လတန်ခူးပေမို့၊ အလှထူးပါဘိ၊
မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ။
တကယ်တမ်းသာဖြင့်၊
ဘယ်ပန်းသော် စံမတူဘု။
နန္ဒာမူ ဖန်ကူထိပ်မှာလ၊
ပစ္စေကာ ချွေးတော်သိပ်ရတယ်။
အေးရိပ်ဆာယာ။
တစ်နှစ်တွင် သည်တစ်လပေပ၊
တစ်လတွင် တစ်ရက်ထဲ။
ခက်ခဲတဲ့ရက်ဗုဒါ၊
ပွင့်ရှာကြ စုံမြိုင်တွင်း။
မြူမင်းလွင်ထန်
ကြူသင်း တာချိန်ယံမတော့။
ရွှေဝတ်ဆံ ငုံတံညှောက်ကယ်နှင့်။
ခါသင်္ကြန် ဂိမှာန်ရောက်ပြန်တော့၊
သိန်သရေ ထိန်ဝေလို့ တောက်တဲ့ပြင်။
လမ်းတစ်လျှောက်သင်းပါဘိ၊
ဆန်းသလောက်မလင်းနိုင်ဘု
ပန်းပိတောက်မင်း။
စာဆိုဦးကြော့ရေးဖွဲ့ထားသည့် ၄င်းကဗျာလေးသည် ရာသီအလီလီပြောင်း ခေတ်တွေစနစ် တွေပြောင်းသွား သော်လည်း မည်သည့်အခါမျှ ရိုးမသွားပါ။ တန်ခူးလမှာ ပွင့်သောပန်းများတကာတို့ထက် ပိတောက်ပန်း သည် သင်္ကြန်နှင့် ပဏာတင့်လို့နေပါသည်။
သင်္ကြန်ကျသည်ဆိုသည်မှာ နှစ်ဟောင်းမှနှစ်သစ်သို့ကူးပြောင်းသောလ အတာကူးသောလဟု ဆိုကြပါသည်။ မြန်မာ့ရိုးရာအယူအဆအရ “ကမ္ဘာဦးကာလတွင်သိကြားမင်းနှင့်အာသီအမည်ရှိသော ဗြဟ္မာမင်းတို့ သည် ဗေဒင်ဆိုင်ရာ ပြသနာတစ်ရပ်နှင့်အငြင်းပွားကြရာ လူ့ပြည်မှဗေဒင်ပညာရှင် က၀ါ လမိုင်းဆရာကြီးထံ အဆုံးအဖြတ်ခံယူရန်သဘောတူညီကြပြီး နိုင်သူက ရှုံးသူ၏ဦးခေါင်းကို ဖြတ်ရန် ကတိပြုကြ သည်။က၀ါလမိုင်းဆရာကြီးက သိကြားမင်းအယူအဆမှန်ကန်ကြောင်းဆုံးဖြတ်သည်။ သိကြား မင်းက ဗြဟ္မာကြီး ဦးခေါင်းကိုမဖြတ်လိုသော်လည်း ကတိပြုခဲ့သည့်အတိုင်း ဗြဟ္မာမင်းက အဓိဌာန်ဖြင့် မိမိ ဦးခေါင်းကိုပြတ်စေ သည်။ပြတ်သွားသည့် ဗြဟ္မာဦးခေါင်းကို သမုဒ္ဒရာသို့ပစ်ချပါက ရေများခန်းခြောက သွား မည်။ မြေပြင်သို့ ပစ်ချပါက မီးဟုန်းဟုန်းတောက်သည်။လေထုအတွင်းပစ်ချပါက မိုးလေ၀သပျက်ယွင်း မည်။သို့ဖြစ်ရ်ျ သိ ကြားမင်းသည်နတ်သမီးခုနစ်ဖော်အား အလှည့်ကျပွေ့ချီထားစေသည်။ နတ်သမီးတစ်ဦး လက်မှတစ်ဦးလက်သို့ ပွေ့ချီပြောင်းရွှေ့ပေးသောကာလကို လူတို့သက်တမ်းအားဖြင့် တစ်နှစ်ပြည့် မြောက် သောအချိန်နှင့်ညီမျှသောကြောင့် သက္ကရာဇ်ဦးခေါင်းပြောင်းသည်ဟုခေါ်ဝေါ်ကာသင်္ကြန်ပွဲများကျင်းပ ကြသည်ဟု ဆိုပါသည်။
အတာသင်္ကြန်ပွဲတော်ကို ပုဂံခေတ်မှသည် ယနေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းပသကဲ့သို့ သင်္ကြန် နှင့်ပိတောက်သည်လည်း ခွဲလို့မရပါ။သင်္ကြန်နားနီးလျှင်ဖြင့် “တန်ခူးမည်မှတ်၊ဖက်ဆွတ်ရေတိုး သင်္ကြန်မိုး”ဟူသည့်အ တိုင်း သင်္ကြန်နားနီးလျှင်ဖြင့် မိုးတစ်ကြိမ်၊နှစ်ကြိမ်ရွာသွန်းတတ်ကာ သင်္ကြန်လက်ဆေးမိုး၊ သင်္ကြန်မိုးဟု ခေါ်ဆိုကြပြီး ၄င်းမိုးနှင့်အတူ ပိတောက်ပန်းများလည်းဖူး ပွင့်ကြပါသည်။