Tuesday, April 11, 2017

``မိဘမဲ့သားသမီးနှင့် သားသမီးမဲ့မိဘ´´

ထမင်းကလည်းဆာလိုက်တာနော်။ဒီနေ့တစ်နေသာကုန်သွားတယ်၊အပေါက် အလမ်း မ တည့်ချက် ကတော့ပြောကို မပြေချင်တော့ဘူး။

မနက်ဝေလီဝေလင်းအတည်းက အိမ်ကနေမြို့ထဲကို ထွက်လာခဲ့တာ၊ အမေ့အိမ်က ဆိပ်သာကွန်းထောက်မြို့သစ်မှာလေ။မြို့သစ်နဲ့မြို့ထဲကအဝေးသား။ ညောင်လှလိုင်းကားစီးရင်နှစ်ရာသုံးရာ၊ အမေ့မှာ ဘယ်ပေးနိုင်မလိမ့်မတုံး။ ဒီတော့ ကိုယ့်ခြေထောက်ကိုကိုယ်အားကိုး၊ကိုယ့်အရိုးကိုယ်သယ်ရင်းခပ်ဖြည်းဖြည်းလျှောက် လာရတာပေါ့။

ရွှေဘုံသာရောက်တော့ ဘိုးဘွားရိပ်သာကို ၀င်လိုက်တယ်။ရိပ်သာရဲ့စားဖိုးဆောင် ၀င်ပြီး ကြက်သွန်နွှာတာတို့၊ ဟင်းရွက်သင်တာတို့ ကူညီလုပ်ကိုင်ပေးရင်း ခဏနား ရင်းပေါ့။ပြီးတော့စားစရာလေးလည်းစားလို့ရငြား မျှော်လင့်တကြီးနဲ့ပေါ့လေ။ ဟိုယောင်ယောင် ဒီယောင်ယောင် ကူညီ လုပ်ကိုင် ပေးရင်း ထမင်းချိုးလေး ဆီစမ်း ထားတာ ကောက်ဝါးလိုက်တယ်။ တစ်ချိုးတစ်ဖဲ့ထဲရယ်ပါ အမေ့အနေနဲ့က များများစားစားလည်းစားနိုင်တာမှ မဟုတ်တာ။ ဒါတောင်သူအိုကြီးမက မျက် စောင်းထိုးကြည့်တာခံလိုက်ရသေးတယ်။ ဒီအဆောင်မှာတော့ သူကခေါင်လေ။ သူကြည်ဖြူသဒ္ဓါမှ အမေတို့လို ကူညီတဲ့သူတွေက ရဲရဲဝံ့ဝံ့စားရဲတာပါ။ အခုဟာက အဖိုးအဖွားတွေကို ကျွေးဖို့မသင့် လို့စွန့်ပစ်မဲ့အထဲက ထမင်းချိုးလေးဝါးမိတာများ အပင်းလျှိုရတာထက် ဆိုးသေးသတော့။ ဘာပဲ ပြောပြော ဒီထမင်းချိုးလေး တစ်ကိုက်တစ်ဖဲ့ကတင် မြို့ထဲသွားဖို့ အားအင်တော့အဖြစ်သား။

တနုံ့နုံ့လျှောက်လာတာ ဟော...အမှတ်(၁)ရှေ့တောင်ရောက်လာပကော။ ဒီကျောင်းကအ မေတို့နေခဲ့တဲ့ ကျောင်းလေး။ ကျောင်းကြီးက အစစအရာရာဖွံ့ဖြိုးတိုးတက်နေတာဆိုတော့ အမေ တို့ငယ်ငယ်က ပုံရိပ်တွေပျောက်ကုန်ပြီပေါ့။ ဒါပေမဲ့အမေတို့လို ကျောင်းသားကျောင်းသူဟောင်း တွေရဲ့ ရင်ထဲနှလုံးထဲမှာတော့ စွဲထင်နေတာတွေ ပြည့်လျှံနေမယ်ထင်ပါရဲ့။ ကျောင်းရှေ့ရောက်မှ တော့ ထိုင်နေကျ ကွပ်ပျစ်ကလေးမှာထိုင်ဦးမှ၊ အဲဒီကွပ်ပျစ်ကလေးက ဘစံဆိုင်ရဲ့ ရှေ့မှာရှိတာ လေ။ အမေမို့ထိုင်လိုက်ပြီဆို ဦးတင်မောင်က ကွမ်းယာတစ်ယာအမြဲတမ်း ကျွေးနေကျ။ ကွပ်ပျစ် မှာအမောပြေထိုင်ရင်းကျောင်းကြီးဘက်ကြည့်မိသေးတယ်။ အမေတို့တုန်းကတော့ တမာဆောင် ပေါ့။ ခု.....မရှိတော့ပါဘူး။ တမာဆောင်မှာက ကိုးတန်းတွေကိုထားတာ၊ ကိုးတန်း တန်းခွဲတွေ ဘယ်လောက်များသလဲဆိုရင် အေ ကနေ ကေ အထိရှိခဲ့ဖူးတယ်။ ဆရာမနိုင် ကေ အယ်လ် အိုင် လို့တောင်စားချိုးရှိခဲ့သေးတာပေါ့။ ကျောင်းသားအရွယ် ငယ်ဘ၀မို့ ဆိုးခဲ့ တေခဲ့ ပေခဲ့ အဲ့ဒီကျောင်းသားတွေဟာ ခုဆိုရင် မြို့မျက်နှာဖုံးကြီးတွေ ဖြစ်ကြလို့။ မြို့ရေး နယ်ရေးမှာဦး ဆောင်သူတွေဖြစ်ကြလို့။ တမာဆောင်ရဲ့ ရှေ့မှာ ကျောင်းသားသမဂ္ဂက စိုက်ထူးပေးခဲ့တဲ့ အလံ တိုင်ရှိခဲ့ဖူးတယ်။ ပြည်ထောင်စုအလံတော်ကို အလေးပြုပြီးရင် ဆရာကြီးဦးကြည်စိန်က ဆုံးမစ ကားပြောနေကျ။ ပြီးတော့အမှတ်ရတာရှိသေးတယ်။ ကျောင်းကောင်စီရွေးကြတော့ မုန်း (ရေနံ့သာ)ဆိုတဲ့ ကဗျာဆရာပေါက်စ မောင်မောင်ကို အမေတို့မဲပေးလိုက်ကြတာ ကျောင်း ကောင်စီအတွင်းရေးမှူးကို ဖြစ်သွားရော။ကျောင်းကောင်စီကတိသစ္စာခံယူပွဲလုပ်တော့ ဖိုးဆိတ်ဆို တဲ့ ကျောင်းသားလေးက ဆိုင်းဝိုင်းကြီးတီး၊ အမေတို့ကျောင်းသားကျောင်းသူတွေက ကျောင်း ကောင်စီသီချင်း သံပြိုင်ဆို၊ တယ်ပျော်စရာကောင်းတာကိုး။ ဘာတဲ့....ကျွန်ုပ်တို့သည် မြန်မာ နိုင်ငံနဲ့ တိုင်းရင်းသားလုပ်သားပြည်သူအပေါ် သစ္စာရှိရမည် ဆိုလို့ကောင်းချက်ကတော့ မကျန် ဘူး။

ဦးတင်မောင် ယာပေးလိုက်တဲ့ ကွမ်းလေးတစ်မြုံ့မြုံ့နဲ့ စည်ပင်ယာထဲက ဖြတ်လျှောက်လာ ခဲ့တာ၊ ဖွဲပုံလမ်းဆင်းက အုတ်လှေကားအတက်ကို တောင်ရောက်လာခဲ့တယ်။ အမေက မြို့မ တောင်တွင်းကြီး မင်းစုကို သွားမှာလေ။ အဲ့ဒီမှာအမေ့သူငယ်ချင်း မခင်သွယ်ဆိုတာရှိတယ်။ တ ရွေ့ရွေ့နဲ့လျှောက်သာလာရတယ်၊ မခင်သွယ်နဲ့တွေ့ပါ့တွေ့ပါ့မလားလို့စိတ်ကမောမိသေး။ သူက လူမှုရေးများတဲ့သူလေ။ သာရေးနာရေးရှိလို့ကတော့ မိတ်ဆွေသင်္ဂဟတွေနဲ့ အချိန်ပြည့်သွားနေ တတ်တာ။ တွေ့မှာပါလေ။ လူမှုရေးကိစ္စဆိုတာအမြဲတမ်းပေါ်နေတာမှတ်လို့်။ အခုလဲသူပဲ တရရ မှာထားတာပဲ၊ ရှိမှာပေါ့လို့ အားတင်းလာမိပါတယ်။ သူတို့တိုက်ရှေ့ရောက်တော့ ရွှေရင်ကို ဆို့ သွားတာပဲ။ တိုက်တံခါးကြီးက သော့ခတ်လို့။ ဘေးအိမ်ကိုမေးကြည့်တော့ တစ်နေ့က အထွန့်တ လူးဖြစ်လို့ ညတွင်းချင်းဆေးရုံးတင်လိုက်ရသတဲ့။ပြောတဲ့သူက လိုလိုလားလားပြေပြေ ပြစ်ပြစ် ပြောတာလဲမဟုတ်၊ အမေကလဲ နားစွန်နားဖျားအကြားနဲ့တင် ဆေးရုံကြီးကို တန်းပြေးခဲ့တာပေါ့။ ကိုယ့်သူငယ်ချင်းလဲဖြစ် ကိုယ်ကျေးဇူးရှင်လဲဖြစ်တဲ့သူဆိုတော့ ကူညီစောင့်ရှောက်မယ်ဆိုတဲ့ စေ တနာနဲ့ပါ။ ဆေးရုံကြီးရောက်တော့ ဟိုမေးသည်မေးနဲ့ ဆေးရုံးအခန်းတွေသာနှံ့သွားတယ်။ မခင်သွယ်ကို ဘယ်မှာတွေ့လို့တုန်း။ ဒီလိုနဲ့တွင်းကြီးမင်းစုထဲ တစ်ခေါက်ပြန်လာပြီး သေချာ အောင်မေးတော့မှ ရန်ကုန်ဆေးရုံမှာတင်လိုက်ရတာဆိုဘဲ။ ရန်ကုန် ထိတော့ အမေဘယ်လို လိုက် နိုင်မလဲနော်... ဟုတ်ဘူးလား။

မခင်သွယ်ဆိုလို့ ပြောရဦးမယ်။ သူနဲ့အမေနဲ့က ကျောင်းနေဖက်သူငယ်ချင်း၊ငယ်ငယ်က တည်းက နှစ်အိမ်တစ်အိမ်နေလာကြတဲ့ မွေးချင်းထက်တောင်ရင်းတဲ့သူငယ်ချင်းအစစ်တွေ။ ဟို တုန်ုးကအကြောင်းတွေကိုတော့ တယ်ပြီးမပြောချင်လှပါဘူး။ ပြောရင်းပြောရင်းနဲ့ အဟောင်း တွေ အသစ်ဖြစ်လွန်းလို့။

ရှင်လောင်းလှည့်တုနုးက ရွှေထီးဆောင်းရတာကိုပဲ စားမြုံ့ပြန်နေတယ်လို့ မေးငေါ့တတ်ကြ တတ်သူတွေကလည်း အရှိသားကလား။ဘယ်လိုပဲမေးငေါ့ကြပါစေ၊ ခံရဲပါရဲ့။ ဒါပေမဲ့ ပြောရင်းပြော ရင်းနဲ့ အဟောင်းကနေအသစ်ဖြစ်လာတဲ့ အကြောင်းတွေက လည်ပင်းအတင်းညှစ်လိုက်သလို ခံစားရလွန်းလို့ တော်တော်တန်တန်ဆို မေ့ပျောက်ထားချင်မိတော့တယ်။

ဆိုပါဆို့... မခင်သွယ်တို့က ဘိုးစဉ်ဘောင်ဆက်ကို ချမ်းသာလာကြတာ ကျိကျိတက်။ ဆယ်သက်မက ဆယ်ကမ္ဘာတိုင် စားလို့မကုန်ဘူးလို့ပြောရမယ်။ မျိုးရိုးကြတော့လဲ တွင်းရိုးတွင်း စားမျိုးနဲ့ စလင်းသူကောင်းမျိုး မောင်နှံစုံပွားစည်းပြီး ဆင်းသက်လာတဲ့အမျိုးတွေလေ။စပ်မိလို့ပြော ရအုန်းမယ်။ အမေမကြွားပါဘူး။ကြွားလဲမကြွားတတ်ပါဘူး။

အမေနဲ့မခင်သွယ်ငယ်ငယ်တုန်းက ဇယ်ခုတ်တမ်း ကစားခဲ့ဖူးတယ်။ ဇယ်ခုတ်တမ်းကစား တာပဲ ဘာထူးလို့လဲလို့တော့ မမေးလိုက်နဲ့။ အမေတို့ကစားတဲ့ ဇယ်တွေက စိန်တွေ၊ စိန်ဆိုမှ တကယ်စိန်အစစ်တွေ။ မခင်သွယ်တို့ ချမ်းသာလိုက်ပုံများ စိန်ကိုပြည်တောင်းနဲ့ ချင်ရလောက် အောင်ကို ချမ်းသာတာကိုး။ စိန်တွေကို တောင်ဆုပ်လောက်ရှိတဲ့ ကျွန်းသေတ္တာလေးထဲမှာထည့် ပြီး ခုတင်အောက်မှာ ဒီအတိုင်းထားတာ။ ခုနေပြောလို့ကတော့ ယုံချင်စရာတောင်ရှိမယ်မထင် ဘူး။

တစ်နေ့တော့ခင်သွယ်နဲ့ အမေအိပ်ခန်းထဲဝင်ပြီးကစားကြတယ်။ အိပ်ခန်းက မခင်သွယ့် ဘွားအေကြီးရဲ့ အိပ်ခန်းပေါ့။ကြံကြံဖန်ဖန်တော်တော် ခုပြောရင် ခုမြင်ယောင်သေးတယ်။ မခင်သွယ်ပေါ့၊ ခုတင်အောက်ဝင် ကျွန်းသေတ္တာဖွင့် စိန်တွေကို လက်ခုပ်နဲ့ကြုံးယူ ကော်ဇောပေါ် သွန်ချပြီးတော့ ``လာဟေ့...သူငယ်ချင်း..တို့ဇယ်ခုပ်ရအောင်´´ ဆိုပြီးတော့ တစ်ယောက်တစ်လဲ ဇယ်ခုပ်နေလိုက်ကြတာ ဘာပြောကောင်းမလဲ။ သူ့ဘွားအေကြီးရောက်လာပြီးခါးထောက်ကြည့် နေတာတောင်နှစ်ယောက်စလုံးမသိကြဘူးလေ။ ဘွားအေကြီးကိုမြင်တော့အမေလေးတော်တော် ကြောက်သွားတယ်။ ရိုက်မလားဟဲ့၊ နှက်မလားဟဲ့၊ ဆူမလားဟဲ့ပေါ့လေ။ ဒီမှာတင်ဘွားအေကြီးက တဟားဟားရယ်ပြီး ``စိန်ကို ဇယ်လုပ် တကယ်ခုပ်ကစားတာ ငါ့မြေးဟေ့´´ လို့ပြောလည်းပြော ရင်းမခင်သွယ်ကို ဖက်ဖက်နမ်းလိုက်တာလေ မပြောပါနဲ့တော့။ အဲဒီနောက်လဲ အိမ်ကို ဧည့်သည် လာတိုင်းကြွားလိုက်ရတဲ့ မခင်သွယ်အကြောင်း၊ ``စိန်ကို ဇယ်လုပ်တကယ်ခုပ်တဲ့မြေး´´တဲ့လေ။

ဒါက မခင်သွယ်ငယ်အတိတ်တစ်စိတ်တစ်ပိုင်းရယ်ပါ။ ဆင်ပိန်တော့ကျွဲ၊ ကျွဲပိုင်တော့ ဆိတ် ၊ဆိတ်ပိုင်တော့ကြွက်လောက်ဆိုပေမဲ့ မခင်သွယ်အခြေအနေက တောင့်တင်းပါသေးတယ်။ လက် ရှိသူနေတဲ့တိုက်ကြီးအပြင် လခနဲ့ငှားထားတဲ့တိုက်တွေကတင် လေးငါးလုံး။ မြေထောက်ခရတဲ့အ ကွက်တွေကတင် ငါးကွက် ခြောက်ကွက်။ အဲဒီအငှားခတွေနဲ့တင် စားချင်တာစား၊ သုံးချင် တာသုံး လို့ရတာအပြင် အလှူရေစက်လက်နဲ့မကွာအောင် နေနိုင်တဲ့မခင်သွယ်ပါနော်။ ဘယ်လောက်များ အတိတ်ကံအကြောင်းကောင်းခဲ့သလဲလို့။

ဒါပေမဲ့လောကဓံတရားဆိုတာ တယ်ကြောက်ဖို့ကောင်းတာကိုး။ သူ့မှာမိသားစုဝင်မဆို ထားနဲ့ ဆွေရင်းမျိုးခြာတစ်ယောက်မှမရှိတော့တာပဲ။ နဂိုကမှ မွေးချင်းနည်းရတဲ့အထဲ ရှိတဲ့သူတွေ ကသက်ဆိုးမရှည်ကြ။အိမ်ထောင်သားမွေးအရွယ်ရောက်ပြန်တော့လဲ မျိုးရိုးကြည့်ရ ၊ကြွယ်ဝမှု တိုင်းတာရ၊ ဂုဏ်ရည်တူရှာရနဲ့လင်စံအရွေးကောင်းခဲ့တာ လင်ခွေးနဲ့မညားဘဲ အပျိုကြီးဖြစ်နေတာ မခင်သွယ်ကံကောင်းတယ်လို့ တစ်ဘက်လှည့်ပြီး ပြောရင်တော့ရသား။ခုတော့သူသေရင် ပစ္စည်း တွေဘယ်နှယ်လုပ်မှာတုန်း။ ဘယ်သူဆက်ခံမှာတုန်းလို့တွေးနေသလား။ မတွေးနဲ့ မတွေးနဲ့။ သူပိုင် ဆိုင်သမျှတိုက်တာခြံမြေမှန်သမျှကို စတုပစ္စယရိုးမဆွမ်းလောင်းအသင်းကြီးကို လှူပြီးသား။ ရှေ့ နေရှေ့ရပ် စာချုပ်စာတမ်းနဲ့ကို လက်မှတ်ထိုးပြီး လှူထားတာ။ ဒီလောက် စည်းစနစ်ကြီးတဲ့ မခင်သွယ်ပါနော်။

အမေက သူ့ဆီတစ်ပတ်တစ်ခါ ရောက်ဖြစ်တယ်။ သူ့ဝေယျာဝစ္စလေးတွေကူလုပ်၊ ဇာတ် ကြောဆွဲ၊ ခြေသလုံးလေးနှိပ်၊ ဈေးသွားပြီး သူလိုချင်တာတွေဝယ်ခြမ်းပေး။ အကြောင်းပေါင်း သင့် တာလေးတွေပြော။ သူကျွေးတာစား၊ သူ့စကားနားထောင်၊ တစ်နေကုန်နေပြီးမှ အိမ်ပြန်။ အိမ်ပြန် တော့မယ်ဆိုရင် မတွန့်မတိုပေးလိုက်ပါလိမ့်မယ်။ ငါးရာမျိုး၊ တစ်ထောင်မျိုး။ စားစရာသောက်စရာ ကအိတ်တစ်လုံး။ နောက်အပတ်လည်း လာခဲ့ဦးနော်။ ညည်းနဲ့စကားပြောရတာ စိတ်ချမ်းသာ လိုက်တာအေ ... လို့တ တတမှာတတ်တဲ့ မိန်းမ။ ခုတော့ရန်ကုန်ဆေးရုံးမှာတဲ့။ ငါ့သူငယ်ချင်း သူ တော်ကောင်းမကြီး ကျန်းမာပါစေတော်။ စွဲကပ်နေတဲ့ဝေဒနာ ပိန်းကြာဖက်တွင်ရေမတင်လျှော ကျ ကွာကျသလို ပျောက်ကင်းပါစေတော်။

မခင်သွယ်မှ မရှိတော့ဘူးဆိုတော့ စလင်းတန်းကိုကျော်၊ ရွှေစေတီကျောင်းကို ဖြတ်ပြီး အ မေ့ခြေလှမ်းတွေကို သဘာဝရိပ်သာဘက် လှည့်လိုက်ရတော့တယ်။ရိပ်သာမှာက စာဝါတတ်နေ တဲ့ သီလရှင်ကလေးတွေရှိတယ်။ ဆရာလေးတို့တစ်နယ်တစ်ကျေးကလာပြီး ပထမပြန်စာမေးပွဲ ဖြေဖို့ ကြိုးစားနေကြတာ။ဆရာလေးတို့ဆီသွားရင်လည်း ထမင်းတစ်တပ်တော့ မငတ်ပါဘူးလေဆို တဲ့ မျှော်လင့်ချက်ကလေးနဲ့အားခဲလာရတာ။ ထမင်းတစ်နပ်လို့်သာဆိုရတာပါလေ။ အမေစားတာ ကြောင်စာလောက်ရှိတာ ဆိုတော့ ဆရာလေးတို့ မှာ အပမ်းကြီးတာမှ မဟုတ်တာ။ အမေကလည်း ဆရာလေးတို့ စေတနာရှိအောင် တတ်အားသမျှလုပ်ပေးနေကြပါ။ အ၀တ်လျှော်ပေးတာမျိုး၊ ဖင် ပေါ့ပေါ့နဲ့ မငြင်းတမ်းလုပ်ပေးတာဆိုတော့ ဆရာလေးတို့က အမေ့ကိုမျှော်နေကျ။ ဆရာလေးတို့ ဆီမှာနေ့စာတော့ အ၀စားရတတ်ပါရဲ့။ ခက်တာက ညစာ။ အိမ်အပြန်ညစာ အတွက်ကခက် တယ်။ မခင်သွယ်နဲ့မတွေ့ရတာ နာလိုက်တာ။ သူနဲ့တွေလို့ကတော့ ဘာပူစရာရှိတုန်ုး။ ခုတော့ပူ နေရပြီ။

ရိပ်သာက ထွက်တော့ ညနေတော်တော်စောင်းနေပြီ။ ထင်လဲမထင်ပါဘူး။မျှော်လဲ မမျှော် လင့်ပါဘူး။ ဒါပေမဲ့ ဘာလေးရရမနည်းပါဘူးလေ ဆိုတဲ့အတွေးနဲ့ ဆုံတိုက်ထဲ က ချွေးမကြီးအိမ် ၀င်ခဲ့မိတယ်။ ရေနစ်တဲ့သူအတွက် ကောက်ရိုးတစ်မျှင်ကလည်း အားတစ်အားလို့ ထင်တာလဲပါ တာပေါ့လေ။ ``သြော်...အမေပါလား´´ ဆိုတဲ့ဆီးကြိုလိုက်တဲ့ အာမေဋိတ်သံမှာကိုက ပျူငှာမှုမ ပါတာသေချာတယ်။ စိမ်းကားရက်နိုင်ပါပေ့။ အမေ့ကို ဒီဘ၀ရောက်အောင် သူကိုယ်တိုင်ဇာတ် ညွှန်းရေး၊ သူကိုယ်တိုင်ဒါရိုက်တာလုပ်၊ သူကိုယ်တိုင်ဇာတ်ပို့ လုပ်ခဲ့တာလေ။

အဟောင်းတွေအသစ်ဖြစ်ရင်ရင်နာလွန်းလို့ မပြောတော့ဘူးလို့နေတာ။ အကြောင်းပေါင်း သင့်လို့ ပြောရဦးမယ်ကွဲ့။ အမေဆိုတာဟာဈေးနားနီးနီး တိုက်ကြီးကြီးနဲ့ နေလာတဲ့မိန်းမ။မြို့ လယ်ကောင်မှာ ချက်မြှုပ်တဲ့မြို့သူ စစ်စစ်။ မိဘဘိုးဘွားက ပွဲစား ကုန်သယ်၊ လင်သားကလည်း ပွဲ စား ကုန်သယ် ၊သစ္စာရှိရှိ ကတိ တည်တည် နာမည်တစ်လုံးနဲ့နေလာခဲ့ကြ တာပါ။ အမေ့ ခင်ပွန်း ဆုံးပါးသွားတော့လည်း ကိုယ်ကတိုက်အပေါ်ကနေ၊ တိုက်အောက်ထပ်ကို အခန်းဖွဲ့ပြီးဆိုင်ခန်းငှား စား၊ မိသားစုအိနြေ္ဒမပျက်ခဲ့ပါဘူး။ ဈေးထဲမှာနေ့ပြန်တိုးပေး၊ ရွှေအပေါင်ခံဆို တော့ အဖမဲ့သားနှစ် ယောက်ကို မုဆိုးမဘ၀နဲ့ ကျားကန်နိုင်ခဲ့တာ ကြွားတာမဟုတ်ပါဘူးနော်။

ဒီလိုနဲ့သားအကြီးက အိမ်ထောင်ကျရော။ မိန်းမနောက်ကောက်ကောက်ပါအောင် လိုက် သွားလိုက်တာ မအေဆီပြန်စောင်းခတ်ဖော်တောင်မရဘူး။ လာမဲ့လာတော့ မျိုးဥပြုတ်စားမဲ့ကိန်းနဲ့ ပြန်လာတယ်။ ``ရန်ကုန်မှာ အလုပ်အကိုင်အခွင့်အလမ်း ကောင်းတယ်၊ အရင်းအနှီးရှိဖို့ပဲ လို တယ်၊ အမေ့တိုက်ကို ရောင်းလိုက်ရင် နှစ်တိုတိုလေးအတွင်း လေးငါးဆယ်ဆကြီးပွားနိုင်တယ်။ ဘာရယ် ညာရယ်´´ မက်လုံးပေးပြီး တစ်သက်လုံး နေလာခဲ့တဲ့တိုက်ကို ဇွတ်ရောင်းခိုင်းတယ်လေ ချွေးမအလိမ္မာကလည်း ``အမေနားတော့၊ အမေ့ကို သမီးတို့ တစ်လှည့်လုပ်ကျွေးမယ် အမေတို့ နေဖို့လည်း မြို့သစ်မှာ ၀ိုင်းဝယ်ပြီးအိမ်ဆောက်ပေးမယ်´´ ဆိုပြီးအတင်းနားချတာကိုး။ ဒီလိုနဲ့ တိုက်ရောင်းပြီး သူတို့လက်ပုံအပ်ခဲ့တယ်။ဈေးနားနီးနီးတိုက်ကြီးနဲ့ နေလာခဲ့တဲ့မိန်းမ။ မြို့စွန်မြို့ ဖျားအခုမှ တည်တဲ့မြို့သစ်မှာ ၀ိုင်းကလေးကျဉ်းခလုပ်၊ နေဖြစ်ရုံအိမ်ကလေးနဲ့ အရိပ်အာဝါသမဲ့ နေ ရတဲ့ဘ၀ကို ရောက်ရော။

အစပိုင်းတော့ ဟုတ်ဟုတ်ဟတ်ဟတ်ပါပဲ။ အမေ့ကို ထောက်ပံ့နေတာက တစ်ကယ့်ကို မြိုး မြိုးမြက်မြက်ပါ။ ဒါပေမဲ့ ဘာကြာတာမှတ်တုန်း။ အခါတောက်လည်မယ် မထင်ဘူး။ လူလိမ်ဘဲခံရ သလိုလို လုပ်ငန်းဘဲပျက်သလိုလို ဘာမှရေရေရာရာမရှိပါဘူး။ရှိသမျှစည်းစိမ် ပြုတ်ပြုတ်ပြုန်းပြုန်း ပါလေရော။ ဒီလိုနဲ့ ချွေးမကပြန်လာ။ သူ့မိဘဆီပြန်နေ သားကြီးနိုင်ငံခြားအလုပ်သွားလုပ်ဆိုလား စုပ်စုပ်ကို မြုပ်ပါလေရော။

ခုလဲကြည့်လေ....။သူတို့ပရောဂကြောင့်အိုကြီးအိုမနဲ့ ဒုက္ခရောက်နေတဲ့အမေကို ပေးရနိုးနိုး ကမ်းရနိုးနိုးထင်ပြီး အိမ်းထဲဝင်သွားလိုက်တာ ဘယ်ထွက်လာတော့တုန်း။ မယ်မင်းကြီးမ ကျန်းမာ ပါစေ၊ ချမ်းသာပါစေ။ သူများလိုဒုက္ခမရောက်ပါစေနဲ့လို့ အမေဆုတောင်းလိုက်ပါရဲ့။

ဟော...အချိန်တောင် အတောင်လင့်နေပြီး။ ကြုံတုန်းတစ်လက်စာထဲ မြေးလေးတွေဆီဝင် ဦးမှ။ မြေးလေးတွေဆိုတာ သားပငယ်ကမွေးတာလေ။ ဖတဆိုးလေးတွေပေါ့။ သားအငယ်က တ ကယ်တော့သူတော်ကောင်းလေးပါ။ သူ့ခမျာ အရက်ကလေး စွတ်ကဲ့ စွတ်ကဲ့ သောက်တတ် တာ၊ ဖဲကလေးအပျင်းပြေဆော့ချင်တာက လွဲရင်တကယ်သူတော်ကောင်းလေးပါ။ စိတ်နှလုံးကောင်းက လဲ ဘာရှိသလဲမမေးနဲ့၊ တိုက်ရောင်းရသမျှအားလုံးကို အစ်ကိုတစ်ယောက်တည်း မောင်ပိုင်စီး သွားတာကိုတောင် နာရကောင်းမသိ၊ တောင်းရကောင်းမှန်းမသိတဲ့ နှလုံးဖြူအူစင်းလေးပါ။ သူ တော်များသက်ဆိုးမရှည်တတ်ဘူးလားမသိပါဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားတာ ခုပြောရင် ခုမျက်ရည်စို့ပါရဲ့။

သားလေးရဲ့မိန်းကလေးက သားကြီးမိန်းမလို ဆွေကြီးမျိုးကြီး ဘိုးကြီးဘွားကြီးထဲကမဟုတ် ပါဘူး။လေးအိမ်ကုန်းထဲက သာမန်ကုန်စိမ်းသည်ကလေးပါ။ကလေးကလေးက တိုက်ရှေ့မှာလာ ပြီး ဈေးရောင်းတော့လူငယ်သဘာဝ ဖူးစာမျှတယ်ပဲ လွယ်လွယ်ပြောပါတော့။ သူတို့အိမ်ထောင် ကျတော့ အမေလည်း မြို့သစ်ရောက်တာသုံးနှစ် ကျော်ရောလား မပြောတတ်ပါဘူး။ ရှိတဲ့ရွှေတိုရွှေ စလေးနဲ့ ငွေတစ်သောင်းဘဲလက်ဖွဲ့နိုင်တယ်။ ကလေးမလေးက တော်ရှာပါတယ်။ ကျစ်ကျစ်လစ် လစ်နဲ့ဖိဖိစီးစီးကို အိမ်ထောင်ကို ဦးဆောင်သွားတာ။ သားငယ်ကတော့ သိတဲ့အတိုင်း လပ်လျား လပ်လျားနဲ့ သောက်သောက်စားစားပေါ့။ အဲ့ဒီအသောက်ကဘဲ နှိပ်စက်သွားတာ ငယ်ငယ်ရွယ် ရွယ်နဲ့ အသက်ကို ပျောက်ရော။

``ဘွားဘွားလာတယ်...ဘွားဘွားလာတယ်´´နဲ့ မြေးကလေးတွေ့ရဲ့အော်သံကို ကြားရ တော့ အမေတော်တော်စိတ်ချမ်းမြေ့ရတယ်။ ချွေးမလေးကလည်း``အမေ ထမင်းစားပြီးမှ ပြန် နော်။ အမေဘာဟင်းနဲ့စားချင်သလဲ။ဆိုင်ကို ပြေးဝယ်မယ်။ မိုးချုပ်နေပါပြီး။ ဒီတစ်ညတော့ ဒီမှာ အိပ်နော်´´ ဖက်လဲတကင်း ပျာပျာသလဲရှိတော့ အမေ့မှာ ၀မ်းသာအားရရှိလိုက်တာ။

ဒါပေမဲ့ သားသမီးလေးယောက်ကို ကုန်စိမ်းရောင်းကျွေးနေရတဲ့ မုဆိုးမလေးရဲ့ ထမင်းကို အမေမြိုရက်ပါမလား။ ဇွတ်တားနေတဲ့ကြားက အမေပြန်လာခဲ့မိတယ်။ ရေနံမြေအလုပ်သမားကြိုပို့ ကားရှိတာနဲ့ အတော်ပဲ။ အိမ်ကို နေမ၀င်ခင်ရောက်ခဲ့သပေါ့။

တာလမ်းနဲ့အိမ်ကလှမ်းတော့ နည်းနည်းလျှောက်ရသေးတယ်။ အိမ်ရောက်တော့မောလှပြီ။ ခြေကုန်လက်ပမ်းကျတယ်ဆိုတာ ဒါမျိုးထင်ပါရဲ့။ ရေတစ်ပေါက်သောက်လိုက်မဟဲ့ဆိုပြီး ရေခပ် လိုက်ပါတယ်။ရေခွက်နဲ့အိုးဖင်ခြေ ထိသံသာထွက်လာတယ်။ ဘယ်မှာရေရှိလို့တုန်း။ မရှိဆိုရေ ၀ယ်ဖို့ပိုက်ဆံက မရှိလို့လေ။ မောကလဲမော စိတ်ကလဲအိုက်နဲ့ ခြေပစ်လက်ပစ်ထိုင်ချ လိုက်ပါ တယ်။ လား...လား...အိမ်ရှေ့မှာ ကလေးသုံးယောက်။ စုတ်စုတ်ပြတ်ပြတ် ညစ်ညစ်ထေးထေး ကလေးတွေ။ ကောင်လေးက ဆယ်နှစ်လောက်၊ ကောင်မ လေးကရှစ်နှစ်လောက်၊ ကောင်လေး လား ကောင်းမလေးလားမသိရတဲ့ အငယ်တစ်ယောက်ကို ခါး ထစ်ခွင်ချီလို့။ လက်ထဲမှာလည်း ကြွပ်ကြွပ်အိတ် မွဲမွဲလေးကိုင်လို့။ ကောင်လေးကသနားစရာ ဘာပြောတယ်မှတ်သလဲ။

``သနားပါအမေကြီးရယ်၊ သားတို့မှာအဖေလည်းမရှိတော့ပါဘူး။ အမေလည်းမရှိတော့ပါ ဘူး။ ကျွေးမဲ့ပေးမဲ့သူလည်းမရှိပါဘူး။ ထမင်းမစားရတာကြာလှပါပြီဗျာ။အမေကြီးပေးမှစားရမှာမို့ ထမင်းကျန်ဟင်းကျန်းလေးများရှိရင် သနားပါအမေကြီးရယ်´´

အမေဖြင့်သနားလိုက်တာ။ မြေချင်းလည်းကိုယ်ချင်းစာမိပါရဲ့။ဒါပေမယ့်...

``အင်း....အလေးတို့ မိဘမဲ့။ အမေကြီးက သားသမီးမဲ့။ကလေးတို့လည်းထမင်းမစားရ သေးဘူး။ အမေကြီးလည်းထမင်းမစားရသေးဘူး။ ကလေးတို့လည်းဆာတာပဲ၊ အမေကြီးလည်း ဆာတာပဲ။ ကလေးတို့ကိုတော့ သနားပါရဲ့။ ခုတော့ကိုယ့်ကိုကိုယ်ပဲ သနားပါရစေဦး ကလေးတို့ ရေ့....´´

ဒီစကားတွေကို နှုတ်ဖျားကမထွက်ပဲ အမေ့ရင်ထဲမှာ ပြန်ငုပ်လျှိုးသွားတယ်....။


No comments:

Post a Comment