြည့်စုံခြင်း။
၎။ သီမသမ္ပတိ = သိမ်၏ပြည့်စုံခြင်း။
၅။ ပရိသ သမ္ပတိ = ပရိသတ်၏ပြည့်စုံခြင်း။
ရဟန်းလောင်းသည် ၄င်းအင်္ဂါငါးပါးနှင့်ပြည့်စုံမှသာ ရဟန်းအဖြစ်သို့ရောက်တော်မူသည်။
ရှေးအခါက ၀ါဆိုလပြည့်နေ့တွင် ပဉ္စင်းတော်ခံပွဲကျင်းပခဲ့သော်လည်း ယနေ့ခေတ်တွင် ပဉ္စင်းတော်ခံ ပွဲသာမက ဓမ္မစကြာအခါတော်နေ့ဟုလည်း သတ်မှတ်ကြပါသေးသည်။ အဘယ့်ကြောင့်ဆိုသော် သိဒ္ဓတ္တမင်းသားသည် ဥရုဝေလ တော နေရဉ္စရာမြစ်ကမ်းပါးအနီးဗောဓိ ပင်ရင်းတွင် ကဆုန်လပြည့်နေ့တွင် သဗညုတ ဥာဏ်ကိုရရှိပြီး ဘုရားအဖြစ်သို့ရောက်ရှိတော်မူခဲ့ပါသည်။ ၀ါဆိုလပြည့်နေ့သို့ရောက်သောအခါ ပဉ္စ၀ဂီငါးဦးကို ဓမ္မစကြာတရားဒေသနာဟောကြားတော်မူ ခဲ့သောကြောင့် ဖြစ်ပါသည်။
ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment