Labels
- ၀တ္ထုတို (8)
- ကဗျာ (15)
- ဓာတ်ပုံမှတ်တမ်းများ (1)
- ပြည်တွင်းသတင်း (5)
- ဆောင်းပါး (37)
- နိုင်ငံတကာသတင်း (3)
Wednesday, July 30, 2014
ကျေနပ်ခြင်း
မင်းဟာ ကိုယ့်ဘ၀အတွက်
ပဲ့ကိုင်ရှင်တစ်ယောက်
ဖြစ်နေပေမယ့်လည်း
ကိုယ်က...
မင်းအတွက်...
မြူတစ်မှုံစာလောက်
အရေးပါရင်ဘဲ
ကိုယ်ကြည်နူးကျေနပ်နေမှာပါ။
ကြောက်စိတ်က ကလေးသူငယ်များ၏ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှုကိုအနှောင့်အယှက်ဖြစ်စေသလား
လူ့ဘ၀ဆိုတာရခဲလှပါသည်။ ထိုရခဲလှသည့်လူ့ဘ၀ကို မနုဿဘာဝေါဒုလ္လ္လ္လ္လဘောဟု မြတ်စွာဘုရားရှင်က မိန့်ကြား ခဲ့ပါသည်။ လူ့ဘ၀ကို ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ် ဆိုပြီး အပိုင်းသုံးပိုင်း ခွဲခြားထားပါသည်။ ကလေးဘ၀ ဆိုသည်က ပထမအရွယ်၏ အစပိုင်းသာဖြစ်ပါသည်။ အစကောင်းမှ အနှောင်း သေချာ ဟူသည့် ဆိုရိုးစကားရှိပါသည်။ ကလေးဘ၀အရွယ်မှအစ ပျိုးကောင်းခဲ့ပါမှ နောင်အခါ ၀ယ် အနှောင်း သေချာမှာဖြစ်ပါသည်။ Personality is a grem in the child that can develop only by slow stages in a ture life. Personality ဟာ ကလေးရဲ့စိတ်မှာ အစေ့အညှောက်ကလေး တစ်ခုအနေနဲ့ ရှိပြီးသားပါ။ဒါလေးကိုတဖြည်းဖြည်းကြီးထွားလာအောင်ပြုစုရတာ..။အဖက်ဖက်အရည်အသွေးတွေ ကောင်း လာဖို့ဆိုတာ ငယ်စဉ်ကတည်းက တစ်ဆင့်ပြီးတစ်ဆင့် ပြုစုပျိုးထောင်သွားရတာ ဖြစ်ပါတယ်…ကလေး တစ် ယောက်ကို သူ့ရဲ့အမေ အဖေ အစ်ကို မောင်နှမတွေက သူ့ကိုထိန်းကျောင်းပေး တဲ့သူတွေက သူ့ကို စားသင့်တဲ့အချိန်မှာ ကောင်းကောင်းကျွေး မယ်။ ပြုစုသင့်တဲ့အခါမှာ ကောင်းကောင်းပြုစုမယ်၊ ပစ်မထားဘူး၊ သူ့ကိုအော်တာငေါက်တာ ရိုက်တာမျိုးမလုပ်ဘူးဆိုရင်ဒီကလေးရဲ့စိတ်ဟာ နူးညံ့ တယ်၊အေးချမ်း တယ်၊ပျော်ရွှင် တယ်၊ သူ့ကိုသူကျေနပ်မှုတွေ အများကြီးရှိနေမယ်။ ပတ်ဝန်းကျင်ကိုလည်း ယုံကြည်မှု ခင်မင်မှုတွေရှိမယ်။ ဒါပေမယ့် ကလေးငယ်များကို ထိန်းပေးရသည့် တစ်ချို့အမိအဘ အဘိုးအဘွား ဦးလေးဒေါ်လေးစ သည့် ဆွေမျိုးတော်စပ်သူများက ကလေးငိုနေလျှင် အငိုတိတ်အောင် ချော့ရမည့် အစား ကြောက်အောင်ချောက်တတ်ကြသည်။ ကလေးငိုနေလျှင် မငိုနဲ့ ကျားကြီးကိုက်လိမ့်မယ်။ ကလေးဖမ်းတဲ့သူတွေ လာနေပြီ။ ငိုတဲ့သူတွေကို ဖမ်းသွားလိမ့်မယ်။ ဟိုခွေးမဲကြီးက တကယ်ကိုက်မှာနော်၊ မကြောက်ဘူးလား ဟူ ၍လည်းကောင်း၊ မအိပ်ဘဲ ဂျီကျနေသည့် ကလေးများကို ကြောင်ကြီးချီသွားလိမ့် မယ်။ ဟိုးအမှောင်ထဲမှာ သရဲကြီးရှိတယ်။ သရဲကြီးက လာခေါ်သွားလိမ့်မယ် စသည်ဖြင့်လည်းကောင်း၊ စလောင်းဖုံးနှစ်ချပ်တီးလျှင် ကျားကိုက်တတ်တယ် ဟူ၍လည်းကောင်း မကြောက်ကြောက် အောင်ခြောက် တတ်ကြပါသည်။ တစ်ချို့မိဘများသည်သားသမီးများကို ကျွဲရိုက်နွားရိုက် ရိုက်တတ်ကြပါသည်။ ။ ရိုက်နှိက်ဆုံးမ ခံရပြီး ကြီးပြင်းသည့် ကလေးနှင့် နားလည်အောင်ရှင်းပြကာ ဆိုဆုံးမသော စကားကို နားထောင်ရပြီး ကြီးပြင်းလာရသည့် ကလေး နှစ်ယောက်မှာ သွက်လက်မှု နဲ့ ညဏ်ရည်ဖွံ့ဖြိုးမှုမှာ ကွာခြားသွားတတ်ပါသည်။ သို့အတွက်ကြောင့် မိဘအုပ်ထိန်းသူများက ဖြစ်နိုင်ရင် ကလေး ကို နားလည်အောင်ရှင်းပြပြီး ကြောက်စိတ်ထက် ကိုယ့်ကိုယ် ယုံကြည်စိတ်ကို မွေးမြူခွင့်ပေးသင့်တယ်လို့ ထင်မိပါသည်။ ထို့အပြင် ကလေးကို ငယ်ငယ်ကတည်းက စားသင့်ချိန်မှာမကျွေးဘူး။ အိပ်ချိန်တန်လည်း အိပ်ခွင့်မပေးဘူး။ နေထိုင်မကောင်းတဲ့အခါမှာလည်း မပြုစုဘဲ ပစ်ထားမယ် ခဏခဏ အော်မယ်ငေါက်မယ် ရိုက်မယ်ဆိုရင် ဒီကလေးဟာ စိတ်ဓာတ်ပျက်စီး သွားပြီး သူ့ကိုယ်သူလည်း အယုံအကြည် မရှိတော့ ဘူး။ ကြောက်စိတ် စိုးရိမ်စိတ်နဲ့ နာကြည်းမုန်းတီးစိတ်များသာ နှလုံးသားမှာ ကိန်းအောင်းသွား မှာ ဖြစ်ပါ သည်။ မိဘတိုင်းသည် မိမိ၏ သားသမီးကို လောကမှာ အတော်ဆုံးဖြစ်စေချင်ကြပါ သည်။ ကျောင်း မှာဖြစ်စေ အားကစားမှာ ဖြစ်စေ အခြားဘယ်နေရာမှာမဆို အားလုံး၏ ထိပ်ဆုံးမှာ ရှိနေစေချင်ကြတာ သဘာဝမို့ အပြစ်မပြောလိုပါ။ သို့သော် တစ်ခါတရံမှာ ကိုယ့်ကလေးအပေါ်ကိုဖိအားပေး သလို ဖြစ်သွား တတ်ပါ တယ်။ ကလေးတိုင်းမှာ သူရဲ့ မွေးရာပါဗိဇအရ တော်တဲ့ ညဏ်ရည် နဲ့ စဉ်းစားတွေးခေါ်နိုင် တာတွေ ပါလာတတ်သောကြောင့် ကလေးကို ငယ်ငယ် ကတည်းက သူတို့ဝါသနာ ပါတာကို အားပေးပြီး ထူးထူးချွန်ချွန် လုပ်နိုင်တဲ့သူတွေဖြစ်အောင် မြေတောင်မြှောက်ပေးရ မှာ ဖြစ်ပါတယ်။ တစ်ချို့ကလေးတွေဟာ ငယ်ငယ်ကတည်းက သူတို့ဝါသနာက စာသင်တာကို ၀ါသနာပါတယ်။ ဒါပေမယ့် လူကြီးတွေက မိမိသားသမီးကို ဆေးကျောင်းတက်စေချင်တယ်။သည့်အတွက် မိဘများက ခြောက်၍ တစ်မျိုး၊ ချော့၍တစ်ဖုံ မိမိလိုချင်သည် များကို ဇွတ်လုပ်တတ်ကြ ပါသည်။ ထိုအခါ မိဘများ အတင်းခိုင်း သည့်အတွက် ကလေးများက သူတို့စိတ်မပါသည်များကို လုပ်ရသည့်အခါများလည်း ရှိသည်ဖြစ်ရာ မိဘများကို ကြောက်တဲ့စိတ်က ကလေးသူငယ်များကို အနှောင့်အယှက် ဖြစ်စေပါသည်။ တစ်ချို့ကလေး များကတော့ မိဘကိုကြောက်သည့်အတွက် မိဘများရှေ့တွင် ငြိမ်နေရသော်လည်း ကွယ်သွားလျှင် ထင်ရာစိုင်းတတ် ကြပါသည်။ ထိုကဲ့သို့ မဖြစ်ရလေအောင် သူတို့ကို ဟိုလို လုပ်ပါ ဒီလိုလုပ်ပါ လို့ ပြောတာ ထက် သူတို့လုပ်ချင်တဲ့အရာကို ကိုယ့်က သားရေ သမီးရေ သားတို့ သမီးတို့ လုပ်ချင်တာကမဆိုးပါ ဘူး ကောင်းပါတယ် ဒါပေမယ့် အဲဒါကို လုပ်ရင် ဘယ်လိုဖြစ်သွားနိုင်တယ် ဆိုတာကို ရှင်းပြတာမျိုးက ပိုမိုသင့်တော်မယ် ထင်ပါတယ်။ ထိုအခါ ကလေးစိတ်ထဲမှာ ဖေနဲ့မေက ငါ့ကိုမလုပ်စေချင် တာ မဟုတ်ဘူး ငါ့ကိုစိုးရိမ်လို့ မလုပ်ခိုင်းတာလို့ တွေးသွားပြီး ဇွတ်တရွတ်လုပ်ချင်စိတ်လဲ ပျောက်သွား တတ် ပါ သည်။ သားသမီးဆိုတာရတနာပါ။ ထိုရတနာလေးများကို ပိုမိုတန်ဖိုးတက်လာအောင် ပြုစု ပျိုးထောင်ကြရ မှာ မိဘတိုင်း၏ တာဝန်ပင် ဖြစ်ပါသည်။ အချို့မိဘများက လွဲမှားသောအတွေး များဖြင့် ကလေးသူငယ် ကလေးကို ငယ်ငယ်တည်းက နှိမ်ထားမှ မဟုတ်ရင် "ငယ်သော် သား၊ ကြီးသော် ကျား၊ ငယ်သော် သမီး၊ ကြီးသော် မီး" ဖြစ်သွားလိမ့်မယ်ဟူသည့် လွဲမှားသောအတွေးများဖြင့် သားသမီးများကို အကြောက် တရားဖြင့် အုပ်မိုးထားသည်။ တကယ်ဆိုလျှင် မိဘတို့သည် မိမိသားသမီးများကို ရင်ထဲအသဲထဲ က ချစ်မြတ်နိုး ကြပါသည်။ ကာလရှည်ကြည် တည်မှီသည့် အချိန်ကတည်းက မိမိရင်သွေးကို ချစ်မ၀ ရှုမ၀ ကြပါ။ မိဘများက သားသမီးအပေါ်မှာ ချစ်တဲ့စိတ် မှန်နေဖို့ လိုပါသည်။ လက်ဦးဆရာ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ မိနှင့်ဘ ဆိုသည့်အတိုင်း မိဘများသည် မိမိ၏ သားသမီးများအတွက် လက်ဦးဆရာ များ ဖြစ်ကြပါသည်။ နောင်အနာဂတ်မှာ ထွန်းလင်းတောက်ပလာမည့် ကြယ်ကလေးများ ဖြစ်စေရန်မှာ ကလေးသူငယ်များကို ငယ်စဉ်ကတည်းက ဆုံးမသွန်သင် နည်းပေးလမ်းပြ မှန်ကန်ဖို့ လိုအပ်ပါသည်။ မိဘများသည် မိမိသားသမီးများက မိမိကို ကြောက်သည့်စိတ်ထက် ချစ်သည့်စိတ် လေးစားကြည်ညိုသည့် စိတ်များ ကသာ မိမိသားသမီးများ၏ ဘ၀ဖွံ့ဖြိုးတိုးတက်မှာဖြစ်ပြီး ကြောက်စိတ်သည် သားသမီးများ၏ အနာဂတ်ကို အနှောင့်အယှက် ဖြစ်စေပါသည်။ ထို့ကြောင့် သားကောင်းရတနာ သမီးကောင်းရတနာလေး များ ဖြစ်ရလေ အောင် မကောင်းမြစ်တာ ကောင်းရာညွှန်လတ်ဖို့ လိုအပ်လှပါသည်။ တကယ်တော့ ကြောက်စိတ် သည် ကလေးသူငယ်များ ဥာဏ်ရည်ဖွံ့ဖြိုးမှု၊ မိမိကိုယ်ကိုယ် ယုံကြည်မှုတို့ အတွက် ဆူးညှောင့်ခလုတ် ဖြစ်စေပါသည်။ ကလေးသူငယ်များဟာ ဆူးခင်းလမ်းထက် ပန်းခင်းလမ်း ကို လျှောက်လှမ်းနိုင်ပါမှ အေးချမ်းသာယာသည့် လူ့ဘောင်သစ်ကို ဖော်ဆောင်နိုင်မှာ ဖြစ်သည်ဟု ယုံကြည်မိပါသည်။
ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)
ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ) ရေးသားသည့် ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန် သတိဖြင့် နေထိုင်နည်း စာအုပ်ကို မှီငြမ်းကိုးကားပါသည်။
ကိုယ်စီတာဝန်ကျေပွန်စို့
ကိုယ်စီတာဝန်ကျေပွန်စို့
ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)
အချုပ်အခြာအာဏာပိုင်နိုင်ငံဆိုသည်မှာ ပိုင်နက်နယ်မြေ၊ လူဦးရေ၊ အစိုးရ၊ အချုပ် အခြာအာဏာ၊ နိုင်ငံ တကာအသိအမှတ်ပြုမှုများဆိုသည့်စံနှုန်းနှင့် ကိုက်ညီရမှာဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ပိုင်နက် နယ်မြေ တိတိကျကျရှိသည်။ လူဦးရေသည်လည်း သန်းခြောက် ဆယ်ကျော်ရှိသည်။ အုပ်ချုပ်သည့်အစိုးရလည်း ရှိသည်။ အချုပ်အခြာအာဏာပိုင်ဆိုင်သည်။ ကမ္ဘာမှာ မြန်မာဟု ဂုဏ်ယူဝံ့ကြွားနိုင်သည့် ဂုဏ်ယူစရာနိုင် ငံဖြစ်သောကြောင့် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုလည်း ခံယူနိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။
မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းကိုပြန်ပြောင်းလေ့လာကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံ သမိုင်းမတင်မီခေတ်၊ ရှေးဟောင်းခေတ်မြန်မာနိုင်ငံ၊ ကျေးပိုင်ကျွန်ပိုင်စနစ်များ ရောနှောနေ သောမြေရှင်ပဒေသရာဇ် ခေတ်(ခေတ်လယ်)၊ မြေရှင်ပဒေသရာဇ်ခေတ်(ခေတ်နှောင်း)၊ ဗြိတိ သျှကိုလိုနီခေတ်၊ လွတ်လပ်ရေးရပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော် ဟု ခေတ်(၆)ခေတ် ကို လေ့လာတွေ့ရှိရပါသည်။ မြန်မာ့နိုင်ငံရေးခရီးသည် ပန်းမွေ့ယာရွှေကော်ဇောခင်းထားသည့် လမ်းပေါ်သို့ ငြင်သာသိမ်မွေ့စွာလျှောက်လှမ်းခဲ့ရသည်မဟုတ်ပါ။ နှစ်ပေါင်းကြာရှည်ကာ အဆိုးသံသရာထဲ မှာ တ၀ဲလည်လည်ဖြစ်နေရသဖြင့် တစ်ဦးနှင့်တစ်ဦးသံသယစိတ်ဖြင့် အကောင်း မမြင်နိုင်ကြပါ။ တစ်ဦးနှင့် တစ်ဦးချစ်ကြည်ရင်းနှီးမှုပျက်ပြားကာ သွေးကပြော သောစကားထက် ဘေးပြောသည်ကို ယုံခဲ့ကြပါ သည်။ ထို့အတွက်ကြောင့်လည်း ခေတ်ဟောင်းမှာတ၀ဲလည်လည်ဖြစ်ခဲ့ရသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ရ ပါသည်။
နိုင်ငံတစ်နိုင်ငံ၏ခေတ်ပြောင်းလျှင် စနစ်ပါလိုက်လံပြောင်းလဲတတ်သည် ကို တွေ့ရမည် ဖြစ်ပါ သည်။ ခေတ်ပြောင်းလဲလျှင် စနစ်ပါပြောင်းလဲမှဖြစ်ပါသည်။ ရှေးခေတ်က စနစ်များကို ယနေ့ခေတ်ထိ ဆက်လက် ကျင့်သုံးနေမည်ဆိုပါက အံမ၀င်ခွင်မကျနိုင်သည်များရှိနိုင်ပါသည်။ သို့သော် ယနေ့မြန်မာနိုင်ငံ သည် ဒီမိုကရေစီနိုင်ငံတော်သစ်ကိုတည်ထောင်ပြီဆိုကတည်းက ဒီမိုကရေစီနိုင်ငံ နှင့်လိုက်လျော ညီ ထွေဖြစ်ရလေ အောင်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို တစ်ဆင့်ချင်းတစ် ဆင့်ချင်းလုပ်ဆောင်နေပါပြီ။ သို့သော် ဒီမိုကရေစီ သည် ခရီးဆုံးပန်းတိုင် မဟုတ် လျှောက်လှမ်း ရမည့် ခရီးဖြစ်သည့်အတွက် ခုရေတွင်း တူး ခုရေကြည်သောက်၍ မရနိုင်ပါ။ ကူးပြောင်းခြင်းတွင် ကောင်းသည့်ဘက်ကို ကူးပြောင်းခြင်းဖြစ်လျှင် သင့်လျော်သော်လည်း ကူးပြောင်းရင်းနှင့်လမ်းကြောင်းလွဲမသွားဖို့ သတိထားရမှာဖြစ်ပါသည်။ လမ်း လျှောက်တတ်စကလေးငယ်တစ်လျှောက် လမ်းလျှောက်သလို စမ်းတ၀ါးဝါးဖြင့်လျှောက်လှမ်း ရင်း မတော်လဲသွားမှာစိုးရိမ်ရပါသေးသည်။ ဒီမိုကရေစီပန်းတိုင်ကို လျှောက်လှမ်းနေခြင်းမှာလည်း လမ်းလျှောက်တတ်စကလေးငယ်များကဲ့သို့ မလျှောက်တတ်ပါက ခြေချော်လဲမှာစိုး ထိတ်ရပါသေးသည်။ သို့အတွက်ကြောင့် မည်သည့်အလုပ်ကိုလုပ်ကိုင်စေကာမူ အထူး သတိထားဖို့လိုအပ်ပါသည်။
သို့သော်…. တစ်နေ့ တစ်လံ ပုဂံဘယ်ရွေ့မလဲဆိုသည့် ထုံးကိုနှလုံးမူကာ ကျွန်ုပ် တို့မြန်မာနိုင်ငံ သားချင်းချင်း ချစ်ကြည်ရင်းနှီးကာ အတူတကွပူးပေါင်းလက်တွဲကာ အတူတူချီ တက်သွားမည်ဆိုပါက ဒီမိုကရေစီပန်းတိုင်ကို မဝေးတော့သောတစ်နေ့မှာရောက်ရှိတော့မည်မှာမလွဲ ဧကန်အမှန်ပင်။ထိုပန်းတိုင် ကိုရောက်ဖို့ဆိုရာမှာလည်း တူညီသောရည်မှန်းချက်ရှိဖို့လိုအပ်ပါသေးသည်။
ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းလိုလိုသည် မိမိနိုင်ငံနှင့်လိုက်လျောညီထွေဖြစ်မည့်၊ ခေတ်စနစ်နှင့်လိုက်လျော ညီထွေဖြစ်မည့် စနစ်များရွေးကောက်ပွဲပုံစံများ ကို အဓိကထားကျင့်သုံးနေကြသည်ဖြစ်ရာ မြန်မာနိုင်ငံ အနေဖြင့်လည်း မိမိနိုင်ငံနှင့်လိုက်လျော ညီထွေဖြစ်မည့်ရွေးကောက်ပွဲစနစ်ကိုရွေးချယ် ကျင့်သုံးရမှာဖြစ်ပါ သည်။ ယခုအခါတွင် လွှတ်တော်ထဲ တွင် ရွေးကောက်ပွဲ စနစ်နှင့်ပတ်သက်ပြီး အငြင်းပွားနေကြသည် ကို တွေ့ရှိနေရပါ သည်။ မြန်မာနိုင်ငံသည် နိုင်ငံက သေးငယ်သလောက် လူဦးရေမှာ လည်းသန်း (၆၀)ကျော် သာ ရှိပါသည်။ သန်း(၆၀)ကျော်သောလူဦးရေတွင် ပါတီပေါင်းက (၆၀)နီးပါးမျှ ရှိနေသည်မှာ အခြားနိုင်ငံများနှင့်ကွာခြားချက် တစ်ရပ်ဖြစ်နေပါသည်။ ထို့အတွက် ကြောင့် ဒီမိုကရေစီစနစ်ကိုကျင့်သုံး သည့် အခြားနိုင်ငံများကိုလေ့လာ ရမှာမှန်သော်လည်း သူများနိုင်ငံများကဲ့သို့ ပုံတူကူးချ၍ ရနိုင်မည်မထင်ပါ။
မြန်မာ့နိုင်ငံရေးသမိုင်းတွင် လွတ်လပ်ရေးရပြီးသည့်နောက်တွင် ကျင်းပဖြစ်ခဲ့သော ရွေးကောက်ပွဲ များဖြစ်သည့်ပါလီမန် ဒီမိုကရေစီခေတ်ရွေးကောက်ပွဲ ၊လမ်းစဉ်ပါတီခေတ် ရွေးကောက်ပွဲ၊ ၁၉၉၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ၊၂၀၁၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ကြားဖြတ် ရွေးကောက်ပွဲများ တွင် FPTPစနစ်ကို တစိုက်မတ်မတ် မပြောင်းလဲပဲလိုက်နာကျင့်သုံး ခဲ့ပါသည်။
ယနေ့အချိန်အခါတွင်FPTPစနစ်အစား PRစနစ်ကိုရွေးချယ်ကျင့်သုံးသွားမည်ဟုဆိုသူကဆို သော် လည်း လက်မခံသည့်သူများကလည်းလက်မခံကြပါ။မိမိအနေဖြင့် အဟောင်းသံသရာထဲမှာ လည်နေမည့်အစား စနစ်တစ်ခုက စနစ်တစ်ခုကို အကောင်းဆုံးဖြစ်အောင်ပြောင်းလဲနိုင်လျှင် ကောင်းမည်ဟု မြင်မိပါသည်။ လူလုပ် သည့် အလုပ်မှန်သမျှ မည်သည့်အခါမှ Perfectမဖြစ်နိုင်ပါ။အကောင်းနှင့်အဆိုးသည် အမြဲဒွန်တွဲနေ မှာဖြစ်ပါ သည်။ကောင်းသည်ကများလျှင် အကောင်းဘက်သို့ ဦးတည်ပြီး ဆိုးသည်ကများလျှင် အဆိုး ဘက်သို့ဦးတည် သွားမှာဖြစ်ပါသည်။ ထို့အတွက် အားလုံးပူးပေါင်းဆောင်ရွက်မည်ဆိုလျှင် မည်သည့်စနစ်ပင်ကျင့်သုံးစေကာမူ ကောင်းမွန်သောအခြေအနေတစ်ခုဖန်တီးနိုင်မည်ဟုယုံကြည်ပါသည်။
ပြည်ထောင်စုကြီး၏ဖွဲ့စည်းတည်ဆောက်ပုံတိုင်းရင်းသားလူမျိုး၏ ပျံ့နှံ့တည်ရှိမှု၊ ဒေသ အလိုက်တည်ငြိမ်အေးချမ်းမှု၊ လူဦးရေအခြေအနေများကို ထည့်သွင်းစဉ်းစားကာ အဖြေရှာ ဆောင်ရွက်သင့်ပါသည်။ အကောင်းများလျှင်ဖြင့် များသည့်စနစ်ကို ကျင့်သုံးရမှာဖြစ်ပါသည်။
PRစနစ်ကို ရွေးချယ်ကျင့်သုံးမည်ဆိုပါက ပါတီငယ်များ နိုင်ငံရေးအင်အားစုများများစွာ ပေါ်ပေါက် လာ နိုင်သော ကြောင့် နိုင်ငံရေးအငြင်းအခုံနှင့်ပဋိပက္ခများ ပိုမိုများပြားလာပြီးနိုင်ငံရေး ညီညွတ်မှုနှင့် စည်းလုံးရေး ပျက်ပြားသွားနိုင်ကြောင်း ပြည်သူ့လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ်တစ်ဦး က ပြောကြား သွားသည်ကိုသိရပါသည်။ ထိုသို့ဆိုလျှင် ၄င်းအားနည်းချက်များကို အကောင်းဆုံးဖြစ်အောင် မည်ကဲ့သို့ ပြုပြင်ကြိုးပမ်းဆောင်ရွက်မှာလဲ စဉ်းစားရမှာဖြစ်ပါသည်။
PR စနစ်သည် (၁) နိုင်ငံရေးပါတီများဘက်ကကြည့်လျှင်ပါတီကြီးငယ်မ ဟူပြည်သူက ခွင့်ပြုသလောက် ကိုယ်စားပြုခွင့် ရှိသဖြင့်အခွင့်အရေးတန်းတူရခြင်း (၂) မဲဆန္ဒရှင်များဘက်ကကြည့် လျှင်သူတို့ ၏မဲများ အလဟဿမဖြစ်တော့ခြင်းစသောရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာတ ရားမျှတမှု (electoral justice) ကိုဆောင်ကျဉ်းပေးသည်။ ဤစနစ်တွင်မဲဆန္ဒရှင်များ သည် မိမိတို့ မဲထည့်သော ပါတီနှင့်အမတ်လောင်း သည်မိမိတို့ မဲဆန္ဒနယ်တွင်ရွေးချယ်မခံရသည့်တိုင်အချိုးကျစနစ်အရပါတီကစေလွှတ်ခွင့်ရ သောအမတ်အားဖြင့်ကိုယ်စားပြုခံရနိုင်သဖြင့် ရွေးကောက်ပွဲတွင်မည်သည့် အမတ်လောင်းကိုမဲထည့်ခဲ့ သည်ဖြစ်စေမဲပေးသူတိုင်း အတွက်ကိုယ်စားပြုပေးသူရှိနေသည်။ ဟူသည့်အားသာချက်များ ကိုလည်းတွေ့မြင်နေရသည်ဖြစ်ရာအားသာချက်များ၊အားနည်းချက်များကို အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်နိုင် မည်ဆိုပါလျှင် PRစနစ်ကျင့်သုံးလျှင်လည်း သင့်တော် မည်ဟု မြင်မိပါသည်။ စာရေးသူတို့အနေဖြင့် ၂၀၁၅ပါတီစုံအထွေ ထွေရွေးကောက်ပွဲကြီး တွင် နိုင်ငံသားတစ်ယောက် တာဝန်ကျေပွန်စွာ အသဲကြားက မဲတစ်ပြားနှင့် အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်မှာရပ်တည်နိုင်အောင် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်မည်ဟု ဆိုချင်ပါသည်။

Tuesday, July 29, 2014
သူသိပါစေ....
ချိုသာကြည်မြ သြရှရှနဲ့..
.နူးညံ့ချိုသာ ပြောဆိုလာသည့်
ချစ်သူ့အသံ..ကြားရုံမျှဖြင့်
ရင်ဝယ်ပီတိ ဂွမ်းဆီထိ
ရွှင်မြူးပျော်မိ နှိုင်းမသိ...။
ချစ်သူ့အသံမကြားရသော်
နှလုံးသားဝယ် မွန်းကြပ်လှောင်ပိတ်
တိတ်တိတ်ကလေးကြေကွဲမိ..။
ချစ်သူကိုယ်စား တန်ဖိုးထားတဲ့
အရုပ်ကလေး ပိုက်ကာထွေးရင်း
သန်းကောင်ကျော်လဲ အိပ်မပျော်ဘဲ
ချစ်သူကိုသာလွမ်းနေမိ....။
Monday, July 28, 2014
တို့ခေတ်တွင်မှာဖြင့်….ညံ့ရတော့မှာလား
နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်မှာရပ်တည်ဖို့ရာသည် ပထ၀ီအနေအထားသတ်သတ်မှတ်မှတ်ရှိရမည်။ အမြဲနေထိုင် သည့်လူဦးရေရှိရမည်။ အစိုးရအဖွဲ့ရှိရမည်။ အချုပ်အခြာအာဏာပိုင်စိုးနိုင် ရမည်။မြန်မာနိုင်ငံ သည် ယင်းအချက်များနှင့်ပြည့်စုံပါသည်။ သို့သော်လည်း မြန်မာနိုင်ငံကဲ့သို့သော သေးငယ် သည့် နိုင်ငံ ငယ်လေး၏ ပတ်ဝန်းကျင်တွင် အင်အားကြီးနိုင်ငံများဖြစ်သော တရုတ်နိုင်ငံ၊အိန္ဒိယနိုင်ငံ၊ဘင်္ဂလားဒေ့ရှ် နိုင်ငံ နှင့်ယိုးဒယား နိုင်ငံတို့က နယ်နိမိတ်ချင်းထိစပ်နေပါသည်။
မြန်မာလူမျိုးတို့သည် ရိုးသားသည်။ဖြူစင်သည်။ ကူညီရိုင်းပင်းတတ်သည်။ အေးချမ်းသာယာစွာနေလို ကြသည်။ ပြည်သူလူထု၏အဓိကလိုအင်ဆန္ဒမှာ တိုင်းပြည်အေးချမ်းသာယာပြီး မိမိစားဝတ်နေရေး အဆင်ပြေ ချောမွေ့နေရေးပင်ဖြစ်ပါသည်။ နိုင်ငံရေးသည် မိမိအရေးမဟုတ်ဟု သဘောထားကြသည်။ သို့သော်… မိမိ စားဝတ်နေရေးသည်လည်း နိုင်ငံ့အရေးပဲဆိုသည်ကို မြန်မာပြည်သူတိုင်းလိုလို မသိရှိကြပါ။ တိုင်းပြည်တစ်ပြည် တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေးတွင် ပြည်သူအများ၏စားဝတ်နေရေးသည်လည်း အဓိကကျပါသည်။
၈၈အရေးအခင်းကို ပြန်ကြည့်လျှင် ပြည်သူများ၏စားဝတ်နေရေးအကြပ်အတည်းဖြစ်ခြင်းသည်အခရာ ဖြစ်ပါ သည်။ ပြည်သူများစားဝတ်နေရေးအတွက်အမှန်တကယ်ရုန်းကန်လှုပ်ရှားကြရသည့်အချိန်၊စားဝတ်နေ ရေးကြပ် တည်းနေမှုကို အခွင့်ကောင်းယူကာကိုယ်ကျိုးရှာသမားများ၏တောင်မီးလောင်တောကြောင်လက်ခမောင်း ခတ် ခဲ့သည့်အတွက် တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်ဖြစ်ခဲ့ရပါသည်။ ပြည်သူအများကျီးလန့်စာစာ အစာစား ခဲ့ရသည့် အဖြစ်ဆိုးမျိုးနှင့်ကြုံဆုံခဲ့ရပါသည်။ ကိုလိုနီခေတ်သူ့ကျွန်ဘ၀ရောက်ခဲ့ရစဉ်က ကြုံတွေ့ ခဲ့ရ သည့် အခြေအနေနှင့် ၈၈ခုနှစ်အရေးအခင်းသည် မြန်မာပြည်ကြီးအတွက်အဆိုးဆုံးအနိဌာရုံဟုပင် ဆိုရမည်ဖြစ် ပါသည်။ ယင်းအချိန် အခါက မင်းမဲ့စရိုက်ဆန်ဆန် မြန်မာအချင်းချင်းလည်လှီး သတ်သည်များ ပင် တွေ့မြင်ရပြန် သဖြင့် သီးခံခြင်း၊ခွင့်လွှတ်ကြေအေးတတ်ခြင်း၊ လောဘဒေါသမောဟ များကင်းစင် တတ်ကြ သည့် မြန်မာတို့၏ စံနှုန်းများဘယ်ဆီဘယ်ဝယ်ရောက်ကုန်ပြီမသိပါလေတော့။
၈၈ခုနှစ်အရေးအခင်းကာလက ပြည်သူလူထု၏နယ်ပယ်ကိုကြည့်လျှင် လူတန်းစားအလွှာပေါင်းစုံနှင့် လူငယ်များ၏နယ်ပယ်အသီးသီးတွင် သူတစ်မျိုး ငါတစ်ဖုံ၊ဂိုဏ်းဂဏများမှိုလိုပေါက်ပြီး အမျိုးသားစည်းလုံးညီ ညွတ်ရေးပျက်ပြားခဲ့သည့်အနေအထားတွင်ရှိခဲ့ပါသည်။ တိုင်းချစ်ပြည်ချစ်မျိုးချစ်စိတ်ဓာတ်များလည်း ဆုတ် ယုတ်လျော့ပါးသွားပြီး မင်းမဲ့စရိုက်ဆန်သည့်အနေအထားမျိုးကိုဝမ်းနည်းဖွယ်ရာတွေ့မြင်ရပါသည်။
မြန်မာ့နိုင်ငံသည်ခေတ်အဆက်ဆက်ကိုဖြတ်ကျော်ခဲ့ရသည့်အတွက် ခေတ်အလိုက် အစိုးရ အမျိုးမျိုး ပေါ် ထွန်းခဲ့ပါသည်။ အစိုးရတိုင်းသည် မိမိနိုင်ငံနှင့်မိမိလူမျိုးအတွက် ထိုစဉ်ကရှိနေသည့် ပကတိအနေအထား အရ အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ခဲ့ကြမှာပါ။ သို့သော်လည်းပဲ မဟာဗျူဟာမည်မျှကောင်းစေကာမူ မဟာဗျူဟာကိုဖော်ဆောင်သည့်နည်းဗျူဟာများ၏ အားနည်းချို့ယွင်းချက်များကြောင့် ထင်သလောက် ခရီးမ ပေါက်နိုင်သည်များလည်းရှိကောင်းရှိခဲ့မှာဖြစ်ပါသည်။ သို့သော်လည်း မနေ့က ကိစ္စကို ဒီနေ့ယူမလာ ပါနှင့်တော့။ သူမကောင်းဘူး၊ ငါကောင်းတယ်ဆိုပြီး လက်ညှိုးထိုးဝေဖန်ပစ်တင်နေမည့် အစား ပြင်လို့မ ရတော့သော အတိတ် ကို မကောင်းပြောမနေတော့ဘဲ ဒီနေ့ကောင်းအောင်လုပ်ခြင်းသည် အနာဂတ် အတွက် လှပသာယာတဲ့ ပန်းခင်း ကြီးဖြစ်လာမှာအမှန်ပါ…။
အတိတ်ဆိုသည်မှာ ပြန်ပြင်လို့မရနိုင်သော်လည်း သင်ခန်းစာကောင်းတော့ရနိုင်ပါသည်။ အတိတ်က အားနည်းချက် အားသာချက်များကို သေချာဝေဖန်သုံးသပ်ကာ ယခုအခါတွင် အကောင်း ဆုံးဖြစ် အောင် လုပ် ဆောင်ပါက ပြည်သူလိုလားသည့် အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သည့်ဒီမိုကရေစီ နိုင်ငံတော်သစ် သည် မဝေးတော့သောတစ်နေ့မှာရောက်ရှိလာမှာအမှန်ပင်ဖြစ်ပါ သည်။ထို့ အတွက်ကြောင့် ပြည်သူ များအနေဖြင့် အရေးကြီးလျှင် သွေးနီးကြရမည်။ အရေးကြုံလျှင် သွေးဆုံကြရမှာဖြစ်ပါသည်။
ယနေ့နိုင်ငံတော်သည် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များနှင့်အတူ ဒီမိုကရေစီနိုင်ငံတော်သစ်ကို အရောက် လှမ်းနိုင်ဖို့ ကြိုးစားဆောင်ရွက်နေချိန်ဖြစ်ပါသည်။ နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အကျိုးကို လိုလားသူ များရှိ သကဲ့သို့ မိမိအကျိုးမိမိအတ္တကိုသာရှေ့တန်းတင်ပြီး ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုသည့်မူကို လက်ကိုင်ပြုကာ ဖျက်လိုဖျက်ဆီးလုပ်ဆောင်နေကြသူများလည်းရှိနေပါ သည်။မြန်မာနိုင်ငံသည် တိုင်းပြည် က သေးငယ်သလောက် လူမျိုးစုကများပြားလှပါသည်။ ထို့အပြင် တရုတ်၊ကုလားတို့ကလည်း မိမိနိုင်ငံ မှာအခြေချ နေထိုင်လာကြသည်များလည်းရှိပါသည်။ သူတစ်ပါးနိုင်ငံမှာလာရောက်နေထိုင်သည်ကို မပြော လိုသော်လည်း သူတစ်ပါးအိမ်တွင်းရေးကို ၀င်ရောက်စွက်ဖက်မည်ဆိုပါက လုံးဝလက်မခံသင့်ပါ။ ထိုသို့သောအခြေ အနေ အရပ်ရပ်ကြောင့် ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော်သမ္မတ၏ အရည်အချင်းများနှင့်ပတ် သက် ကာ ၅၉(စ)ထည့် သွင်းရေးဆွဲထားသည်မှာသင့်လျော်မှန်ကန်သည်ဟုမြင်မိ ပါသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတစ်နိုင်ငံကိုကွပ်ကဲအုပ်ချုပ်မည့်နိုင်ငံတော်သမ္မတ သည် နိုင်ငံတော် ၏ အကြီးဆုံး ပုဂိုလ်ဖြစ်သည့် အတွက် National Characterဟုခေါ်သော အမျိုးသားရေးစရိုက်လက္ခဏာရှိ သင့်ပါသည်။ အမျိုးသားရေးစရိုက် လက္ခဏာ မရှိဘဲနှင့် မိမိနိုင်ငံမိမိလူမျိုးကိုမည်ကဲ့သို့အုပ်ချုပ်၍ ရနိုင်မည် မဟုတ်ပါ။
၅၉(စ)သည် မည်သည့်အတွက်မပြင်သင့်သည်ကို ပြည်သူများက လွယ်ကူစွာသိနိုင်သော်လည်း ပုဒ်မ ၄၃၆ကို မည်သည့်အတွက်ကြောင့်ပြင်သင့်သည်/မပြင်သင့်သည်ကို ပြည်သူအများက စိတ်မ၀င်စားကြပါ ။၅၉(စ) ပြင်ခြင်းမပြင်ခြင်းသည် ပြည်သူများနှင့်တိုက်ရိုက်မသက်ဆိုင်ပါ။ သမ္မတလုပ်လိုသူနှင့်သာ တိုက်ရိုက်ဆက်နွယ်ပတ်သက် နေခြင်းဖြစ်ပါသည်။
အထက်ကပြောခဲ့သည့်အတိုင်းပင် ပြည်သူများသည် အေးချမ်းသာယာစွာနေလိုသည်။ စားဝတ်နေရေး ဖူလုံ လျှင် ကျေနပ်ကြပါသည်။ ထို့အတွက်ကြောင့် မည်သည့်ပါတီမှ ပြည်သူကိုခုတုံးမလုပ်ကြပါနှင့်။ မီဒီယာများစွာမှာ တွေ့ နေမြင်နေကြားနေရသည်မှာ ပြည်သူသည် ပုဒ်မ၄၃၆ကို ပြင်ဆင်ဖို့လက်မှတ်ရေး ထိုး နေကြပြီဟု မိမိအကျိုးစီးပွားအတွက် ပြည်သူကိုခုတုံးလုပ်နေကြသည်မှာ စိတ်မချမ်းမြေ့ဖွယ်တွေ့မြင်နေ ရပါ သည်။
ပြုပြင်ပြောင်းလဲခြင်းသည် ကောင်းပါသည်။ အတိတ်ပစ္စုပန်အနာဂတ်အတွက်အကောင်း ဆုံးဖြစ် အောင်ပြုပြင်ပြောင်း လဲလျှင် ပိုမိုကောင်းမွန်မှာမှန်သော်လည်း ကိုယ့်အကျိုး ကိုယ့်အတ္တအတွက် တစ်ခုတည်း အတွက် ပြည်သူကိုခုတုံးမလုပ်စေချင်ပါ။
မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူ(၅)ချက်ဖြင့် နိုင်ငံတကာနှင့်ဆက်ဆံရာတွင် မိတ်ဝတ် မပျက်အေးချမ်းစွာဆက်ဆံသည်။ကမ္ဘာ့နိုင်ငံအသီးသီးအသိအမှတ်ပြုထားသည့် အချုပ်အခြာ အာဏာ ပိုင်နိုင်ငံအင်္ဂါရပ်များနှင့်စံချိန်စံညွှန်းပြည့်မှီသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အတိတ်သမိုင်းကြောင်း ကို ပြန်ပြောင်း ကြည့်လျှင်လည်း ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် တင့်တယ်ဝင့်ထယ်စွာနေ လာခဲ့ကြ သည့် သမိုင်းမှတ် တိုင်စိုက်ထူနိုင်သည့်မြင့်မြတ်တဲ့လူမျိုးဖြစ်သည်။ ထိုကဲ့သို့သောစံနှုန်းများဖြင့် တင့်တယ် ၀င့် ထယ်သည့်နိုင်ငံ တစ် နိုင်ငံဖြစ်ပါလျက်ကယ်နှင့်ကျွန်ုပ်တို့လက်ထက်မှာညံ့ကြရတော့မှာလား။ ဒီမိုကရေစီစနစ်ကိုဖော်ဆောင်နေသည့် ယနေ့လိုအချိန်အခါကောင်းများတွင် မိမိတိုင်းပြည်မိမိလူမျိုးအတွက် အကောင်းဆုံးမှတ်ကျောက်တင်နိုင်အောင် ၊ အတိတ်သမိုင်းမရိုင်းရလေအောင် ကျွန်ုပ်တို့ကြိုးစားကြ ရမှာဖြစ်ပါသည်။
ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)
Monday, July 21, 2014
ဝါဆိုလ ပဉ္စင်းတော်ခံသောခါ….
တစ်ဆယ့်နှစ်လရာသီတွင် လေးလမြောက်သောလတွင် ရဟန်းတော်များဝါဆိုဝါ ကပ်ပြုသော လဖြစ် သောကြောင့် ၀ါဆိုလဟုခေါ်ဆိုခြင်းဖြစ်ပါသည်။ ၀ါဆိုလတွင် ကရကဋ် ရာသီဖြစ်ပြီး ပြုဗ္ဗာသဠ်နက္ခတ်စန်းယှဉ် သည်။ ရာသီပန်းအနေဖြင့် ပုန်းညက်ပန်းပွင့်ပါသည်။
“ကိုးခွင်ငယ်မှိုင်းပါလို့၊ မြင်တိုင်းမှာတဲ့ မဲညို၊ လဲ့လဲ့ငယ်စို၊ ယုဂန္ဓုရ် တောင်မဟာက ပြုဗ္ဗာသဠ်ထွန်းတဲ့ လကိုလေး။ ဆင်တာရာငယ်၊ ရာသီကရကဋ် နရိန္ဒာလဲ၊ ညာတောင်နတ်နှင့် ဖိုလ်မြတ်ကယ် နိဗ္ဗူ၊ အောင်ဆုယူ လို့၊ ရှစ်ဖြူရိပ်စံ၊ပဉ္စင်းတော်ခံသောခါ၊ ရေလျှံတဲ့ ၀ါဆိုမှာ၊ ပုန်းညက်ညို၊ မာလာမင်းက ၊သင်းလှတယ်လေး…” ဟု မဟာအတုလမင်းကြီးက ၀ါဆိုလဘွဲ့ကို ထိုသို့ရေးဖွဲ့ထားပါသည်။
ရဟန်းတို့ ၀ါဆိုဝါကပ်ရာတွင် ပုရိမ၀ါကပ်ခြင်းနှင့် ပစ္ဆိမ၀ါကပ်ခြင်းဟူကာ ၀ါဆိုဝါကပ်ခြင်းနှစ်မျိုးရှိ ပါသည်။ထိုဝါကပ်ခြင်းနှစ်မျိုးတွင် ၀ါဆိုလသည် ပဓာနဖြစ်ကာ အကြောင်းအားလျော်စွာ ၀ါဆိုလတွင် ၀ါမကပ် နိုင်ပါက ၀ါခေါင်လမှာ ပစ္ဆိမ၀ါကို ခွင့်ပြုခြင်းဖြစ်ပါသည်။
ဝါဆို-၀ါခေါင်နှစ်လသည် ၀ဿနဥတုမည်၏။ ဤ၀ဿနဥတု၌ စိုစွတ်၏။ ပူတုံအေးတုံရှိ၏။ အိုက်၏။ ကောင်းကင်၌ မိုးတိမ်မပြတ်ရှိ၏။ အနောက်ကလေကျတတ်၏။ နတ်သမီးကွမ်းသွေးစသော ပိုးမှက်ခြင်ဖားအစရှိသည် တို့ပေါ များကုန်၏။ ထိမ် မအူ လက်ထုတ် ဆပ်သွား မြတ်လေး ပုန်းညက်စသော ပန်းတို့သည် ပွင့်ကုန် ၏။ မြစ်ရေတို့သည် ပြည့်လျှံကုန်၏။ ရေအိုင် ရေကန် စသည်တို့ ၌ ကြာဖြူ ကြာညိုတို့သည် ပွင့်ကြကုန် ၏။ မြေအပြင်၌ မိုးရေဖြင့် မထင်ရှားသော ကုန်းကြည်းရှိကုန်၏။ စပါးပင်တို့ဖြင့် တင့်တ်ာကုန်၏” ဟု ဥတုဘောဇနကျမ်းတွင် ရေးဖွဲ့ထားသည်ကို တွေ့ရပါသည်။
ရှေးအခါက မြန်မာမင်းများသည် ၀ါဆိုလပြည့်နေ့တွင် ပဉ္စင်းတော်ခံပွဲဆင်ယင်ကျင်းပခဲ့သောကြောင့် ပါဆိုလကို ပဉ္စင်းတော်ခံသောလဟုခေါ်တွင်ခဲ့ခြင်းဖြစ်ပါသည်။ ပဉ္စင်းဟူသည် ပဉ္စအင်္ဂဟူသော ပါဠိကို မြန်မာလို ခေါ်ဆိုခြင်းဖြစ်ရာ ပဉ္စဟူသည်မှာ အင်္ဂါငါးပါးကို ဆိုလိုသည်။ လူတစ်ယောက်သည် ပဉ္စင်းဖြစ်မြောက်ရန်အတွက် အင်္ဂါငါးပါးနှင့် ပြည့်စုံမှသာ ရဟန်းဖြစ်နိုင်ပါသည်။
ပဉ္စင်း၏အင်္ဂါငါးပါးမှာ
၁။ ၀တ္ထုသမ္ပတ္တိ =ရဟန်းလောင်း၏ပြည့်စုံခြင်း၊ ထိုသူသည် နပုန်းပဏ္ဍုတ်၊အမေသတ်ခြင်း၊ အဖေ သတ်ခြင်းအစရှိသည်မှ ကင်းကာ အသက်နှစ်ဆယ်ရှိရမည်ဟု ဆိုလိုသည်။
၂။ ဥတ္တိသမ္ပတ္တိ = ဉတ်ထားခြင်း၏ပြည့်စုံခြင်း၊ ဉတ်ကမ္မ၀ါမှာ ရဟန်းလောင်းကို မသုံးသပ်ခြင်း၊ သံ ဃာကို မသုံးသပ်ခြင်း အစရှိသော အပြစ်များရှိ၏။ ဤအပြစ်များမှ ကင်းစင်ခြင်းပင် ဉတ်ထားခြင်း၏ ပြည့်စုံ ခြင်း မည်၏။
၃။ အနုဿသမ္ပတ္တိ = ကမ္မ၀ါ ရွတ်ဖတ်မှုပြည့်စုံခြင်း။
၎။ သီမသမ္ပတိ = သိမ်၏ပြည့်စုံခြင်း။
၅။ ပရိသ သမ္ပတိ = ပရိသတ်၏ပြည့်စုံခြင်း။
ရဟန်းလောင်းသည် ၄င်းအင်္ဂါငါးပါးနှင့်ပြည့်စုံမှသာ ရဟန်းအဖြစ်သို့ရောက်တော်မူသည်။
ရှေးအခါက ၀ါဆိုလပြည့်နေ့တွင် ပဉ္စင်းတော်ခံပွဲကျင်းပခဲ့သော်လည်း ယနေ့ခေတ်တွင် ပဉ္စင်းတော်ခံ ပွဲသာမက ဓမ္မစကြာအခါတော်နေ့ဟုလည်း သတ်မှတ်ကြပါသေးသည်။ အဘယ့်ကြောင့်ဆိုသော် သိဒ္ဓတ္တမင်းသားသည် ဥရုဝေလ တော နေရဉ္စရာမြစ်ကမ်းပါးအနီးဗောဓိ ပင်ရင်းတွင် ကဆုန်လပြည့်နေ့တွင် သဗညုတ ဥာဏ်ကိုရရှိပြီး ဘုရားအဖြစ်သို့ရောက်ရှိတော်မူခဲ့ပါသည်။ ၀ါဆိုလပြည့်နေ့သို့ရောက်သောအခါ ပဉ္စ၀ဂီငါးဦးကို ဓမ္မစကြာတရားဒေသနာဟောကြားတော်မူ ခဲ့သောကြောင့် ဖြစ်ပါသည်။
ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)
ဗိုလ်ချုပ်ကို တကယ်ချစ်ကြပါရဲ့လား……?

ကျွန်မမှာ အမှတ်တရများစွာရှိပါသည်။ ပျော်ရွှင်ကြည်နူးရသည့်အမှတ်တရများကိုလည်း တန်ဖိုးထား သကဲ့ သို့ ၀မ်းနည်းမှုများကိုလည်း အမှတ်တရတန်ဖိုးထားပါသည်။ အမှတ်တရတန်းဖိုးထားရသည်များထဲတွင် အာဇာနည်နေ့လည်းအပါအ၀င်ဖြစ်ပါသည် ။ ကျွန်မတို့ငယ်စဉ်အခါက အာဇာနည်နေ့တိုင်း ကျောင်းမှာ ရှိသည့် အာဇာနည်ကျောက်တိုင်ကိုအလေးပြုကြရသည်။ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် များကို အလေးပြုဆိုတဲ့ အသံကိုကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် အလေးပြုရင်း ကျွန်မ မျက်ရည်က ကြွေကျ မြေခခဲ့ရပါသည် ။ဗိုလ်ချုပ်နှင့်တကွ အာဇာနည်အားလုံးကို မမြင်ဖူးခဲ့ပါ။ သို့သော်… ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ ကျဆုံးလေသောအာဇာနည်များအားလုံးသည် တိုင်းပြည်အတွက် အသက်ပေးခဲ့ ရသော လှေလှော်ရင်းတက်ကျိုးခဲ့ရသည့်အတွက် မိသားစုနှင့်ထပ်တူထပ်မျှ ၀မ်းနည်းကြေ ကွဲသောကြောင့် ကျရ သည့်မျက်ရည်များပင်ဖြစ်ပါသည်။….မျက်ရည်များကြားမှပင် ဆရာဇော်ဂျီရေးဖွဲ့ခဲ့သည့် “ ….သခင် အောင်ဆန်း၊ ပြည်သူ့ပန်းသည်၊ ပွင့်လန်းခါစ၊ ကြွေလိုက်ရ၏။ မြေခ သတင်း၊ မိုးကြိုးခွင်းသို့၊ အိမ်တွင်းအိမ်ပြင်၊တို့လမ်းခွင်၌၊မချင့်မရဲ၊ ၀မ်းနည်းခံခက်၊ မျက်စိမျက်နှာ၊ ညှိုးကြရှာသည်။ ရွာဦးပါမှ၊ သင်္ချိုင်းထိ..” ကဗျာကို သတိရလိုက်မိပါသည်။ ကဗျာလေးကိုခံစားရင်းမျက်ရည်ဝဲမိသလို မျက်ရည်ဝဲရင်း ဒီကဗျာလေး၏ အတိမ်အနက်ကိုသတိထားမိပါသည်။ ဗိုလ်ချုပ်ကို မည်မျှအလေးထားကြောင်းပေါ်လွင်စေ သည့် ကဗျာလေးလည်းဖြစ်ပါသည်။
သို့အတွက်ကြောင့် ဗိုလ်ချုပ်နှင့်တကွ အာဇာနည်များအားလုံးအသက်ပေးပြီးရယူခဲ့ရသည့် မြန်မာ့ လွတ်လပ်ရေးကိုကျွန်မတို့လူငယ်ထုက အသက်ပေးပြီးကာကွယ်မှသာ ဗိုလ်ချုပ်နှင့်တကွ အာဇာနည်များ၏ အသက်ပေးဆပ်ရမှုနှင့် ထိုက်တန်မည်ဟု ငယ်စဉ်ကတည်းက တွေးခဲ့ဘူးပါသည်။ မိမိကိုယ်တိုင်ရော မိမိပတ်ဝန်းကျင်ကိုရော အမြဲမေးခဲ့ဘူးသည့်စကားတစ်ခွန်းရှိပါသည်။ ဗိုလ်ချုပ်ကိုတကယ် ချစ်ကြပါရဲ့ လားလို့.. ဗိုလ်ချုပ်ကိုတကယ်ချစ်မချစ်ဆိုလျှင် မိမိတို့လုပ်ရပ်များက သက်သေပြနေမည်မှာမလွဲပါ။
ဗိုလ်ချုပ်သည် တိုင်းတစ်ပါးသား ကုလားဖြူများကို မြန်မာ့မြေပေါ်မှ အပြီးတိုင်မောင်းထုတ်နိုင်ခဲ့ပါ သည်။ လွတ်လပ်ရေး၏အနှစ်သာရကို ဗိုလ်ချုပ်မခံစားခဲ့ရပါ။ သို့သော်..ကျွန်မတို့တစ်တွေခံစားနေကြရပါပြီ။ အသက် ပေးကာအရယူခဲ့လေသောမြန်မာ့လွတ်လပ်ရေးသည် ယနေ့ခေတ် ယနေ့ကာလ တွင်မျှအချည်းအနှီးဖြစ်ကြရ တော့မှာလား။
မည်သည့်ခေတ် မည်သည့်ကာလမဆို ကိုယ်ကျိုးရှာသမားများကရှိနေမှာအမှန်ပါ။ တိုင်းတစ်ပါးသားက လာရောက်ကျွန်ပြုခဲ့ပါသော်လည်း အသားထဲကလောက်ကောင်များမပါပါက နှစ်ပေါင်း၁၀၀ကျော်ကြာမျှ ကျွန် သက်ရှည်မည်မဟုတ်ပါ။ မျိုးချစ်စိတ်ရှိသူများက တစ်ဖက် အသားထဲကလောက်ကောင်များက တစ်ဖက်နှင့် အ ချင်းချင်းအားပြိုင်မှုများကြောင့်သာ ကျွန်သက်ရှည်ခဲ့ရခြင်းဖြစ်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းလို မိမိအကျိုးထက်နိုင်ငံတော့်အကျိုးကိုကြည့်သည့် သူရဲကောင်းများစွာပေါ်ပေါက် လာခဲ့သောကြောင့်သာ မြန်မာပြည်သည် ၁၉၄၈ခုနှစ် ဇန်န၀ါရီလ၄ရက်နေ့မှာသူတစ်ပါးလက်အောက်မှ လွတ်မြောက်ကာ အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ်သို့ရောက်ရှိခဲ့ရပါသည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည် ခေါင်းဆောင်ကြီးများသည် လွတ်လပ်ရေး၏ အရသာကိုပင် မခံစားလိုက်ရဘဲ ၁၉၄၇ခုနှစ် ဇူလိုင် လ(၁၉)ရက်နေ့တွင်ပင် ကျဆုံးခဲ့ရရှာလေ သည်။ လှေလှော်ရင်း တက်ကျိုးခဲ့ရသည့် အာဇာနည် သူရဲကောင်းများအား မိသားစုအတွက် သာမက နိုင်ငံတော် အတွက် ဆုံးရှုံးမှုကြီး တစ်ရပ်ဖြစ်ခဲ့ရပါသည်။
ဗိုလ်ချုပ်အောင်ဆန်းသည်တိုင်းတစ်ပါးသားကျူးကျော်သူနယ်ချဲ့မိစ္ဆာများကို အသက်ပေးပြီး တိုက် ထုတ်ခဲ့သည့် သမိုင်းသည် မေ့ပျောက်လို့မရပါ။ သမိုင်းစာမျက်နှာကိုကျော်လွန်လို့လည်းမရနိုင်ပါ။ သမိုင်းသည် မေ့ပျောက်ရန်မဟုတ်။သိမ်းထားရန်လည်းမဟုတ်ပြန်ပါ။ သမိုင်း သည် နောက် လာနောက် သားတို့အတုယူ လေးစားတန်ဖိုးထားရမည့်အရာများဖြစ်သလို သမိုင်းကပေးသည့် သင်ခန်းစာ များကိုလည်း မှတ်သားလိုက်နာရ မှာဖြစ်ပါသည်။
ကျွန်ုပ်တို့မြန်မာပြည်သူပြည်သားများအားလုံး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင် ကြီးများကိုချစ်မြတ်နိုးတန်ဖိုးထားကြသည်။ နှစ်ပေါင်း (၆၇)နှစ်တိုင်သော် လည်း သေသော သာကြာ လျှင် မေ့ဆိုရိုးစကားရှိသော်လည်း နှစ်လရာသီအလီလီပြောင်းပေမယ့် အာဇာနည်နေ့ကိုဖြင့် မမေ့သင့်ပါသလေဆိုတဲ့ အတိုင်း ရင်ထဲအသဲထဲမှာမမေ့နိုင်ကြ။ မမေ့နိုင်သောကြောင့်မမေ့ သင့်သောကြောင့် မမေ့ကြတာ အမှန်ပါ။ သို့ သော်လည်း ဗိုလ်ချုပ်ကိုချစ်နေရုံဖြင့်မပြီး လွမ်းဆွတ်တမ်းတနေ ရုံဖြင့်မပြီးသေးပါ။ ဗိုလ်ချုပ်ကို တကယ်ချစ်လျှင် ဖြင့် နိုင်ငံသားတိုင်း ဗိုလ်ချုပ်လမ်းစဉ် ကို လက်ခံကျင့်သုံးသင့် ပါ သည်။
ဗိုလ်ချုပ်သည် လက်နက်အားကိုးဖြင့် ကျူးကျော်စော်ကားခဲ့သည့် တိုင်းတစ်ပါးသားမျက်နှာဖြူများကို မုန်းတီး သည်။ မိမိနိုင်ငံရဲ့အချုပ်အခြာအာဏာကို မြတ်နိုးတန်ဖိုးထားသည်။ မိမိနိုင်ငံကိုချစ်မြတ်နိုး သည်။ မွေခံ ထိုက်စေဆိုသည့်စကားအတိုင်း ကျွန်ုပ်တို့မြန်မာနိုင်ငံသားများအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်ကြီး များကိုအမှန် တကယ် ချစ်မြတ်နိုးလျှင်ဖြင့် ဗိုလ်ချုပ်လမ်းစဉ် အတိုင်း မိမိတိုင်းပြည်နှင့်မိမိလူမျိုးအပေါ်သစ္စာစောင့်သိပြီး မိမိနိုင်ငံကိုကာကွယ်ရုံမှတပါး အခြားမရှိပါ။
ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)
Subscribe to:
Posts (Atom)