Wednesday, August 6, 2014
အရွယ်
လောကနီတိကျမ်းက အရွယ်ကိုသုံးပိုင်းပိုင်းသည်။
ပထမအရွယ် ပညာရှာရမည်။
ဒုတိယအရွယ် ဥစ္စာရှာရမည်။
တတိယအရွယ် တရားရှာရမည် ဆိုထားပါသည်။စာပေကျမ်းဂန်များတွင်အရွယ်ကို(၁၀)ပိုင်းအထိ      ပိုင်းပြထား၏။
၁။ မန္ဒအရွယ်(အသက်ဆယ်နှစ်ထိအရွယ်)-           ပညာနုံ့နှေးသောအရွယ်။
၂။ ခိဋအရွယ်( အသက် ၁၁နှစ်မှ ၂၀ထိ) -              စိတ်ပျံ့လွင့်သောအရွယ်။
၃။ ၀ဏ္ဏအရွယ်(အသက်၂၀မှ၃၀ထိ)-                 အဆင်းလှပသောအရွယ်။
၎။ ဗလအရွယ်(အသက်၃၁မှ၄၀အတွင်း) -          ပညာဥာဏ်ကောင်းသောအရွယ်။
၅။ ပညာအရွယ်(အသက်၄၁မှ၅၀အတွင်း )-        အားကောင်းသောအရွယ်။
၆။ ဟာယနအရွယ်(အသက်၅၁မှ၆၀အတွင်း )-     အားအင်ဆုတ်ယုတ်သောအရွယ်။
၇။ ပဘာရအရွယ်(အသက် ၆၁မှ၇၀အတွင်း)-      လေးလံထိုင်းမှိုင်းသောအရွယ်။
၈။ ကုဋိလအရွယ်(သက်၇၁မှ၈၀အတွင်း)-          ကိုင်းညွတ်သောအရွယ်။
၉။ မုဠအရွယ်(အသက်၈၁မှ၉၀အတွင်း)-            တွေဝေမေ့မောသောအရွယ်။
၁၀။ အနုဌာသေယအရွယ်(အသက်၉၁မှ၁၀၀အထိ)- မထသောအိပ်ခြင်းဖြင့်နေတတ်သောအရွယ်။
(ဇာတကပါဠိ၊ပ၊၃၁၃။အဌကထာ၊စ၊၃၉၇။သုသေတနသရုပ်ပြအဘိဓာန်)
Tuesday, August 5, 2014
တောင့်တသောဆု
- ကိုယ့်ဘ၀ရဲ့တစ်ကြိမ်တစ်ခါမှာတော့
အမြဲတမ်းရှင်သန်နေတဲ့အချစ် 
ဖြူစင်တဲ့အချစ် 
အေးချမ်းတဲ့အချစ် 
စစ်မှန်တဲ့အချစ် နဲ့ဆုံတွေ့ပါရစေ။
-ကိုယ့်ဘ၀ရဲ့တစ်ကြိမ်တစ်ခါမှာတော့ 
လှပတဲ့ချစ်ခြင်းတွေနဲ့အတူ 
စိတ်ကူးယဉ်ကမ္ဘာလေးထဲမှာ 
နှစ်ယောက်ထဲနေပါရစေ။
-ကိုယ်တို့တွေနေထိုင်ရာ ကမ္ဘာမြေကြီးဟာ 
လှပတဲ့ချစ်ခြင်းတွေနဲ့ 
တည်ဆောက်ထားတဲ့ကမ္ဘာကြီးမို့ 
ချစ်သူရေ… 
ကမ္ဘာကြီးပိုမိုလှပသွားအောင် 
ကိုယ့်ကိုကူညီပေးပါလားကွာ..။
တွဲထားတဲ့လက်
မင်းရဲ့လက်ကိုဆွဲကိုင်ထားတဲ့ တဒင်္ဂအတွင်းမှာပဲ
မင်းကိုသိပ်ချစ်သွားမိမှန်း ငါသိလိုက်ရပါတယ်။ 
မင်းရဲ့အထိအတွေ့တွေဟာ 
ငါ့အဖို့တော့ ချိုမြိန်ပါတယ်။ 
မင်းကိုငါသိပ်ချစ်တာပဲလို့ 
မင်းအတွေးထဲကရောမင်းနှုတ်ခမ်းကရောပြောတာကြားချင်ပါတယ်။ 
အချိန်တိုင်းမင်းရဲ့အကြောင်းတွေကိုပဲ ငါတွေးနေမိပါတယ်။ 
မင်းရဲ့အချစ်တွေနဲ့ ငါ့နှလုံးသားကိုချည်နှောင်ထားပါ 
မင်းငါရဲ့အနားကထွက်မသွားပါနဲ့ကွာ။
ဝါခေါင်လ စာရေးတံမဲပွဲ
         မြန်မာနိုင်ငံတွင် နှစ်တစ်နှစ်မှာ နွေမိုးဆောင်းဟူ ၍ ဥတုသုံးလီရှိသကဲ့သို့ လအားဖြင့်လည်း (၁၂)လ ရှိ ပါသည်။ (၁၂)လရာသီပတ်လုံး လတိုင်းလတိုင်းမှာပွဲတော်များလည်းရှိကြပါသည်။ ယခုကာလသည် ၀ါခေါင် လဖြစ်သဖြင့် ၀ါခေါင်လတွင်လည်း စာရေးတံမဲပွဲရှိပါသည်။ ၀ါဆိုဝါခေါင်ရေဖောင်ဖောင်ဟူသည့် စကား အတိုင်း ၀ါခေါင်လတွင် ကောင်းကင်တစ်ခွင်မှ မိုးသားတိမ်လိပ်တို့သည် မိုးအဖြစ်အသွင်ပြောင်းလဲ ကာ သဲသဲမဲမဲရွာသွန်း သဖြင့် မြစ်ချောင်းများတွင် ရေများပြည့်လျှံနေသည့်ကာလ လည်းဖြစ်ပါ သည်။ဝါခေါင် လတွင်သစ်ပင်ပန်းမာလ်များလည်းအစွမ်းကုန်ဖူးပွင့်ကြပြန်ပါသည်။လယ်တောတွင်လည်း ပျော်ပျော်ပါးပါး   ကောက် စိုက်ကြသည့် အချိန်လည်းဖြစ်ပါသည်။
       မည်သို့ပင်ဆိုစေကာမူ…မဟာအတုလမင်းကြီးရေးဖွဲ့ထားသည့်“မျှော်ယောင်သာပန်းတော့ တယ်၊  သောင်ကမ်းငယ်ပြည့်လျှံ၊ နဒီငယ်ခြံသည်၊ ပြည်မင်းစံ ရွှေဘုံက၊ အကုန်ထူးတဲ့ လကိုလေး။ ရာသီသိန်ငယ်၊ နေမိန္ဓရ၊ ၀ါခေါင်လမို့၊ တောင်မျာ့ထွတ်စွန်၊ သရ၀ဏ်လဲ၊ ရောင်ဝှန်တေဇာ၊ ပန်းခတ္တာနှင့် ခိုင်ညှာပွင့်ကြူ၊ တိုင်းပြည်သူတို့၊လှူစာရေးတံ၊ သဘင်စုံခံဆဲမို့၊ လွမ်းရန်ဖွဲ့ သည်ချိန်ကို ဒေ၀ရိန် ပဇ္ဇုန်မှူးက၊   မြူးလှတယ် လေး ” - သိန်ရာသီဝါခေါင်လတွင် မြစ်ချောင်းအင်းအိုင်များ တွင် ရေ များပြည့်လျှံနေသည့် ကာလ၊  သရ၀ဏ် စန်းယှဉ်သည့်ကာလ၊ ပြည်သူများစာရေးတံအလှူပေး လှူသောလထူးလမြတ်ပင်ဖြစ် ပါတော့ သည်။
                                                                                ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)
Monday, August 4, 2014
PRစနစ်ဆိုသည်မှာ…..
ကမ္ဘာပေါ်တွင် ဒီမိုကရေစီနစ်ကိုကျင့်သုံးသည့် နိုင်ငံတိုင်းလိုလိုမှာ ရွေးကောက်ပွဲများကျင်းပရ သည်ကိုသိနိုင် ပါသည်။ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရွေးကောက်ပွဲစနစ်အမျိုးမျိုးရှိသော်လည်းမိမိ နိုင်ငံ နှင့်စီလျော်မည့် ရွေးကောက် ပွဲစနစ်ကိုသာ ကျင့်သုံးခဲ့ကြသည်ကိုတွေ့ရှိနိုင်ပါသည်။ မိမိနိုင်ငံ နှင့် စီလျော်မည့်ရွေးကောက်ပွဲစနစ်ကျင့် သုံးခြင်း သည် သက်ဆိုင်ရာနိုင်ငံတစ်နိုင်ငံ၏ အနာဂတ် နိုင်ငံရေးအတွက်လေးနက်သည့်အကျိုး သက်ရောက်မှုရှိပါ သည်။အကောင်းဆုံးဖြစ်အောင် စနစ်တစ်ခုကိုရွေးချယ်ရာ ၄င်းစနစ်မှရရှိသည့် အချက် များ ကိုအကြောင်းပြုကာ သက်ဆိုင်ရာနိုင်ငံ၏ အကျိုး စီးပွားဖြစ် ထွန်းလာ သည်နှင့်အမျှ ထိုစနစ်များသည် လည်း အမြစ်တွယ်ရှင်သန်လာတတ်ပါ သည်။ မြန်မာနိုင်ငံ အနေဖြင့် ရွေးကောက်ပွဲစနစ်အမျိုးမျိုးရှိသည့် အနက်PR စနစ်ကိုကျင့်သုံးရန် ပြင်ဆင်လာကြသည်ကိုတွေ့မြင်နိုင်ပါသည်။
- PRစနစ်ကိုလေ့လာကြည့်ရာတွင် PR(Proportional Representation System- အချိုးကျကိုယ်စားပြု) စနစ်၏အခြေခံရည်ရွယ်ချက်မှာ ရွေးကောက်ပွဲတွင်ရရှိသော မဲအရေအတွက်အချိုးအစားအလိုက် လွှတ်တော်အမတ်နေရာများကို ပါတီများသို့ ခွဲဝေပေးအပ်ခြင်းအားဖြင့် မဲဆန္ဒရှင် အသီးသီးသည် မိမိတို့၏ ယုံကြည်ချက်များကို ကိုယ်စားပြုမည့်လွှတ်တော် ကိုယ်စားလှယ်များရရှိစေကာ ဤစနစ်ကိုကျင့်သုံးခြင်း အားဖြင့် မဲဆန္ဒရှင်များ၏မဲလေလွင့်ဆုံးရှုံးခြင်း ကိုလည်း ကာကွယ်နိုင်ပါသည်။
PR(Proportional Representation System- အချိုးကျကိုယ်စားပြု) စနစ်ကို စတင်ကျင့်သုံးခဲ့သည့် ပထမ ဆုံး နိုင်ငံမှာ ဒိန်းမတ်နိုင်ငံဖြစ်ပြီး ၁၈၈၅ခုနှစ်နောက်ပိုင်း ဆွစ်ဇာလန်၊၁၈၉၁တွင်ဘယ်လဂျီယံ၊ ၁၈၉၉ ခုနှစ် တွင် ဖင်လန်တို့တွင်ထိုစနစ်ဖြင့်ရွေးကောက်ပွဲများကျင်းပခဲ့ကြပါသည်။ ၁၉၂၀နောက်ပိုင်း ဂျာမနီရွေးကောက် ပွဲ စနစ် ကို PRဖြင့်ကျင့်သုံးခဲ့သဖြင့် ဟစ်တလာ၏နာဇီပါတီသည် ဂျာမနီသမိုင်းတွင် အာဏာရပါတီကြီး တစ်ခုဖြစ်လာခဲ့ ရ သောစနစ်လည်းဖြစ်ပါသည်။နယူးဇီလန်နိုင်ငံတွင် ၁၉၉၃ခုနှစ်ကစကာ ရွေးကောက်ပွဲ စနစ်ကို ပြောင်းလဲပြီး PRစနစ်ကိုစတင်ကျင့်သုံးခဲ့သည်။ ထို့ပြင် FPTPစနစ်နှင့် PRကိုပေါင်းစပ်ထားသည့် စနစ် (Mixed Member Proportional System-MMP)ကိုလည်းကျင့်သုံးလာခဲ့ကြပါသည်။
PRစနစ်မှာ အဓိကအားဖြင့် (၃)မျိုးရှိပါသည်။၎င်းတို့မှာ-
၁။ ပါတီတစ်မျိုးတည်းကိုသာ ရွေးချယ်မဲပေးရသောစနစ်(Party-List Voting) ၂။ကိုယ်စားလှယ်တစ်ဦးချင်းကို မိမိနှစ်သက်ရာအစီအစဉ်အတိုင်းဦးစားပေးစနစ်ဖြင့်မဲပေးရွေးချယ် သော စနစ်(Choice Voting (or) Single Transferable Vote)
၃။ ရောနှောအချိုးကျ ကိုယ်စားပြုစနစ် (Mixed- Member Proportional Voting)ဟူ၍ဖြစ်ပါသည်။
၁။ ပါတီတစ်မျိုးတည်းကိုသာ ရွေးချယ်မဲပေးရသောစနစ်(Party-List Voting) စနစ်သည် PRစနစ်များအနက် အသုံးအများဆုံးစနစ်ဖြစ်ပါသည်။ ၄င်းစနစ်ကို ကမ္ဘာပေါ်ရှိနိုင်ငံပေါင်း၈၀%ကျော်က ကျင့် သုံး လျက်ရှိရာ အထူးသဖြင့် ဥရောပဒီမိုကရေစီနိုင်ငံများတွင် အများဆုံးကျင့်သုံးလျက်ရှိသည်ကိုတွေ့ရ ပါ သည်။ ၄င်းစနစ် အရ နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်တစ်ဦးထက်ပိုသော မဲဆန္ဒနယ်များတွင် တူညီသော ကိုယ်စား လှယ်လောင်းအရေအတွက်ဖြင့် စာရင်းသွင်းရခြင်းဖြစ်ကာ တစ်သီးပုဂလအနေဖြင့်လည်း ၀င် ရောက် ယှဉ်ပြိုင်နိုင်ပါသည်။ မဲဆန္ဒရှင်များမှ မဲပြားပေါ်မှ အမည်စာရင်းကိုကြည့်ကာ မိမိနှစ်သက်ရာပါတီကို မဲပေးနိုင်ပါသည်။ ယှဉ်ပြိုင်သောပါတီများမှ မိမိတို့ရရှိသော မဲအရေအတွက်ကို လိုက်ကာ အချိုးကျ ကိုယ်စားပြု ခွင့်ရရှိမည်ဖြစ်ပါသည်။ ၄င်းစနစ်တွင် လျို့ဝှက်စနစ်(closed-List)နှင့်ဗြောင်စနစ်(Closed- List)ဟူ၍ နှစ်မျိုးရှိရာတွင် လျို့ဝှက်စနစ်(closed-List)သည် (Party-List Voting)၏မူလပုံစံဖြစ်ပါသည်။ လျှို့ဝှက်စနစ် အရယှဉ်ပြိုင်ကြသည့်ပါတီများသည်ကိုယ်စားလှယ်လောင်းအမည်စာရင်းကို အတိအကျရွေး ချယ် သတ်မှတ် သော် လည်း မဲဆန္ဒရှင်များက ပါတီအမည်ကိုသာ ရွေးချယ် မဲပေးရမှာဖြစ် သည်။ထို့ကြောင့် မဲဆန္ဒရှင်များအနေဖြင့်မည်သည့်ကိုယ်စားလှယ်လောင်း၏ အမည်ကိုတိုက်ရိုက်ရွေးချယ်စရာမလိုပဲ သက်ဆိုင်ရာ ပါတီက မူလတင်သွင်းထားသည့် အစီအစဉ်အတိုင်း ကိုယ်စားလှယ်များကိုသာလက်ခံကြရ မည်ဖြစ် ပါသည်။
ဗြောင်စနစ်တွင် မဲဆန္ဒရှင်များသည် ပါတီအမည်ကိုသာမဟုတ်ပဲ မိမိနှစ်သက်ရာ ကိုယ်စားလှယ် လောင်း တစ်ဦး ချင်းကို တိုက်ရိုက်မဲပေးရွေးချယ်နိုင်ပါသည်။ ကိုယ်စားလှယ်လောင်းက ရရှိသောမဲ များသည် ယင်း ပါတီနှင့်သာသက်ဆိုင်ကာ မဲအများဆုံးရရှိသည့် ကိုယ်စားလှယ်လောင်းများသည် ယင်းတို့၏ ပါတီ စာရင်း တွင် ထိပ်ဆုံးမှရောက်ရှိကာ အရွေးချယ်ခံရမည်ဖြစ်ပါသည်။
၃။ ရောနှောအချိုးကျ ကိုယ်စားပြုစနစ် (Mixed- Member Proportional Voting- MPP system) စနစ် သည် ၄င်းစနစ်သည် ဂျာမဏီနိုင်ငံတွင် စတင်ကျင့်သုံးခဲ့သည့်အတွက် German System ဟုလည်းခေါ်ခဲ့ကြ ပါသည်။ထိုစနစ်တွင် မဲဆန္ဒနယ်ကိုကိုယ်စားပြုသည့် ကိုယ်စားလှယ်တစ်ဦးကို ရွေး ချယ် မဲပေး သော စနစ်နှင့်ပါတီကို ဦးစားပေးရွေးချယ်သောအချိုးကျကိုယ်စားပြု စနစ်နှစ်မျိုးကိုပေါင်းစပ် ထားခြင်းဖြစ်ပါ သည်။ ရောနှောအချိုးကျ ကိုယ်စားပြုစနစ်ဖြစ်သည့်အတွက် မဲဆန္ဒနယ်ကိုယ်စားပြု ကိုယ်စားလှယ် နှင့် ပါတီကိုယ်စားပြုကိုယ်စားလှယ်ဟု ကိုယ်စားလှယ်နှစ်မျိုးပါဝင် ပါသည်။
၂။ကိုယ်စားလှယ်တစ်ဦးချင်းကို မိမိနှစ်သက်ရာအစီအစဉ်အတိုင်းဦးစားပေးစနစ်ဖြင့်မဲပေးရွေးချယ် သော စနစ်(Choice Voting (or) Single Transferable Vote)စနစ်တွင် ဆန္ဒမဲပြားပေါ်တွင် ပါတီကိုယ် စားလှယ်လောင်းအားလုံး၏အမည်စာရင်းကိုဖော်ပြထားပြီး ယင်းတို့၏ဘေးဖက်တွင် မဲပေးရန် အတွက် မိမိတို့၏ ဦးစားပေးရွေးချယ်မှုအတွက် တစ်ဦးထက်ပိုသော ကိုယ်စားလှယ်များကို နံပတ်စဉ်ဖြင်ခဲ့ဖော်ပြရပါ သည်။ ၄င်းစနစ်သည် မဲဆန္ဒရှင်များက မိမိတို့နှစ်သက်ရာ အစီအစဉ်အတိုင်း ဦးစားပေးစနစ်ဖြင့်ရွေးချယ် မဲပေးရခြင်းဖြစ်ပါသည်။
မည်သည့်စနစ်ပင်ဖြစ်စေ အားနည်းချက် အားသာချက်များရှိသည်မှာအမှန်ပင်ဖြစ်ပါသည်။ အားသာချက် အားနည်းချက်သည်အဓိကမကျလှသော်လည်း ကိုယ့်နိုင်ငံကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမှု နှင့် အပ်စပ် သည့် ရွေးကောက်ပွဲစနစ်မျိုးဆိုပါက မည်သည့်စနစ်မျိုးမဆို လက်ခံကျင့်သုံးကြရန်လိုအပ်ပါ သည်။ နိုင်ငံ တိုင်းလိုလိုတွင် ကိုယ့်နိုင်ငံနှင့်လိုက်လျောညီထွေရှိမည့် ရွေး ကောက်ပွဲစနစ်များကိုသာ အဓိကထားကျင့်သုံး လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် မိမိနိုင်ငံနှင့်လိုက်လျောညီထွေဖြစ်မည့် ရွေးကောက်ပွဲ စနစ်ကိုရွေးချယ် ကျင့်သုံးရမည်ဖြစ်ပါသည်။
PRစနစ်၏အားသာချက်များမှာ
၁။ PRစနစ်တွင် ပါတီငယ်များအားထောက်ခံသူများအပါအ၀င်နိုင်ငံရေးအုပ်စုအားလုံးသည် တရားမျှတ သောကိုယ်စားပြုမှုကို ခံစားရခြင်း
၂။ မဲဆန္ဒရှင်များအဖို့ ရွေးချယ်ခွင့်ပိုရစေသော PRစနစ် စိတ်ဝင်တစားမဲထည့်သူ အရေအတွက်ပိုလာမည်ဖြစ်သဖြင့် လူထုပါဝင်မှုရေချိန်မြင့်တက်လာနိုင်ခြင်း
၃။ လွှတ်တော်တွင် နိုင်ငံရေးပါတီအရေအတွက် ပိုလာသဖြင့်ကိုယ်စားပြုဖော်ပြသည့် အမြင်အမျိုးမျိုးကို သိရှိခွင့်ရခြင်း။
၎။ ပါတီမှတင်ပြသည့် ကိုယ်စားလှယ်လောင်းများစာရင်းတွင် အရည်အချင်းပြည့်မီသူများ ကိုယ်စား လှယ်လောင်းများ၏ အရည်အသွေးတိုးတက်လာခြင်း
၅။ လူမျိုးစုမျိုးစုံ ဘာသာမျိုးစုံ ကိုယ်စားလှယ်များပိုမိုလာပြီး အမျိုးသမီးကိုယ်စားလှယ်များပါဝင်ရန် လည်း လိုအပ်လာသဖြင့် အမျိုးသမီးများ ပါဝင်မှုနှုန်းမြှင့်တက်လာခြင်း။
၆။ ပါတီကြီးတစ်ခု၏ မူဝါဒနှင့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မှုများကို အပြန်အလှန် ထိန်းကြောင်းပေးနိုင်ခြင်း
၇။ အင်အားကြီးနိုင်ငံရေး အင်အားစုတစ်ခုကသာ လွှတ်တော်အား သိမ်းပိုက်ထားမှုကို ကာကွယ် နိုင်ခြင်း
၈။ ကိုယ်စားလှယ်လောင်းကို သတ်မှတ်ထားသည့် မဲမရရှိပါက မဲအနည်းဆုံးရရှိသော ကိုယ်စား လှယ်လောင်း ကို ထုတ်ပယ်ပြီး ၄င်း၏မဲများကို အခြား ကိုယ်စားလှယ်များ ထံ ပြန်လည်ဝေငှခြင်းဖြစ်၍ မျှတသောစနစ်ဖြစ်ခြင်း။
PRစနစ်၏အားနည်းချက်များမှာ-
၁။ မဲဆန္ဒရှင်များနှင့်ကိုယ်စားလှယ်တို့ တိုက်ရိုက်နီးကပ်စွာ ဆက်ဆံမှုလျော့နည်းသဖြင့် တာဝန်ယူ မှုအပိုင်းတွင် အားနည်းနိုင်ခြင်း
၂။ ညွန့်ပေါင်းအစိုးရများဖြစ်တတ်ကြသဖြင့် အုပ်ချုပ်သည့် အပိုင်းတွင် ခိုင်မြဲမှုလျော့နည်းနိုင်ခြင်း
၃။ လွှတ်တော်ကိုယ်စားလှယ်လောင်းကို ပါတီများက ရွေးချယ် ၍ တန်းစီဇယားပြုလုပ်ကြသော အခါပါတီအတွင်း ပြသနာရှုပ်ထွေးနိုင်ပြီး ပြည်သူများလည်း မျက်စိလည်ရှုပ်ထွေးနိုင်ခြင်း
၎။ ဤစနစ်အရ ပါတီတစ်ရပ်သည် ငွေများများတတ်နိုင်လျှင် တတ်နိုင်သလောက် တစ်တိုင်းပြည် လုံးအထိ ၀င်ရောက်အရွေးခံနိုင်သဖြင့် ကိုယ်စားလှယ်အချိုးအစားများပြားစွာရသွားနိုင်ခြင်း
၅။ ပါတီငယ်လေးများများပြားသလောက် နိုင်ငံရေးအငြင်းအခုန်များ ပဋိပက္ခများများပြားလာပြီး နိုင်ငံရေး ညီညွတ်မှုနှင့် စည်းလုံးရေးပျက်ပြားသွားနိုင်ခြင်း
(၆) လက်နက်ကိုင်သူပုန်အဖွဲ့အစည်းများ၊အကြမ်းဖက်အဖွဲ့အစည်းများ၊ အစွန်းရောက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်တော်ကြီးများ လွှတ်တော်တွင် နေရာရလာပြီး နိုင်ငံရေး မငြိမ် မ သက်ဖြစ်လာနိုင်ခြင်း……
မည်သည့်ဒီမိုကရေစီစနစ်တွင်မဆို ၄င်း၏ဥပဒေပြုအဖွဲ့အား ရွေးကောက်တင်မြှောက်ရန်အတွက် သင့် လျော်သည့်ရွေးကောက်ပွဲစနစ်တစ်ရပ်ကိုရွေးချယ်ရမှာဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် ဒီမိုကရေစီစနစ်ကိုကျင့်သုံးသည့် နိုင်ငံပေါင်း (၁၆၇)နိုင်ငံအနက် နိုင်ငံပေါင်း(၉၀)ခန့်က PRစနစ်ကိုကျင့်သုံးခဲ့ကြသည်ကိုလေ့လာတွေ့ရှိရပါသည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၀ရွေးကောက်ပွဲတွင် FPTPစနစ်ကိုကျင့်သုံးခဲ့သော်လည်း ကြားဖြတ်ရွေး ကောက်ပွဲ နှင့် ၂၀၁၅ရွေးကောက်ပွဲ များတွင် PRစနစ်ကိုကျင့်သုံးမည်ဟု ဆိုပါသည်။ မည်သည့် စနစ်ကို ရွေးချယ် သည်ဖြစ်စေ ကိုယ့်မြေကိုယ့်ရေ ကိုယ့်ပြည်သူများနှင့်အံဝင်ခွင်ကျမည့် စနစ်မျိုးဖြစ်လျှင် အလွန်ကောင်းမွန် မည်ဟုထင်မြင်မိပါသည်။PRစနစ်သည် မြန်မာနိုင်ငံနှင့်ကိုက်ညီမည်ဟု ထင်မြင်မိပါ သည်။အဘယ့် ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးစုများသကဲ့သို့ ပါတီတွေလည်း များလှပါသည်။ ပါတီစုံသကဲ့သို့လူမျိုးစုနိုင်ငံရေးပါတီတွေကလည်းများလှသည်။ ပါတီကြီး များအတွက် မည်သည့် စနစ်ကိုပင် ကျင့်သုံးကျင့်သုံး မသိသာလှသော်လည်း ပါတီငယ်များအတွက်ြေ ပာရေး ဆိုခွင့်ကို PRစနစ်သည် ပိုမို အာမခံချက်ပေးနိုင်မည်ဖြစ်သည့် အတွက် မြန်မာ့ လူ့အဖွဲ့အစည်းဖြင့် ပိုမိုလိုက်လျောညီထွေရှိနိုင်လိမ့်မည် ဟုထင်မြင်မိပါသည်။
                                                                                   ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)
ဦးခင်စိုး၊ ရွေးကောက်ပွဲစနစ်များအပေါ်လေ့လာသုံးသပ်ချက်စာတမ်းအား မှီငြမ်းကိုးကားပါသည်။
မျက်နှာဗေဒ
မျက်နှာတွေကို
စာလိုမဖတ်တတ်တော့
ကဗျာငတ်တဲ့ငါ
ဘာများတတ်နိုင်မှာလဲ...?
အချစ်စစ်
အချစ်စစ် အချစ်မှန်ဆိုတာ
ဘာလဲလို့
ကိုယ်ပုံမဖော်တတ်ဘူး...။
ဒါပေမယ့်....
မင်းကိုမချစ်မိဖို့
အထပ်ထပ်ကြိုးစားရင်း
ချစ်မိသွားတာဘာကြောင့်လဲ...?