Friday, March 20, 2015

လူငယ်နှင့်ပတ်ဝန်းကျင်

   
       ပတ်ဝန်းကျင်ဆိုသည်မှာတကယ်အရေးပါသည့်စကားဖြစ်ပါသည်။ လူသားတိုင်း  good environmentကောင်းသောပတ်ဝန်းကျင်မှာကျင်လည်လျှင်ကောင်းသောအရာများနှင့်ကြုံတွေ့နိုင်မည်ဖြစ်ပါသည်။  စာရေးသူတက္ကသိုလ်တစ်ခုမှာနည်းပြလုပ်စဉ် ကဖြစ်သည်။စာရေးသူကလည်း ထိုကျောင်းကို ရောက်စဆို တော့ ထိုကျောင်းရဲ့အထာများကိုမသိပါ။

       ထိုကျောင်းတွင် အလွန်ဆိုးသော ဆရာ/မများလက်မြှောက်ထားရသော ကျောင်းသားဆိုးဆိုးများရှိပါ သည်။ဆရာ/မများကလည်းအလွန်ဆိုးသည်ဟုသာမှတ်ချက်ပေးပြီး ပေလျကန်သဘောထားကြသည်။ ထို့ကြောင့်ကျောင်းသားများက ပိုဆိုးနေခြင်းဖြစ်မည်။ ထိုကျောင်းသားသည် ဆိုးသည်မှန်သော်လည်း ပုံသွင်းပေးမည့်ဆရာကောင်းရှိမည်ဆိုလျှင် အင်မတန်တော်သောလိမ္မာယဉ်ကျေးသောကျောင်းသား ကလေးတစ်ဦးဖြစ်လာမှာအမှန်ပါ။ဆိုးလို့ဆိုပြီးဆရာ/မများကလျစ်လျူရှုကြသကဲ့သို့ အတန်းဖော် သူငယ်ချင်းများကလည်းမြှောက်ပင့်ပေးသည့်အတွက် သူ့ကိုယ်သူမဟာသူရဲကောင်းကြီးထင်ကာဆက် လက်ဆိုးသွမ်းနေခြင်းပင်။

        တစ်နေ့တွင်စာရေးသူနှင့်ထိုကျောင်းသားတို့ထိပ်တိုက်တွေ့ခဲ့ရပြန်ပါသည်။စာရေးသူက သူတို့အတန်းကို သင်ခန်းစာဝင်ပေးရသည်။နောက်တစ်နေ့တွင်စာစီစာကုံး တစ်ပုဒ်ဆီရေးခဲ့ရမည်ဟုမှာ လိုက်သည်။  အဖြေစာအုပ်များကို အတန်းခေါင်းဆောင်မှစုစည်းကာ စာရေးသူကိုလာအပ်ရန်မှာခဲ့သည်။ ထိုကျောင်းသားနှင့်တကွကျောင်းသားအနည်းစုမှာ အဖြေလွှာစာအုပ်ထပ်သည့်အထဲတွင် မပါဝင်ခဲ့ ပါ။

        ထမင်းစားနားချိန် ထမင်းစားပြီးအပြန်တွင် အချို့ကျောင်းသားများကအဖြေလွှာစာအုပ်ကို လမ်းတွင် လာပေးပါသည်။ စာရေးသူကထိုသို့ပေးခြင်းကိုလက်မခံခဲ့ပါ။ သတ်မှတ်ချိန်အတွင်းမှသာ အဖြေလွှာစာအုပ် ထပ်ရမည်ဟုပြောခဲ့ပါသည်။

       ထို့နောက်နားနေခန်းတွင်အခြားဆရာမများနှင့်စာဆွေးနွေးနေစဉ် ထိုကျောင်းသားမှအဖြေလွှာစာအုပ် လာထပ်ပါသည်။စာရေးသူကစည်းကမ်းအတိုင်းအပ်ရန်ပြောလိုက်သည့်အခါတွင် ထိုကျောင်းသားမှ အဖြေ လွှာစာအုပ်များကိုနားနေခန်းရှေ့တွင် လွှင့်ပစ်လိုက်ပါသည်။

        စာရေးသူနှင့်တကွ ဆရာမများက ထိုကျောင်းသား၏လုပ်ရပ်ကိုအတွက်စိတ်မကောင်းဖြစ်မိပါသည်။ ထိုအချိန်တွင်ဆရာမများက ထိုကျောင်းသား၏ဌာနမှူးထံသွားရောက်တိုင်ကြားအသိပေးခဲ့ပါသည်။

       ဌာနမှူးဆရာမမှ စာရေးသူအားတောင်းပန်ခဲ့သကဲ့သို့ ထိုကျောင်းသားကိုလည်း တောင်းပန်ခိုင်းပါ သည်။ ထိုကျောင်းသားသည် တောင်းပန်စရာမလိုလောက်အောင် သူ့လုပ်ရပ်များကမှန်နေသည်ဟုသာ ထင်မြင်နေပါသည်။သူ့ပတ်ဝန်းကျင်မှသူငယ်ချင်းများကလည်း သူ့ကိုမြှောက်ပင့်ကာ တောင်းပန် စရာမလို ဘူး ဟု သာတွင်တွင်ပြောနေပါသည်။

        ထိုကျောင်းသားပုံစံကလည်း စာရေးသူကိုတောင်းပန်မည့်ပုံမပေါ်ပါ။ ရိုက်လျှင်လည်းခံလိုက်မည်။ ကျောင်းထုတ်ချင်လည်း ထုတ်ပါစေဆိုသည့် ဘာမထီပုံစံမျိုးဖြစ်နေသည်။ပြသနာ တစ်မျိုးမဟုတ်တစ်မျိုး နှင့် ကျောင်းရုံးခန်းကို ခဏခဏရောက်ဖူးနေခြင်းဖြစ်သည့်အတွက် သူ့အဖို့တော့အဆန်းတကြယ်ဖြစ် မနေပါ။

       အားလုံးကလည်းထိုကျောင်းသားကို မြှောက်ပင့်ပေးနေသည့်အတွက် သူ့ကိုယ်သူမှန်တယ်ထင်ကာ ဇွတ်ပေကပ်နေခြင်းပင်။တကယ်တော့ အဖြေလွှာစာအုပ်ကိုလွှင့်ပစ်ခြင်းသည် ထိုကျောင်းသားအတွက် အများကြီးထိခိုက်နစ်နာစေပါသည်။ အဲဒါကိုသူမသိပါ။ဌာနမှူးဆရာမမှထိုကျောင်းသားကို ရှိခိုးတောင်း ပန်ခိုင်းသည်။ စာရေးသူက သူ့ကိုအပြစ်မယူပါ။ဆရာတပည့်ကြားမှာ အပြစ်ယူခြင်း၊ အပြစ်ပေးခြင်းဆိုတာ မျိုး မရှိသင့်ပါ။ မလိမ္မာသောကျောင်းသားကိုဆုံးမရမည်မှာ ဆရာ/မတိုင်း၏တာဝန်ပင်မဟုတ်ပါလား။

       ပထမပိုင်းတွင်ထိုကျောင်းသားသည် စာရေးသူကိုကြည့်သည့်အကြည့်မှာ စိမ်းနေသည်။ အမုန်းမျက်ဝန်း နှင့်ကြည့်နေသော်လည်း စာရေးသူကမေတ္တာမပျက်ခဲ့ပါ။ သူ့ကိုလည်းမမုန်းပါ။““ကဲ…သား…သား အခုလုပ်တဲ့ လုပ်ရပ်ဟာ မှန်ရဲ့လား စဉ်းစားကြည့်ပါဦး…”

 “တီချယ်က ကျွန်တော့်အဖြေလွှာစာအုပ်ကိုမှမယူတာ ကျွန်တော်ကဘာလုပ်ရမှာလဲ..”

       ကျောင်းသားတစ်ယောက်မေးရမည့်မေးခွန်းမဟုတ်ဟုထင်မြင်မိပါသည်။

“ဒီမယ်သား..သားလုပ်ရပ်ကလည်းမှန်တယ်။သားသူငယ်ချင်းတွေကလည်းသားကိုအားပေးတယ်။ ခုချိန်မှာ တော့သူတို့ရှေ့မှာသားကသူရဲကောင်းကြီးပေါ့။ဟုတ်လား။ဒါပေမယ့်အဲလိုလုပ်လိုက်လို့ သားမှာဘာအကျိုး များရသွားသလဲ။စောစောကမင်းတို့ဌာနမှူးက မိဘတွေခေါ်ပြီးမလိမ္မာတဲ့ကျောင်းသားကို မိဘတွေဆီပြန် အပ်မယ်လို့ ပြောသွားတယ်မဟုတ်လား။ ဒါဆို သားဘာဖြစ်သွားမလဲ။ သားကိုအားပေးတဲ့ သူငယ်ချင်းတွေ ကရော သားကိုဆက်ပြီးကောင်းချီးပေးကြပါဦးမလား။ ကဲ…ပြောစမ်းပါဦး။

       စာရေးသူက ထိုကျောင်းသားကို ဂရုဏာမျက်ဝန်းဖြင့်စေ့စေ့ကြည့်ကာမေးလိုက်ပါသည်။ မေတ္တာဆို တာ အလျားအနံမရှိပေမယ့် အသွားအပြန်ရှိသည်ဆိုသည်မှာအမှန်ပင်။ သူ့အပေါ်နူးညံ့ပျော့ပြောင်းစွာ ဆက်ဆံခဲ့သည့် သူကလည်းရိုကျိုးစွာဆက်ဆံလာပါသည်။

“ဟုတ်ပါတယ် တီချယ်…ကျွန်တော်မှားသွားပါတယ်။ ကျွန်တော်တောင်းပန်ပါတယ်။ မနက်ကတည်းက စိတ်ရှုပ်နေလို့ပါ။ အခုလည်း တီချယ်ကအဖြေလွှာစာအုပ်ကိုမယူတော့ ကျွန်တော်လည်းစိတ် ညစ်သွားလို့ ပါ ဗျာ.. ကျွန်တော်ထပ်ပြီးတောင်းပန်ပါတယ်။” 

         လူတိုင်းမှာစိတ်ညစ်စရာတွေစိတ်ရှုပ်စရာတွေရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့်စိတ်ညစ်စရာတွေကို ဒီလိုထွက်ပေါက်ပေးမယ်ဆိုရင်တော့ မင်းမှားသွားမှာပေါ့။ မင်းကအခုမှငယ်ငယ်လေးရှိ သေးတယ်။ နောင် မင်း ကြုံတွေ့ရမှာတွေကအများကြီးရှိသေးတယ်လေ။ တီချယ်က တီချယ့်တပည့်ကိုချစ်လို့ပြောတာနော်.. အမှားကို အမှားအမှန်ကိုအမှန်အတိုင်းသိအောင်ပြောပြတာ။ မင်းတို့လမ်းမှားမရောက်အောင်စောင့်ရှောက် ရမှာက တီချယ်တို့ရဲ့တာဝန်မဟုတ်လား…”

“ဟုတ်ကဲ့ပါ တီချယ် ကျွန်တော်ထပ်တောင်းပန်ပါတယ်။ ဒါကလည်းကျွန်တော်အပြစ်ပေးခံရမှာကြောက်လို့ တောင်းပန်တာမဟုတ်ပါဘူးဗျာ တကယ်ကိုရင်ထဲကတောင်းပန်တာပါ..”

“သားကိုသားမှားမှန်းသိလို့ သားရင်ထဲက လှိုက်လှိုက်လှဲလှဲတောင်းပန်တယ်ဆိုရင် တီချယ်တို့ကခွင့် လွှတ်ရ မှာပေါ့။ ဆိုးတယ်ဆိုတာမကောင်းပေမယ့် ခွင့်လွှတ်လို့ရတဲ့ဆိုးနည်းမျိုးနဲ့ဆိုးလို့ရတယ်။ ဒါပေမယ့် မိုက်ရိုင်းတယ်ဆိုတာတော့ ဘယ်သူမှလက်မခံဘူးသား…”

        မိမိရဲ့လုပ်ရပ်ဟာ ကိုယ့်ဘ၀မှာအရိပ်လိုလိုက်တတ်တယ်။ ကောင်းတာ လုပ်ရင်ကောင်းတဲ့ အရိပ်ရ ပေမယ့် မကောင်းတဲ့လုပ်ရပ်လုပ်ရင်လည်း မကောင်းတဲ့အရိပ်က အမြဲစိုးမိုးနေတတ်တာပဲ။သား အရင်က ဆိုးခဲ့တယ်။အဲ.. ဒါပေမယ့် ခုချိန်ကစပြီး လိမ္မာတဲ့ကလေးအဖြစ် တီချယ်တို့သတ်မှတ်လိုက်ပြီ။ ခုချိန်ကစပြီး သားကလူလိမ္မာလေးဖြစ်သွားပြီ။ မိမိရဲ့ကောင်းကျိုး မိမိကျောင်းရဲ့ကောင်းကျိုး၊ မိမိမြို့ရွာ၊ မိမိနိုင်ငံရဲ့ ကောင်းကျိုးတွေကို သယ်ပိုးမယ့်အနာဂတ်ရဲ့တောက်ပတဲ့ ကြယ်လေးတစ်ပွင့်ဖြစ်သွားပြီ။

       စာရေးသူပြောသည်များကို လိုက်နာမှတ်သားနေသည့် ထိုကျောင်းသားလေး၏မျက်နှာသွင်ပြင်နှင့် အမူလွန်ခဲ့သောမိနစ်အနည်းငယ်အချိန်ကနှင့်မတူတော့ဘဲ ကြည်လင်ရွှင်ပျလာကာလူဆိုး လူမိုက်ကလေး အသွင်မှ လိမ္မာယဉ်ကျေးသောလူငယ်လေးအသွင်သို့ပြောင်းလဲသွားသည်ဟုထင်မိပါသည်။

       ပျက်အစဉ်ပြင်ခဏဟူသောဆိုရိုးစကားနှင့်အညီ ကျောင်းတွင်နာမည်ဆိုးနှင့်ကျော်ကြားနေသော ထိုလူ ငယ်လေးသည် လိမ္မာသော စာတော်သော လူရည်ချွန်၊လူရည်မွန်ကလေးတစ်ဦးဖြစ်လာခဲ့သည်။ ထို လူငယ်လေးကိုကြည့်ကာ ပီတိဖြစ်ရသည်မှာစာရေးသူပါ။ အဖြေစာအုပ်ကိုလွှင့်ပစ်စဉ်က ဒေါသရှေ့ထား ကာ သူ့ကိုဆူပူကြိမ်းမောင်းကာ အပြစ်တင်အပြစ်ပြောခဲ့မိမည်။အပြစ်ယူခဲ့မည်ဆိုလျှင် ထိုကဲ့သို့ လိမ္မာသော စာတော် သောကလေးတစ်ဦးဆုံးရှုံးသွားမှာအမှန်ပင်။

       လူတိုင်းသည်မိမိကိုယ်ကို အကောင်းမြင်တတ်ကြ၊ အထင်ကြီးတတ်ကြသည်။ ငါစွဲတော့ လူတိုင်း မှာရှိကြပါသည်။ အနည်းနှင့်အများသာကွာချင်ကွာမည်။ အဲဒါကိုပတ်ဝန်းကျင်က မြှောက်ပင့်ပေးလျှင် ပိုဆိုးမည်။

       တကယ်တော့လူတိုင်းသည် အတ္တကိုအခြေခံကာ ငါစွဲရှိသည်မှန်သော်လည်း တစ်ခါတရံမှာ မိမိလုပ်သည်ကိုမှန်ရဲ့လားဟု စိုးရိမ်တတ်ကြပါသည်။ထိုအချိန်တွင်ပတ်ဝန်းကျင်မှမှားနေလျှင် မှားတဲ့ အကြောင်း မကောင်းလျှင်မကောင်းတဲ့အ ကြောင်းပြောပေးရမည်။ တစ်ခါပြောလို့ရချင်မှရမည်။ မရလျှင်နှစ်ခါသုံးခါထပ်ပြောမည်ဆိုပါက မိမိကိုယ်ကိုအထင်ကြီးနေသူဟာ ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ် လာမည်။ ပြုပြင်လာမည်။ စေတနာနှင့်ပြော မည့်သူမှာလည်းအမုန်းတရားကို လက်ခံနိုင်မှဖြစ်မည်။ အမုန်းခံနိုင်ရမည်။

       လူဆိုသည်မှာတစ်ဦးတစ်ယောက်တည်းနေလို့မရပြန်ပါ။ မိတ်ဆွေအပေါင်းအသင်းသူငယ်ချင်းရှိဖို့လို အပ်ပါသည်။သို့သော် ပတ်ဝန်းကျင်ကောင်းရှိရန် မိတ်ဆွေကောင်းများရှိရန်လိုအပ်ပါသည်။ မိမိပတ်ဝန်း ကျင်မှ သူများက မိမိလုပ်ရပ်မှားမှန်းသိပြီးအမှားကိုပြင်နိုင်အောင် ပြောဖို့လိုပါသည်။

       လူငယ်မောင်မယ်များအနေဖြင့် အကောင်းဆုံးပတ်ဝန်းကျင်ရှိသင့်ပါသည်။ လူငယ်ဆိုသည်မှာ တက်ကြွသည်။ရဲရင့်သည်။စွန့်စားလိုစိတ်ရှိသည်။ စူးစမ်းလိုစိတ်ရှိသည်။ မလုပ်ဖူးသည်များကို လက်တဲ့စမ်း သည့်သဘောဖြင့် လုပ်ကြည့်ချင်ကြသည်။လုပ်သင့်သည်အရာ မလုပ်သင့်သည့်အရာကို မခွဲခြားတတ်။ မခွဲခြားချင်ကြ။လုပ်ချင်သည်ကိုသာသိကြသည်။

       ထိုအချိန်မျိုးတွင်ပတ်ဝန်းကျင်ကောင်းနှင့်တွေ့လျှင်တော်သေးသည်။ ကျားကျားမီးယပ်ဆိုသည့် ပတ်ဝန်းကျင်မျိုးဖြင့်တွေ့ပါကလမ်းမှားရောက်နိုင်ပေမည်။ထို့ကြောင့်နောင်အနာဂတ်တွင်လင်းလက်တောက်ပမည့်ကြယ်ပွင့်ကလေးများခရီးဆုံးပန်းတိုင်မရောက်ခင်မှေးမှိန်ပျောက်ကွယ်မသွားစေဖို့ရာပတ်ဝန်းကျင် ကောင်းများရှိဖို့လိုအပ်ပါသည်။



                                                                                        ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)

Monday, March 9, 2015

ကိုယ်စီတာဝန်ကျေပွန်စို့


အချုပ်အခြာအာဏာပိုင်နိုင်ငံဆိုသည်မှာ ပိုင်နက်နယ်မြေ၊ လူဦးရေ၊ အစိုးရ၊ အချုပ် အခြာအာဏာ၊ နိုင်ငံ တကာ အသိအမှတ်ပြုမှုများဆိုသည့်စံနှုန်းနှင့် ကိုက်ညီရမှာဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ပိုင်နက် နယ်မြေ တိတိကျကျရှိသည်။ လူဦးရေသည်လည်း သန်းငါးဆယ်ကျော်ရှိသည်။ အုပ်ချုပ်သည့်အစိုးရလည်း ရှိသည်။ အချုပ်အခြာအာဏာပိုင်ဆိုင်သည်။ ကမ္ဘာမှာ မြန်မာဟု ဂုဏ်ယူဝံ့ကြွား နိုင်သည့် ဂုဏ်ယူစရာနိုင်ငံဖြစ်သောကြောင့် နိုင်ငံတကာ၏အသိအမှတ်ပြုမှုလည်းခံယူနိုင်သည့်နိုင်ငံ တစ်နိုင်ငံဖြစ်ပါသည်။

မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းကိုပြန်ပြောင်းလေ့လာကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံ သမိုင်း မတင်မီခေတ်၊ ရှေးဟောင်းခေတ်မြန်မာနိုင်ငံ၊ ကျေးပိုင်ကျွန်ပိုင်စနစ်များရောနှောနေသောမြေရှင်ပဒေသရာဇ်ခေတ်(ခေတ် လယ်)၊ မြေရှင်ပဒေသရာဇ်ခေတ်(ခေတ်နှောင်း)၊ ဗြိတိ သျှကိုလိုနီခေတ်၊ လွတ်လပ်ရေးရပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော်ဟု ခေတ်(၆)ခေတ်ကို လေ့လာတွေ့ရှိရပါသည်။ မြန်မာ့နိုင်ငံရေးခရီးသည် ပန်းမွေ့ယာရွှေ ကော်ဇောခင်းထားသည့် လမ်းပေါ်သို့ ငြင်သာသိမ်မွေ့စွာလျှောက်လှမ်းခဲ့ရသည်မဟုတ်ပါ။ နှစ်ပေါင်းကြာ ရှညကာ အဆိုးသံသရာထဲမှာတ၀ဲလည်လည်ဖြစ်နေရသဖြင့် တစ်ဦးနှင့်တစ်ဦး သံသယစိတ်ဖြင့် အကောင်း မမြင်နိုင်ကြပါ။ တစ်ဦးနှင့်တစ်ဦးချစ်ကြည်ရင်းနှီးမှုပျက်ပြားကာ သွေးကပြော သောစကားထက် ဘေးပြော သည်ကို ယုံခဲ့ကြပါသည်။ ထို့အတွက်ကြောင့်လည်း ခေတ်ဟောင်းမှာ တ၀ဲလည်လည်ဖြစ်ခဲ့ရသည်မှာ နှစ်ပေါင်း များစွာကြာမြင့်ခဲ့ရပါသည်။

မြန်မာနိုင်ငံသည် နိုင်ငံကသေးသော်လည်း သယံဇာတပေါကြွယ်ဝသည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ 100ကျော်နေထိုင်ကြသည်။ အေးချမ်းပျော်ရွှင်စွာနေခဲ့ရသည့် ကာလများထက် သူတစ်လူငါတစ်မင်း၊ တစ်ဗိုလ် တစ်မင်း၊တစ်တော တစ်ကြက်ဖလုပ်ချင်ကြသူများကြောင့် တိုင်းပြည်မငြိမ်မသက်ဖြစ်ခဲ့ရသည်များ လည်း သမိုင်းမှာအထင်အရှားရှိခဲ့ပါသည်။

နိုင်ငံတစ်နိုင်ငံ၏ခေတ်ပြောင်းလျှင် စနစ်ပါလိုက်လံပြောင်းလဲတတ်သည်ကို တွေ့ရမည် ဖြစ်ပါသည်။ ခေတ်ပြောင်းလဲလျှင် စနစ်ပါပြောင်းလဲမှဖြစ်ပါသည်။ ရှေးခေတ်က စနစ်များကို ယနေ့ခေတ်ထိ ဆက်လက် ကျင့်သုံးနေမည်ဆိုပါက အံမ၀င်ခွင်မကျနိုင်သည်များရှိနိုင်ပါသည်။ သို့သော် ယနေ့မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံတော်သစ်ကိုတည်ထောင်ပြီဆိုကတည်းက ဒီမိုကရေစီနိုင်ငံ နှင့်လိုက်လျောညီ ထွေဖြစ်ရ လေ အောင်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို တစ်ဆင့်ချင်းတစ် ဆင့်ချင်းလုပ်ဆောင်နေပါပြီ။ သို့သော် ဒီမိုကရေစီ သည် ခရီးဆုံးပန်းတိုင် မဟုတ် လျှောက်လှမ်း ရမည့် ခရီးဖြစ်သည့်အတွက် ခုရေတွင်းတူး ခုရေကြည်သောက်၍ မရနိုင်ပါ။

“ယနေ့အချိန်အခါတွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ၏ အောင်မြင်မှုကြောင့် မြန်မာ့ နိုင်ငံရေးတွင်မတူညီသည့် သဘောထားများကိုစေ့စပ်ဆွေးနွေးခြင်းနည်းလမ်းများဖြင့် အဖြေရှာသည့် နိုင်ငံရေးယဉ်ကျေးမှုသစ် အသက်ဝင်ရှင်သန်နေပြီဖြစ်ပါသည်။ ထို့ကြောင့်မိမိတို့အစိုးရအဖွဲ့အနေဖြင့် လွတ်လပ်ရေးရရှိချိန်မှစတင်ပြီး နှစ်ပေါင်းခြောက်ဆယ်ကျော်ရင်ဆိုင်နေရသည့် လက်နက်ကိုင်ပဋိ ပက္ခများ ချုပ်ငြိမ်းပြီး စစ်မှန်သော ထာဝရငြိမ်းချမ်းရေးရရှိစေရန် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲ ရေး သဘောတူညီ ချက်လက်မှတ်ရေးထိုးခြင်း၊ ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်တည်ဆောက်ရေးအတွက် အမျိုးသားနိုင်ငံရေးအင်အားစုအားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရေးတို့ကို မဆုတ်မနစ်ကြိုး ပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထိုကဲ့သို့ ကြိုးပမ်းဆောင်ရွက်ရာတွင် ဖြည့်ဆည်းရမည့်ကွက်လပ်များ၊ အခက်အခဲများ၊စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် တိုင်းရင်း သား ညီအစ်ကို မောင်နှမများ က စုပေါင်းညီညွတ်စွာကြိုးပမ်းရန်လိုအပ်ပါသည်ဟု နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ ပေးပို့သော (၆၈)ကြိမ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားသ၀ဏ်လွှာမှာ ဖော်ပြထားသည်ကို တွေ့ရပါသည်။

ယနေ့ကာလတွင် နိုင်ငံတော်အစိုးရ၊လွှတ်တော်နှင့်တပ်မတော်တို့သည် ပြည်သူလူထုနှင့်အတူ အေးချမ်းသာယာသည့် နိုင်ငံတော်ကိုတည်ဆောက်နေပြီဖြစ်ရာ မဝေးတော့သောအချိန်တွင် ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကိုပေါ်ထွန်းလာမှာအမှန်ပင်ဖြစ်ပါသည်။

မိမိတို့နိုင်ငံသည် နှစ်ပေါင်းတစ်ရာကျော်တိုင် သူ့ကျွန်ဘ၀ရောက်ခဲ့ရပြီးပါပြီ။ လွတ်လပ်ရေးရခဲ့ သော်လည်း ကိုယ့်လူမျိုးအချင်းချင်းသွေးစည်းညီညွတ်မှုမရှိခဲ့ကြသောကြောင့် နှစ်ပေါင်း(၆၀)ကျော်မျှပြည်တွင်းဆူပူ သောင်း ကျန်းမှုကို ရင်ဆိုင်ဖြေရှင်းခဲ့ရသည်။ ယနေ့ ဒီမိုကရေစီခေတ်ကိုတည် ဆောက် ရန်ကြိုးစား နေချိန် တွင် သွေးကစကားထက် ဘေးစကားများကိုယုံကြည်ခဲ့ သောကြောင့် အခက်အခဲများကို ရင်ဆိုင် နေရပြန် ပါ သည်။ မိမိနိုင်ငံအေးချမ်းဖို့၊ဖွံ့ဖြိုးတိုးတက်ဖို့၊ဒီမိုကရေစီစနစ်ရှင်သန်ခိုင်မာဖို့ဆိုလျှင် နိုင်ငံတွင်းမှီတင်း နေထိုင်ကြသည့်နိုင်ငံသားအားလုံးမှာ တာဝန်ရှိပါသည်။

သို့အတွက်ကြောင့်…. ကျွန်ုပ်တို့တိုင်းရင်း သားညီအစ်ကိုမောင်နှမအချင်းချင်း ချစ်ကြည်ရင်းနှီးကာ အတူတကွ ပူးပေါင်းလက်တွဲကာတူညီသောရည်မှန်းချက်များဖြင့် အတူတူချီ တက်သွားမည်ဆိုပါက ဒီမိုကရေစီပန်းတိုင်ကို မဝေးတော့သောတစ်နေ့မှာရောက်ရှိတော့မည်မှာမလွဲဧကန်အမှန်ပင်။

                                                                                       ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)

Tuesday, March 3, 2015

အမိနိုင်ငံတော်အတွက် ကြံ့ခိုင်သော အားဖြစ်ပါသည်….

       
       တပေါင်းလသာ၊ လတကာထက်၊ နှိုင်းရာဖက်ရှောင်၊ လများနောင်ကား၊ တောင်လည်းသာမော၊ တောလည်းသာထွေ၊ ရေလည်းသာလှ၊ ဖြူဆွ သောင်ပြင်၊ငှက်ပေါင်းရွှင်စဉ်၊ သဘင်အညီ၊ သဲစေတီဟု၊ မြှောက်ချီးရွှင်ပ၊ လှူဒါန်းကြလျက်…ဟု စာဆိုဦးအောင်ကြီးက တပေါင်းလသည် လတကာတို့ ထက်သာ လွန်တင့်တယ်သောလဟု စပ်ဆိုထားသည်ကိုတွေ့ရပါသည်။ တပေါင်းသာခေါင်၊ လများနောင်ဆိုသကဲ့သို့ တောတောင်သဘာဝက နှစ်သက်ဖွယ်ကောင်းသကဲ့သို့ ဆောင်းရာသီဆုတ်ခွာပြီး နွေရာသီဝင်လုချိန် နေ့ပူလို့ ညချမ်း၊ တပေါင်းလသရမ်းဟုဆိုသည့်အတိုင်း ဆောင်းရာသီနှုတ်ဆက်ချိန်မို့ အအေးဓာတ်မကုန် သေးသော် လည်း နွေရာသီဝင်စမို့ နေ့လည်နေ့ခင်းဆိုလျှင်ဖြင့် နွေရဲ့အရသာကိုခံစားကြရပါပြီ။

       သည်အခါသည်သမယသည် အခြေခံပညာအထက်တန်းစာမေးပွဲဖြေဆိုရတော့မည့် အချိန်အခါ ကောင်း ဖြစ်ပါသည်။နေ့မှာ နွေရဲ့အရသာကြောင့်စာကြည့်ရသည်ကို စိတ်ကမပါ။တစ်ခါတစ်ရံဆိုလျှင်ဖြင့် လေပြေက နော့နေတတ်သဖြင့် ရွက်ဟောင်းလေးတွေကြွေကျမြေခနေသည်ကိုကြည့်ပြီး ဘယ်ဆီ ဘယ်ဝယ် မျှော်ကာလွမ်းရမှန်းမသိ။သစ်ရွက်ကလေးများက လေခမြေသက် ဈာန်ဝိတက်ဖြစ်နေစဉ် စာရေးသူတို့ ၏ စိတ်ကလေးများမှာလည်းကစဥ့်ကလျားဖြစ်လို့နေတတ်ပါသည်။ 

       နေ့မှာရာသီဥတုကိုယ့်ဘက်ပါသည့်အတွက် ညမှာစာကြည့်မည်ဟု အားခဲထားပြန်ပါသော်လည်း တပေါင်းလရာသီ၏ချမ်းစိမ့်စိမ့်အအေးလေးကြောင့် အိပ်ယာဝင်ဖို့သာ စိတ်ဆောနေမိတတ်ပါသည်။ ရသေ့ သူတော်တောင်မှ ဥာဏ်မခိုင် ဈာန်ယိုင်လျှောရလောက်အောင် တပေါင်းလရာသီသည် လတကာလများ ထဲတွင် အသာယာဆုံးလဖြစ်သည့်အတွက် ပုထုဇဉ်လူသားများအဖို့ဆိုလျှင်ဖြင့် ဆိုဖွယ်မရှိပါပြီ။

       သို့သော်…ကျောင်းသားသည် စာကြည့်ရမည့်တာဝန်မှာ သမိုင်းပေးတာဝန်ဖြစ်ပါသည်။ ဟိုဟိုဒီဒီဖြင့်ရှောင်လွှဲလို့မရပါ။ စာသင်ချိန်မှာစာကိုကြိုးစားသင်ယူမှသာ ထူးချွန်ထက်မြက်သည့် လူတော်လူ ကောင်းများဖြစ်လာမှာအမှန်ပါ။ ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုသည့်အတိုင်း တက်ကြွလန်းဆန်းသည့် လူငယ်မောင်မယ်လေးများသည် အချိန်တစ်ခုကိုကျော်ဖြတ်ပြီးသကာလ လူကြီးဖြစ်လာပါတော့မည်။ ကိုယ်စိုက်သည့်သစ်ပင် ကိုယ်တိုင်ရိတ်သိမ်းကြရမှာ ဓမ္မတာပင်။ မိမိသည်ငယ်ရွယ်စဉ်အခါတွင် အတွေးမှန် အလုပ်မှန်ဖြင့် ကြိုးစားမည်ဆိုပါလျှင် တစ်နေ့မှာ မိမိနှင့်ထိုက်သင့်သည့် ဆုလာဘ်ရရှိလာမည်မှာ အမှန်ပင်။

       ကျောင်းသားလူငယ်လေးများအနေဖြင့် အမှန်တကယ် ကောင်းအောင်လုပ်ချင်တယ်ဆိုလျှင်ဖြင့် ကိုယ်တိုင်းကြိုးစား လေ့လာသင်ယူပြီး ကိုယ်အလှည့်ရောက်ရင် အကောင်းဆုံးဖြစ်အောင် လုပ်မယ်ဆိုသော စိတ်ဖြင့် ယခင်ကအားနည်းချက်များကို တွေ့အောင်ရှာပါ။ မြင်အောင်ကြည့်ပါ။ ဗိုလ်ချုပ်အောင်ဆန်း သည်ပင်လျှင် ကျွန်ပညာရေးစနစ်မှာ ကျိုးစား သင်ယူ ကိုယ်တိုင်လေ့လာပြီး သူလုပ်နိုင်ပြီဆိုမှ နိုင်ငံကို ဘယ်လို လွတ်လပ်ရေးရအောင် လုပ်မယ် ဘယ်လို ထူထောင်ရမလဲ စဉ်းစားပြီးမှ လုပ်ခဲ့တာပါ။ မူလတန်း ကလေးက မူလတန်းအတွေးပဲရှိကာ အလယ်တန်းကလေးကအလယ်တန်းအတွေး ပဲရှိပြီး အထက် တန်း အတွေးက အထက်တန်းအတွေးပဲရှိမည်။ ကျောင်းသား အတွေးက ကျောင်းသား အတွေး။ပါမောက္ခက ပါမောက္ခ အတွေး။ ဒေါက်တာက ဒေါက်တာအတွေး မတူကြပါဘူး။ သူများပြောတိုင်း မယုံဘဲ ကိုယ်တိုင် လေ့လာသင့်တယ် ကြိုးစားသင့်ပါသည်။ အနာဂတ်မှာ ထွန်းလင်းတောက်ပမည့် ကြယ်ကလေးများကို နိုင်ငံရေးလုပ်စားသည့် သူများ၏ လက်အောက်မှာ လောင်းရိပ်မမီစေချင်ပါ။ လောင်းရိပ်မိရင် သစ်ပင်တွေ တောင် အတက်နှေးပြီး အပင်ကိုင်းတတ်တာမို့ အထူးသတိပြုစေလိုပါသည်။ လှေလှော်ရင်းတက်မကျိုး မသွားဖို့က မိမိ၏စဉ်းစားတွေးခေါ် မြော်မြင်တတ်မှုကလည်း အထိုက်အလျောက် အရေးပါသည်ကို သိဖို့လို ပါ လိမ့်မည်။

       နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် (၂၀၁၅ခုနှစ်၊ မတ်လတွင်ပြောကြားခဲ့သည့် ရေဒီယိုမိန့်ခွန်းတွင်      အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့အဆိုအမိန့်များ၊ကိုယ်ကျင့်တရားနဲ့တိုင်းပြည်အပေါ်ထားရှိ တဲ့ အာဇာနည်စိတ်ဓာတ်ကိုချီးမွမ်းနေရုံ၊ လေးစားအားကျရုံ၊ဖော်ကျူးနေရုံမျှနဲ့ တာဝန်ကျေပြီလို့မယူဆ ကြဘဲ လိုက်နာလုပ်ဆောင်ဖို့လိုကြောင်းကိုလည်း မီးမောင်းထိုးပြလိုပါတယ်။ ဗိုလ်ချုပ်ရဲ့အဆိုအမိန့်များကို လက် တွေ့ကျင့်သုံးနိုင်ဖို့နဲ့ ဗိုလ်ချုပ်ရည်မှန်းခဲ့တဲ့ ဒီမိုကရေစီအရေး၊ တန်းတူရည်တူရှိရေးနဲ့ ကမ္ဘာ့အလယ် မှာ တင့်တယ်တဲ့ ပြည်ထောင်စုကြီး တစ်ရပ်အဖြစ်ရောက်ရှိအောင် နိုင်ငံရေးခေါင်းဆောင်များအားလုံးနဲ့ နိုင်ငံသားတစ်ဦးချင်း စီကအားလုံးတည်ဆောက်မှသာလျှင် တာဝန်ကျေပြီး ကျေးဇူးတပ်ရာရောက်တယ်လို့ ခံယူထားကြရမှာဖြစ်ပါ တယ်။ တိုင်းပြည်ရဲ့အနာဂတ်အနှစ်၁၀၀ကိုရည်မှန်းကြည့်တဲ့အခါ ထိုအချိန်မှာရှိ နေကြမယ့် တိုင်းပြည်ရဲ့ အနာ ဂတ်လူငယ်တွေက တမ်းတကြ၊ လေးစားကြ၊ အားကျရတဲ့ ခေါင်းဆောင် တွေဖြစ်ဖို့ ဒီကနေ့လူငယ်တွေ အနေနဲ့ ကြိုးပမ်းကြဖို့လည်း တိုက်တွန်းပါကြောင်း…”ထည့်သွင်းပြောကြား ချက်သည် လူငယ်လေးများအတွက် လိုက်နာသင့်၊ နာယူမှတ်သားသင့်သည့် မှာကြားချက်တစ်ခု ပင်ဖြစ်ပါ သည်။

       လူဦးရေ သန်း(၅၀)ကျော်ရှိသည့် မြန်မာနိုင်ငံတွင် လူငယ်များမှာ (၁၆)သန်းရှိသဖြင့် နိုင်ငံ၏(၃၀)%ရှိသော လူငယ်များသည် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အဓိကအခန်းကဏ္ဍမှပါဝင်နေသည်ဖြစ်ရာ အနာဂတ်နိုင်ငံတော်သည် လူငယ်လေးများ၏လက်ထဲတွင်ရှိ နေပါသည်။ မိမိတို့အနေဖြင့် အနာဂတ်ကာလမှာ ပန်းမွေ့ယာရွှေကော်ဇောခင်းထားသည့် လမ်းပေါ် တွင် လျှောက်လှမ်းမည်လား။ ခရောင်းလမ်းကိုလျှောက်လှမ်းမည်လားဆိုသည်ကို ကိုယ်တိုင် စဉ်းစား တွေးခေါ် မြော်မြင်ပြီးမှသာ လုပ်ဆောင်ဖို့လိုအပ်ပါသည်။ အပြုနှင့်အဖျက်၊ အကြောင်းအကျိုးအကောင်းအဆိုးဟူသည် အမြဲဒွန်တွဲနေတတ်ပါသည်။ မိမိလုပ်ရပ်သည် မိမိအတွက်အကျိုးရှိစေသော်လည်း အများအကျိုးထိခိုက်မည် ဆိုပါက မကောင်းပါ။ ၄င်းလုပ်ရပ်မျိုးသည် ဒီမိုကရေစီစံနှုန်းနှင့်မကိုက်ညီပါ။ ဒီမိုကရေစီသည် နိုင်ငံရေးစနစ် သက် သက်မဟုတ်ဘဲ လူသားများအားလေးစားသည့်စိတ်ဓာတ်ဖြစ်ကာ မိမိနှင့်ထပ်တူ အခြားသူများ၏ လွတ်လပ်မှုကို အလေးထားသည့်စိတ်စေတနာ၊ ချစ်ကြည်ရင်းနှီးမှုမေတ္တာ၊ တာဝန်ယူမှုများနှင့် အရာရာကို လုပ်ဆောင်ခြင်းပင်ဖြစ်ရာ ၄င်းစိတ်ဓာတ်သည် လူငယ်လေးများ၏နှလုံးသားတွင်ကျယ်ကျယ်ပြန့်ပြန့် စိမ့်ဝင်လာစေ ရမှာဖြစ်ပါသည်။ စစ်မှန်သည့်ဒီမိုကရေစီဆိုသည်မှာ နန်းတော်များ၊ လွှတ်တော်များစသည့် ခန်းနားထည်ဝါသည့် အဆောက်အဦများထဲမှ ဖန်တီးပြုလုပ်ခြင်းမဟုတ်ဘဲ ပြည်သူများ၏ နှလုံးသားထဲမှာ ဖန်တီးခြင်းဖြစ်သည့်အတွက် လူငယ်လေးများအနေဖြင့် မိမိတို့၏နှလုံးသားထဲမှဒီမိုကရေစီကိုဖန်တီးခြင်း သည်သာလျှင် စစ်မှန်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ရောက်ရှိမည်ဖြစ်ပါသည်။

       အတိတ်၊ပစ္စုပန်၊အနာဂတ်ဟူသည့်ကာလသုံးပါးကိုလူတိုင်းမလွဲမသွေကြုံတွေ့ရမှာဖြစ်ပါသည်။ မည်သူမဆို အတိတ်မှာ မှားကောင်းမှားနိုင်သော်လည်း ပစ္စုပန်တွင်မမှားဖို့လိုပါသည်။ပစ္စုပန်မှာ အကောင်းဆုံး လုပ်ဆောင်နိုင်ပါမှ အနာဂတ်မှာလှပမှာဖြစ်ပါသည်။ ယနေ့အချိန်အခါတွင် ကိုယ်ကျိုးရှာ အတ္တ သမားများ အနေဖြင့် လူငယ်မောင်မယ်များကို သွေးထိုးသွေးမြောက်လုပ်ပေလိမ့်မည်။ က်ျသည်ကို သတိသမံဥာဏ်မြေကတုတ်ဖြင့် စိတ်ဆင်ရိုင်းကိုချွန်းအုပ်ထားဖို့လိုပါလိမ့်မည်။ နိုင်ငံတော်ရဲ့အားများသည် နိုင်ငံတော်အတွက်ကျားမဖြစ်စေရန် အထူးသတိပြုကြရမှာဖြစ်ပါသည်။



                                                                                         ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)

ခရီးဆုံးထိ စည်းလုံးပြီး ဇွဲနဲ့ချီတက်မည်……

     
  ယနေ့ကမ္ဘာလောကကြီးသည် လူသားတို့၏ ကာယ၊ဥာဏ၊ဇွဲလုံလ၊၀ီရိယတို့ဖြင့် စုစည်းတည် ဆောက် ထား သည့် ကမ္ဘာလောကကြီးဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိလူသား တိုင်း လိုလိုသည် မွေးဖွားလာ ကတည်းက တစ်ဦးတစ်ယောက်ထဲနေလို့မရ။ တစ်ဦးကိုတစ်ဦးအမှီသဟဲပြုကာ နေကြရပါသည်။ မိသားစု များ မိတ်ဆွေ သင်္ဂဟများဖြင့် စုပေါင်းနေထိုင်ကြရသည့် သတ္တ၀ါများဖြစ်ပါသည်။ သို့သော် ပတ်ဝန်းကျင် ကောင်းရှိဖို့တော့ လိုပါသေးသည်။သူငယ်ချင်းကို ရွေးချယ်ပေါင်းသင်းရ်ျရသော်လည်း အိမ်နီးချင်းကို ရွေးချယ်လို့မရပါဟု အဆိုရှိ ပါသည်။ ပတ်ဝန်းကျင်ကောင်းမှာရှင်သန်ရသည့်လူများသည်ပတ်ဝန်းကျင်ကောင်း၏ ရိုက်ခတ်သည့် ကောင်းကျိုးချမ်းသာများရရှိနိုင်သကဲ့သို့ ပတ်ဝန်းကျင်ဆိုးဆိုးနှင့်ကြုံတွေ့ရမည်ဆိုပါက အဆိုးသံသရာမှာ တ၀ဲလည်လည်ဖြစ်နေမှာ အမှန်ပင်ဖြစ်ပါသည်။ 

       ယနေ့ကမ္ဘာကြီးသည်ရွာကြီးတစ်ရွာအလားအရှေ့နှင့်နောက်တောင်နှင့်မြောက်သည် ကူးလူး ဆက်သွယ်ရလွယ်ကူသကဲ့သို့သတင်းစကားသည်လည်း နေ့ချင်းညချင်းရောက်နိုင်လောက်အောင်ပင် ဆက်သွယ်ရေး စနစ်ကလည်းလျှင်မြန်လှပါသည်။ ကမ္ဘာတစ်ဝှမ်းဖြစ်နေသည့် အကြောင်းကိစ္စမှန်သမျှ အချိန်နှင့် တစ်ပြေး ညီသိရှိ နိုင်လာပြီဖြစ်ပါသည်။ 

       မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာတစ်ဝှမ်းလုံးရှိနိုင်ငံတိုင်းလိုလိုက ဒီမိုကရေစီစနစ်ကိုကျင့်သုံးသည့်အတွက် ကြောင့် မိမိနိုင်ငံကိုလည်း နိုင်ငံရေးမျက်နှာစာအသစ်ဖွင့်လှစ်လိုက်ကာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင် ရန်ကြိုးပမ်း အားထုတ်ခဲ့သည်။ သို့သော် ဒီမိုကရေစီသည် ခရီးဆုံးပန်းတိုင်မဟုတ်လျှောက်လှမ်းရမည့် လမ်းစဉ်ဖြစ်ကာ ပြည်သူအများပူးပေါင်းပါဝင်မှသာ ဒီမိုကရေစီစနစ် အမြဲရှင်သန်ခိုင်မာမှာဖြစ်ပါသည်။

       ဒီမိုကရေစီတွင် အခြားသူများ၏အခွင့်အရေးကို မထိခိုက်သမျှ လူတစ်ဦးချင်းက မိမိနှစ်သက်ရာ စိတ်ချမ်းသာပျော်ရွှင်မှုကို ရယူနိုင်သည်။ သူတစ်ပါးကိုထိခိုက်သမျှ ဒီမိုကရေစီသည် ပြည်သူများကိုယ်တိုင် ပါဝင်ပြီး ပြည်သူများက ပြည်သူ့အတွက် ပြည်သူများကိုယ်တိုင်ပါဝင်စီမံခန့်ခွဲသည့် ကျင့်စဉ်ဖြစ်သောကြောင့် ဒီမိုကရေစီ၏အနှစ်သာရ ကိုပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိဖို့လိုအပ်ပါသည်။ သို့မဟုတ်ပါက ကိုယ်ကျိုးရှာ အတ္တသမားများ၏သားကောင်ဖြစ်သွားနိုင်ပါသည်။ ဒီမိုကရေစီသည်တစ်ဦးချင်းစီ၏ လွတ်လပ်မှုကို ကျယ်ကျယ်ပြန့်ပြန့်အသိအမှတ်ပြုထားသော်လည်း ထင်တိုင်းကျဲစိတ်တိုင်းကျ အသုံးချမည် ဆိုပါက ဒီမိုကရေစီ ၏ အနှစ်သာရနှင့်ဝေးကွာသွားပါလိမ့်မည်။

       ယနေ့အချိန်အခါတွင်တွေ့မြင်နေရသည့်အကြောင်းအရာများစွာထဲမှထုတ်နှုတ်တင်ပြရမည်ဆိုလျှင် ပြည်သူတို့၏ အခက်အခဲအကြပ်အတည်းများကို အခွင့်ကောင်းယူ ဒီမိုကရေစီကိုဗန်းပြပြီး ကိုယ်ကျိုး ရှာနေကြ စိတ်မချမ်းမြေ့ဖွယ်တွေ့မြင်နေရပြန်ပါသည်။အမှန်အားဖြင့်ပြည်သူ လူထုသည်မိမိမှာရှိသည်ဖြင့် ရောင့်ရဲတင်းတိမ်တတ်ကြသည်။ စားဝတ်နေရေးအတွက်အဆင်ပြေလိုသည်။ အေးချမ်းမှုကိုလိုလား သည်။ သို့သော် လူသားတို့ အနေဖြင့် အသက်ရှင် နေရုံသက်သက်အတွက် စားဝတ်နေရေးကို လုံးပန်းနေရသည့် အနေအထား ဖြစ်နေမည်ဆိုပါက ထိုသူတို့အတွက်ကြီးမားသည့်ပြသနာတစ်ခုပင်ဖြစ်သည်။ က်ျသို့သော အခြေ အနေမျိုးသည် ကိုယ်ကျိုးရှာ အတ္တသမားများအတွက်အခွင့်ထူးတစ်ရပ်ပင်ဖြစ်သည်။ ပြည်သူများမှာ စားဝတ်နေရေးကြပ် တည်း လာပြီ ဆိုပါက လုပ်သင့်သည်မလုပ်သင့်သည်ကိုပင် မစဉ်းစားအား တော့ပါ။ သမုဒ္ဒရာဝမ်းတစ်ထွာ အတွက် ဖြေရှင်းရတော့မည်။ အူမတောင့်မှသီလစောင့်နိုင် မည့် အခြေအနေတွင် ပြည်သူ့အတွက် နိုင်ငံအတွက်ဆိုတာထက် မိမိအတွက်အရင်စဉ်းစားမှာဖြစ်သည့်အတွက် အပြစ်မဆိုသာ ပါ။ ငါးပွက်ရာ ငါးစာချတတ်သည့် ကိုယ်ကျိုးရှာအတ္တသမားများကြောင့်သာဖြစ်ပါသည်။

       ခရစ်တော်က “လူသားအားလုံးမိမိအပေါ်ပြုမူမှာကို မနှစ်သက်သကဲ့သို့ အခြားသူများအပေါ်မပြုမူကြနဲ့ ”တရုတ်ပညာရှင် ကွန်ဖြူးရှပ်ကလည်း “ကိုယ့်အပေါ်မလုပ်စေချင်တာကို သူများအပေါ်လည်း မလုပ်နဲ့”ဟု ဆိုထားသည်ကိုတွေ့ရပါသည်။သို့သော်လည်း လူတို့သည်မိမိအကျိုးအတ္တအတွက်လုပ်သင့်သည်။ မလုပ် သင့်သည်ကို မစဉ်းစားမတွေးခေါ်တော့။ ကိုယ့်အတွက် အကျိုးရှိမည်ဆိုလျှင် တောမီးလောင် တောကြောင် လက်ခမောင်းခတ်ဆိုသလို မိမိအကျိုးရှိမည်ဆိုပါက သူတစ်ပါး၏ဘ၀များ ကိုချနင်းရ မည်ဆိုပါကလည်း ချနင်းဖို့ရာမခဲယဉ်း တတ်ကြပါ။ 

       ယနေ့နိုင်ငံရေးအခင်းအကျင်းကိုကြည့်မည်ဆိုပါက နိုင်ငံတော်အစိုးရက ငြိမ်းချမ်းရေး အတွက်ကြိုးစား ပမ်းစားဆောင်ရွက်နေသော်လည်း ကိုယ်ကျိုးရှာအတ္တသမားများက မိမိတို့ကောင်းစားရေးအတွက် လက်နက်ကိုင်ဆန့်ကျင်ပြသည်။ ပြည်တွင်းရေးမငြိမ်မသက်ဖြစ်အောင်လုပ်သည်။ အကြပ်အတည်းဆိုတာ လူတိုင်းမှာရှိတတ်ပါသည်။ စီးပွားရေးအဆင်ပြေသူက လူမှုရေး၊ မိသားစုရေးကိစ္စအဆင်ပြေချင်မှပြေမည်။ သို့မဟုတ်လျှင် ကျန်းမာရေးအတွက် ပူပင်သောကဖြစ်ရမည်။ လူမှုရေးကျန်းမာရေးအဆင်ပြေကောင်းမွန် လျှင်ဖြင့် စီးပွားရေးက ကျပ်တည်းမည်။ လူတစ်စု ပူမှုရယ်တဲ့ အထွေထွေဖြစ်နေတတ်တာ လောကသဘာဝ ပါ။ အခက်အခဲအကြပ်အတည်းကို ကောင်းမွန်စွာစိတ်ရှည်သည်းခံစွာ ဖြေရှင်းနိုင်တဲ့သူများ ရှိသကဲ့သို့ မဖြေရှင်း နိုင်ကြသည့် သူများလည်းရှိရာ ၄င်းအတွက် ထွက် ပေါက်တစ်ခုလိုကိုလိုမည်မှာအမှန်ပင်။ ထိုသူတို့ သည် ကိုယ်ကျိုးရှာအတ္တသမားများ၏ သားကောင်ဖြစ်ရပေတော့သည်။ က်ျသည်ကို အခွင့်ကောင်း ယူပြီး သကာလ ကိုယ်ကျိုးရှာအတ္တသမားများက လိုသလိုအသုံးချပါလေတော့သည်။ 

       ၁၉၄၇ခုနှစ်၊ ဇူလိုင်လ၁၃ရက်နေ့ မြို့တော်ခန်းမတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ပြောကြားခဲ့သည့် မိန့်ခွန်းတွင်… “ယခုတိုင်းပြည်မှာမငြိမ်မသက်ဖြစ်နေတဲ့ကိစ္စ၊ဆူဆူပူပူဖြစ်နေတဲ့ကိစ္စတွေဟာ တိုင်းပြည် အတွက်အကျိုးရှိသလား။ အကျိုးမရှိဘူးလားဆိုတာခင်ဗျားတို့ထပ်စဉ်းစားဖို့လိုတယ်။ဆူပူ သောင်း ကျန်းမှု တွေကို ဗမာ ပြည်ချစ်တဲ့ လူတွေမှန်သမျှ ၀ိုင်းဝန်းကူညီနှိမ်နင်းဖို့လိုတယ်။ ဘယ်သူ့ကိုမှ အားပေးဖို့မလိုဘူး။ တိုင်းသူပြည်သား ညီညွတ် ရေး၊ လူထုရဲ့ညီညွတ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးအတွက် ယခုထက်ပိုပြီး ဆတက်ထမ်းပိုးတိုးပြီး လုပ်ကြဖို့လိုတယ်…”ဟုထည့်သွင်းပြောကြားခဲ့သည် ကိုတွေ့ရှိရပါ သည်။ ဗိုလ်ချုပ်ကိုအမှန်တကယ်ချစ်မြတ်နိုး သည်ဆိုလျှင်ဖြင့် ဗိုလ်ချုပ်၏အဆိုအမိန့်များ၊ ဗိုလ်ချုပ်၏ လမ်းစဉ်များကို အစဉ်အမြဲလေးစားလိုက်နာကြရမှာဖြစ်ပါသည်။ ကမ္ဘာကြီးကို လှပအောင်သာယာအောင် လူသားတို့စုပေါင်းအားနှင့် တည်ဆောက်ထား ပါသကဲ့သို့ မြန်မာ့မြေပေါ်မှာ မှီတင်းနေထိုင်ကြသည့် လူသားအားလုံး ကိုယ်စီအသိတရားနှင့် ဒီမိုကရေစီပန်းတိုင်းကိုအရောက်ချီတက်ကြရင်း ဒီမိုကရေစီ စိတ်ဓာတ် အမြဲထွန်းကား အောင်ဆောင်ရွက်ကြ ပါစို့ဟု တိုက်တွန်း ပြောကြား လိုက်ရပါသည်။

                                                                                     
ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)

Friday, December 26, 2014

သမိုင်းဝင်အောင် သမိုင်းတင်ခဲ့သူများ


စာရေးသူ၏စာမူပါသော ရေနံချောင်းမြို့၊အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့်မဂဇင်း တစ်အုပ်ကို ရာပြည့်မဂဇင်းကော်မတီ၏ ဂုဏ်ပြုလက်ဆောင်အဖြစ်ရရှိခဲ့သည်။ မဂဇင်းတွင် ကျောင်းသမိုင်း နှင့်ဖြစ်စဉ်၊ အမှတ်တရစာစုများ၊ ၀တ္ထုတို၊ဆောင်းပါး၊ပန်းချီ၊ ကာတွန်း၊ဓာတ်ပုံစသည်တို့ဝေေ၀ ဆာဆာပါ ရှိသဖြင့် ဖတ်ရသည်မှာကျောင်းနေစဉ် ငယ်ဘ၀ကိုပြန်လည်ရောက်ရှိသွား သယောင်ယောင်ခံစားရမိပါ သည်။စာမူပေါင်းများစွာအနက်မှ ဗိုလ်ချုပ်အောင်ဆန်း၏လက်ရေးစာမူနှင့်ပတ်သက်သော အကြောင်းအရာ အချို့ကို မျှဝေသွားပါမည်။

တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်း၏ ပါဠိဘာသာမှတ်စု

စာရေးသူတို့ကျောင်းသူဘ၀က ကျောင်းစာကြည့်တိုက်တွင်းသို့ဝင်လျှင်ဝင်ခြင်း လေးချောင်း ထောက်ခုံမြင့် ပေါ်ရှိမှန်သေတ္တာအတွင်းတွင်ဖွင့်လျှက်သားပြသထားသော မှတ်စုစာအုပ်ကလေးတစ်အုပ်ကို မြင်တွေ့နေ ကျဖြစ်သည်။ဗိုလ်ချုပ်အောင်ဆန်း၏မှတ်စုစာအုပ်ကလေးတစ်အုပ်ကို မြင်တွေ့နေကျဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း၏လက်ရေးမူရင်ဟု ကမည်းတပ်ထားသဖြင့်မကြာခဏကြည့်ဖြစ်ပါသည်။သို့သော် ပါဠိဘာသာ ကိုအင်္ဂလိပ်လိုရေးသားထားသဖြင့် ရေးသားထားသောမှတ်စုစာအုပ်ဟုသာသဘောထားခဲ့ပါသည်။ သို့သော် မဂဇင်းပါဆရာတော်ဦးရေ၀တ(ဓမ္မ၀ါစကပဏ္ဍိတ)၏ဗိုလ်ချုပ်၏ပါဠိမှတ်စုကို ဖတ်ရှုလေ့လာခြင်း ဆောင်းပါး ကို ဖတ်ရှုရမှ တန်ဖိုးကြီးမားလှသည်ကို သိရှိလိုက်ရသည်။

ထိုမှတ်စုစာအုပ်မှာ ဗိုလ်ချုပ်အောင်ဆန်း တက္ကသိုလ်ကျောင်းသားဘ၀ ၁၉၃၃ခုနှစ်က ပါဠိဘာသာကို အင်္ဂလိပ်လိုရေးမှတ်ထားသောမှတ်စုဖြစ်ပါသည်။ စာအုပ်အမည်ကိုလည်း Note of Paliဟု ရေးထားပြီး စာမျက် နှာ (၁)မှ (၆၁)အထိပါရှိပါသည်။ မှတ်သားထားသောအကြောင်းအရာများမှာ-

၁။ပဉ္စနန္တိယကံငါးပါး၊ 
၂။ အရိယာပုဂိုလ်များ၊ 
၃။ ဘုရားအလောင်း၏မယ်တော်တို့၏ဓမ္မတာ
၎။ ဓမ္မစက္ကပ၀တ္တနသုတ်၊
၅။ ပါဠိဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားချက်များ
၆။ ပါဠိဘာသာနှင့်စပ်လျဉ်းသော ဗိုလ်ချုပ်၏ရင်တွင်းမှတ်ချက်များ စသည်တို့ဖြစ်ကြသည်။
ဆောင်းပါးရှင်ဆရာတော်ကမူ ဗုဒ၀င်ဖွားတော်မူခန်းမှစကာ ဓမ္မပဒ၀တ္ထုအလယ် ဓမ္မစကြာအဖွင့်ခန်းနှင့် နိဗာန်အဆုံးမှတ်သားထားသဖြင့် ယနေ့စသင်တိုက်များတွင် သင်ကြားပို့ချနေသောအခြေပြုမူလတန်း မှသည် ဓမ္မာစရိယနှင့်ပရိယတ္တိ တက္ကသိုလ်အဆင့်သင်ရိုးများပါဝင်နေကြသည် ဟုဖော်ညွှန်းပါသည်။ ယင်း အပြင်“ ထိုပါဠိ ဘာသာမှတ်စုကိုကြည့်ရှုလေ့လာခြင်းဖြင့် ဗိုလ်ချုပ်၏ ဗုဒဘာသာအပေါ်ယုံကြည်သက်ဝင်မှု၊ ပါဠိသဒ္ဒါဥာဏ်နှင့်ပါဠိစာပေနှံ့စပ်ပုံ၊ဗုဒဘာသာတရားတော်များမှ နိုင်ငံရေး၊လူမှုရေး၊စီးပွားရေးစသော အသိ ပညာဗဟုသုတရအောင်သင်ယူအားထုတ်ခဲ့ပုံတို့ကိုလေ့လာသုံးသပ်နိုင်သောကြောင့်အဖိုးမဖြတ်နိုင်သော မှတ်စု ”ဟု မှတ်ချက်ပြု ပါသည်။

စာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်းက The teachings of the Buddha are indeed wounderful. ဟု မှတ်သားထားသဖြင့် ဆောင်းပါးရှင်ဆရာတော်၏သုံးသပ်ချက်မှာ-

ပါဠိဘာသာတတ်ကျွမ်းနားလည်သူသည် ပါဠိ(ဘာသာ)စာပေမှရရှိသော အသိဥာဏ်ကို မှန်ကန်စွာ အသုံး မချတတ်သော လူယုတ်မျာသာဖြစ်ခဲ့ပါမူ မိမိကိုယ်ကိုသာမက တိုင်းပြည်နှင့်လူမျိုးကိုပါ ဒုက္ခရောက် အောင်ချောက်တွန်းနိုင်သကဲ့သို့ သူတော်ကောင်းစိတ်ဓာတ်ရှိသော ဗိုလ်ချုပ်ကဲ့သို့သော အာဇာနည် ပုဂိုလ် မျိုးသာဖြစ်ခဲ့ပါမူ အမှန်တကယ်လွတ်လပ်ရေးရအောင်ဆောင်ရွက်နိုင်ကြောင်းဖြစ်ပေရာမှတ်သားစရာ ဥာဏ် အလင်းဖြာခဲ့ရပေသည်။

ဖော်ပြပါ မှတ်စုစာအုပ်နှင့်ပတ်သက်သည့်ဆောင်းပါးတစ်ပုဒ်ကိုလည်း ဖတ်ရှုရပြန်ပါသေးသည်။ ထိုဆောင်းပါးမှာ ဆောင်းပါးရှင် ကျော်လွင် (ရေနံ့သာ)၏ “သမိုင်းဝင်စာအုပ်နှင့် သမိုင်းတင်ရန် ရှာပုံတော်” ဖြစ်သည်။ ထိုစာအုပ်သမိုင်းကြောင်းကိုဖော်ထုတ်နိုင်ရန် အငြိမ်းစားဆရာကြီးများ၊ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျောင်းနေဖက်သူငယ်ချင်းများ၏မိသားစုဝင်များ၏ပြောကြားချက်များ၊အထောက်အထားစာရွက်စာတမ်းလက်မှတ်များ၊ဗိုလ်ချုပ်နှင့်ပတ်သက်သောစာနယ်ဇင်းများကို အခြေပြုကာ ရေးသားထားသော ဆောင်းပါး ရှင်၏ လေ့လာအားထုတ်မှုကို လေးစားမိပါသည်။

ဗိုလ်ချုပ်အောင်ဆန်းလောင်းလျာမောင်အောင်ဆန်းသည် နတ်မောက်မြို့ ဦးသောဘိတကျောင်းမှ မြန်မာ  (၆)တန်းအောင်မြင်ပြီးနောက် ၁၉၂၈ခုနှစ်ဇွန်လတွင်ရေနံချောင်းမြို့ အမျိုးသားအထက်တန်းကျောင်း တွင် ဆက်လက်ပညာသင်ကြား ခဲ့သည်။ ၁၉၃၂ခုနှစ်တွင် မြန်မာ(၁၀)တန်းကို မြန်မာစာနှင့်ပါဠိဘာသာ(၂)ဘာ သာဂုဏ်ထူးဖြင့်အောင်မြင်သည်။ မောင်အောင်ဆန်း၏ ခုံအမှတ်မှာ (၁၂၈၃)ဖြစ်ပြီး သူငယ်ချင်း မောင်ကြည်စိန် ၏ ခုံအမှတ်မှာ (၁၂၈၈)၊မောင်အောင်ဆန်းညီဝမ်းကွဲမောင်အောင်၏ခုံးအမှတ်မှာ (၁၂၈၉)ဖြစ်သည်။ ထိုနှစ်မှာပင် အထက်တန်းအောင်လက်မှတ်ကိုချီးမြှင့်ရာ မောင်ကြည်စိန်၏ အောင်လက်မှတ် အမှတ်စဉ်မှာ(၆၂၇)ဖြစ်ပြီး၊မောင်အောင်ဆန်း၏အောင်လက်မှတ်အမှတ်စဉ်မှာ(၆၃၁)ဖြစ်သည်။ထိုလက် မှတ်ကိုမောင်အောင်ဆန်းကလာရောက်မထုတ်ယူသဖြင့်ကျောင်းကိစ္စကျောင်းစာမေးပွဲကိစ္စများကို ကျောင်း အုပ်ဆရာကြီးဦးပုနှင့်တွဲဖက်ဆောင်ရွက်ရသူ မောင်အောင်ဆန်းတို့၏ ဆရာဦးဘအုန်းက သိမ်းထားခဲ့ရ သည်။ ထိုလက်မှတ်ကို တပ်မတော်မော်ကွန်းတိုက်သို့ လှူဒါန်းထားပြီးဖြစ်သည်။

၁၉၃၂ခုနှစ်တွင် ကိုအောင်ဆန်းနှင့် ကိုကြည်စိန်တို့ ရန်ကုန်တက္ကသိုလ်ပဲခူးဆောင်တွင် အခန်းချင်းကပ် လျက်နေထိုင်ကာ စားအတူ သွားအတူရှိခဲ့ကြရသည်။ တစ်ယောက်နှင့်တစ်ယောက်အပြန်အလှန်ဖေးမကာ စာအုပ်ငှားရမ်းမှုများရှိခဲ့သည်။ ကိုအောင်ဆန်းသည် စာအုပ်ငှားရမ်းပြီးပြန်ပေးသည့်အခါ “ကိုကြည်စိန်-ခင်ဗျားဆီက ငှားထားတဲ့စာအုပ်ပြန်ပေးလိုက်ပြီ”ဟု စာတိုရေးပြီး လက်မှတ်ထိုးလေ့ရှိသည်။ 

ကိုအောင်ဆန်းသည် အမျိုးသားအထက်တန်းကျောင်းသားဘ၀ကတည်းကပင် ပါဠိဘာသာ ထူးချွန်သဖြင့် ကိုကြည်စိန်သည် ကိုအောင်ဆန်းထံမှ ပါဠိဘာသာမှတ်စုစာအုပ်ကို မကြာခဏငှားရမ်းကြည့်ရှု ခဲ့ရသည်။ ယခုကျောင်းရှိစာအုပ်မှာ ကိုကြည်စိန်က ကိုအောင်ဆန်းထံမှ ငှားရမ်းခဲ့သော စာအုပ်ဖြစ်ပြီး ကိုအောင်ဆန်း က ပါဠိဘာသာသည် သူ့အတွက် အပမ်းမကြီးသောဘာသာဖြစ်ကာ သူငယ်ချင်းလေ့လာရန် အပြီး အပိုင်ပေးထားခဲ့ခြင်းဖြစ်ပါသည်။

၁၉၃၈ခုနှစ်တွင် ကိုအောင်ဆန်းနှင့်ကိုကြည်စိန်တို့ ၀ိဇာဘွဲ့ရရှိကြသည်။ ကိုအောင်ဆန်းက ဘီအယ်လ် ဆက်တက်ရ်ျ ကိုကြည်စိန်က ရေနံချောင်းသို့ပြန်လာခဲ့သည်။ ကိုကြည်စိန်၏ ဆရာဘ၀သည် အထက(၁)ဖြစ် လာမည့် နိုင်ငံတော်အစိုးရအထက်တန်းကျောင်းတွင် အထက်တန်းပြဖြင့် ၂၅.၇.၁၉၄၇မှစတင်ခဲ့ပြီး ကျောင်းအုပ်ကြီးအဖြစ် အငြိမ်းစားယူခဲ့ပြီး ၁၉၇၃ခုနှစ်တွင် ဆုံးခန်းတိုင်ခဲ့သည်။

ဦးကြည်စိန်ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် ၁၉၆၂-၆၃ပညာသင်နှစ်တွင် ပညာရေးပြပွဲ တစ်ရပ်ကို ကျောင်းဝန်းအတွင်းတွင် ခမ်းနားကြီးကျယ်စွာ ပြုလုပ်ခဲ့သည်။ထိုပြပွဲတွင် ဘာသာရပ်ဆိုင်ရာပြ ခန်း များကို အပြိုင်အဆိုင်ခင်းကျင်းပြသခဲ့ကြရာတွင် သမိုင်းဘာသာရပ်ပြခန်းတွင် ဗိုလ်ချုပ် အောင်ဆန်း ၏လက်ရေးစာမူမှတ်စုစာအုပ်ကိုပြသခဲ့သည်။ ပြပွဲပြီးသည့်နောက် ကျောင်းစာကြည့်တိုက်တွင် ထား ရှိရန် ဆရာကြီးဦးကြည်စိန်က လှူဒါန်းခဲ့ခြင်းဖြစ်ပေသည်။

ငယ်စဉ်ကျောင်းသူဘ၀ကကျောင်းစာကြည့်တိုက်အတွင်းဝင်ထွက်ရင်း အမှုမဲ့အမှတ်မဲ့ရှိနေခဲ့သော မှတ်စု စာအုပ်အဟောင်းလေးက ပြောပြသည့် အာဇာနည်ခေါင်းဆောင်ကြီး၏ စိတ်နေစိတ်ထားနှင့် ပါဠိဘာသာ တွင်ထူးချွန်ရာမှပါဠိဘာသာမှရရှိသောဥာဏ်အလင်းဖြင့် အမျိုးသားခေါင်းဆောင်ကြီးဖြစ်အောင် စွမ်းဆောင် နိုင်ခဲ့ကြောင်းကို ရာပြည့်မဂဇင်းဖတ်ရှုရာမှ ပြည့်ပြည့်၀၀သိလိုက်ရပေတော့သည်။

                                                                                            ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)

စာကိုး- ရေနံချောင်းမြို့၊အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ရာပြည့် မဂဇင်း






Tuesday, December 23, 2014

မြန်မာလွပ်လပ်ရေးဇာတာ

၁၉၄ရ-ခုနှစ်ဦးလောက်ကဖြစ်သည်။

ပြန်ကြားရေးဝန်ကြီး ဒီးဒုန်ဦးဘချိုသည် ပျဉ်းမနားဆရာဦးသန်းမောင်နှင့် တပည့်ရင်းဖြစ်သူ ဆရာမောက် တို့ကို ခေါ်၍ လွပ်လပ်ရေးအခါဖာတာတွက်ရန် တာဝန်ပေးခဲ့သည်။ ဆရာမောက်က ပညာရှင်များစုဖွဲ့၍ တွက်ချက်လျှင်မကောင်းပေးဘူးလားဟု စောဒကတက်သေးသည်။ ဦးဘချိုက ဆရာများလျှင် စကားများ နိုင်တယ်၊ သူ့ရက်ကောင်းတယ် ငါ့ရက်ကောင်းတယ်နှင့် ငြင်းခုန်နေသဖြင့် အဆုံးသတ်နိုင်မည်မဟုတ်။ ဦးသန်းမောင်တစ်ယောက်တည်းသာတွက်ချက်ပါ။ မျှော်မှန်းတဲ့ရက်ကတော့ ၁၉၄၈ခုဇန်န၀ါရီလ လယ်အတွင်းပေါ့။ အဲဒီလောက်မှာ ရက်ကောင်းတစ်ရက်ကို ရွေးထားပါဟု တိတိကျကျ တာဝန်ပေးခဲ့သည်။ ထိုလုပ်ငန်းသည် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ဒီးဒုတ်ဦးဘချိုကျဆုံးခဲ့သဖြင့် ခေတ္တရပ် ဆိုင်းသွားခဲ့သည်။

နု-အက်တလီစာချုပ် ချုပ်ဆိုရန် ၀န်ကြီးချုပ်ဦးနု ဘိလပ်မသွားမီ လွပ်လပ်ရေးအခါရက် လိုအပ်လာသည်။ ပြန်ကြားရေးဝန်ကြီးသစ် သခင်လွန်းဘော်က ဆရာမောက်မှတစ်ဆင့် ရမည်းသင်းနေဆရာ ဦးသန်းမောင် ထံတောင်းခံလာသည်။ ဆရာမောက်ထံမှ စာရသည်မှာ အောက်တိုဘာလ(၉) ရက် ကြာသပတေးနေရဖြစ် သည်။ ဆရာဦးသန်းမောင်သည် မင်္ဂလာအခါကို နေ့ (၁)နာရီမှစတင်တွက်ချက်ရာ ည(၂)နာရီကျော်မှပြီးစီး သည်။ (၁၀)ရက် သောကြာနေ့တွင် မှတ်ပုံတင်စာဖြင့်ဆရာမောက် ထံပေးပို့ ခဲ့သည်။ ထိုအခါဇာတာသည် စနေနေ့တွင်သာစာဝေခဲ့ပါမူ ဆရာမောက်ထံမှတစ်ဆင့် သခင်လွန်းဘော်ထံရောက်သွားသည်။ သခင်လွန်း ဘော်ထံမှတစ်ဆင့် (၁၂)ရက် တနင်္ဂနွေနေ့တွင်ဘိလပ်သို့သွားရောက်မည့် ၀န်ကြီးချုပ်ဦးနုထံထိုနေ့ အတွင်း အချိန်မီရောက်သွားနိုင်မည်ဖြစ်သည်။ သို့သော်အရေးကြီးသောအခါ ဇာတာသည် တနလာင်္နေ့ ကျမှ သာ သခင် လွန်းဘော်ထံရောက်သွားခဲ့၍ ဘိလပ်သွား ဦးနုနှင့်လွဲချော်ခဲ့ရသည်။

သို့သော်များမကြာမီရန်ကုန်မြို့ မဟာမြိုင်ကျောင်းတွင် လွပ်လပ်ရေးမင်္ဂလာအခါနှင့် ပတ်သက်သော ဆွေးနွေးပွဲတစ်ခုကို အခါပေးပညာရှိများအား ဖိတ်ခေါ်၍ ပြုလုပ်စေခဲ့သည်။ ထိုဆွေးနွေးပွဲသို့ ပြန်ကြား ရေးဌာန ၀န်ကြီး သခင်လွန်းဘော်၊ စက်မှုလက်မှုနှင့် အလုပ်သမားဌာန၀န်ကြီး ဟင်္သာတဦးမြ၊ ဦးနု၏ အပါး တော်မြဲ ဗိုလ်သိန်းဆွေ၊ ဖဆပလ အထွေထွေအတွင်းရေးမှူး ဦးဗဆွေတို့နှင့်အတူ ပညာရှင်များနေဖြင့် မဟာမြိုင်ဆရာတော်၊ သခင်ကိုယ်တော်မိုင်း၊ ပုဏ္ဏားဦးလှမောင်၊ ဆရာတော်ဦးတေဇောသာရ၊ ပျဉ်းမနား ဆရာနှင့်ဆရာမောက် တို့တက်ရောက်ကြရသည်။ တက်ရောက်လာသောပညာရှင်များက မိမိတို့သန်ရာ သန်ရာ အခါဂြိုဟ်ခွင်များကို တင်ပြကြရာတွင်-

ဇန်န၀ါရီလ(၁)ရက်နေ့ဂြိုဟ်ခွင်ကို မဟာမြိုင်ဆရာတော်၊ သခင်ကိုယ်တော်မှိုင်း၊ ပုဏ္ဏားဦးလှမောင်၊

ဇန်န၀ါရီလ (၆)ရက်နေ့ဂြိုဟ်ခွင်ကို ဆရာတော်ဦးတေဇောသာရ

ဇန်န၀ါရီလ(၁၅)ရက်နေ့ဂြိုဟ်ခွင်ကို ပျဉ်းမနားဆရာဦးသန်းမောင် တို့က တင်ပြကြသည်။

တင်ပြသည့်ရက်များမှာ ကိုယ့်အမြင်အရကောင်းသည်ထင်သော်လည်း အခြားပညာရှင်များ၏ အယူအဆ အရ ဘ၀င်မကျသည်များပါရှိသည်။ အခြေအတင် အငြင်းအခုန်များရှိလာသဖြင့် (၁) (၆) (၁၅) ရက်တို့ အစားအခြားရက် တစ်ရက်ရက်ကို ရွေးချယ်ရန်၊ ရွေးချယ်ရာတွင်လည်း ဒီးဒုတ်ဦးဘချိုလမ်းညွှန်သွား သကဲ့သို့ တိုင်းပြည်အတွက် တကယ့်စေတနာကောင်းနှင့် အခါကောင်းကိုရွေးချယ်ရန် ပျဉ်းမနားဆရာ ဦးသန်းမောင် က ဆွေးနွေးခဲ့ရာ အားလုံးသဘောတူညီပြီးလက်ခံကြသည်။ 

အခါတော်ရက်ရွေးသည့် လုပ်ငန်းကိုဆောင်ရွက်ရန်အတွက် အချိန်သိပ်မရပေ။ ထိုနေ့မွန်းလွဲ(၃)နာရီ အတွင်း အပြီး ရွေးရမည်။ ရွေးပြီးရက်ကို ၀န်ကြီးအဖွဲ့က ဆွေးနွေးအတည်ပြုပြီး ဘုရင်ခံထံ တင်ပြရမည်။ ဘုရင်ခံဆာဟူးဘတ်ရန့်စ်က ညနေ(၅)နာရီတွင် ဘိလပ်သို့ ကြေးနန်းဖြင့် ချက်ခြင်းပို့ရမည်။ သို့ရာတွင် ပညာရှင်များခေါင်းချင်းဆိုင်၍ ဦးလှမောင်နှင့် ဆရာမောက်တို့တွက်ချက်သော (၅)ရက် တနင်္လာနေ့နှင့် (၈)ရက် ကြာသပတေးနေ့တို့ကို ညနေ (၂)နာရီ (၄၅)မိနစ်ခန့်တွင် သဘောတူညီစွာရရှိခဲ့သည်။ ထိုစဉ်တွင် ဦးတေဇောသာရက (၆)ရက်နေ့ကို လုံးလုံးမပြင်နိုင်ကြောင်းကန့်ကွက်လာသည့်အတွက် (၅)ရက်နေ့ကို ပယ်ဖျက်ပြီး (၆)ရက်နေ့ကို အစားထိုးထည့်ပေးလိုက်ရသည်။ 

ဆွေးနွေးပွဲအပြီးအပြန်တွင် ဦးသန်းမောင်က ဦးဗဆွေအနားကပ်ကာ (၆)ရက်နှင့် (၈)ရက်တွင် (၆)ရက်နေ့က အပြစ်အနာအဆာရှိ၍ (၈)ရက်နေ့ကိုရွေးချယ်သင့်ကြောင်း သတိပေးလိုက်သေးသည်။ သို့သော် နောက်နေ့ထုတ်သတင်းစာများတွင် ၁၉၄၈ခုနှစ် ဇန်န၀ါရီလ(၆)ရက်၊ အင်္ဂါနေ့ နံနက် ၁၁နာရီ ၅၆မိနစ်တွင် လွတ်လပ်ရေးကြေညာမည်ဖြစ်ကြောင်း ပါရှိလာခဲ့သည်။ 

သို့ဖြစ်ရာ ပျဉ်းမနားဦးသန်းမောင်က ဘာကြောင့် (၈)ရက်နေ့မဖြစ်ရသလဲဟု ဦးလွန်းဘော်ကို မေးကြည့်ရာ ဗေဒင်အကျိုးအပြစ်ကိုတော့မသိပါ၊ မြန်မြန်လွတ်လပ်ချင်လို့ (၆)ရက်နေ့ရွေးကြောင်း၊ ရက်ကတော့ ပြင်လို့ မဖြစ်ပါ။ အချိန်ကို ပြင်ချင်လျှင်ပြင်နိုင်ပါသည်ဟု ပြောပါသည်။ ထိုအခါ ဦးသန်းမောင်က နေ့ မကောင်းဖြစ်၍ အချိန်ပြင်သော်လည်းအကြောင်းထူးမည်မဟုတ်ကြောင်း စောဒကတက်ရာ ပြန်တွက်၍ တင်ပြရန်တာဝန်ပေးပြန်သည်။ ထို့ကြောင့် ဒိုက်ဦးမှရောက်နေသော လျှစ်စစ်ဗေဒင် ဦးအုန်းသင်နှင့် ဦးသန်းမောင်တို့ တွက်ချက်ရသည်။ ထိုသို့ တွက်ချက်၍ ရသည့် (၁၅)ရက်နေ့ကို ဦးအုန်းသင် လက်ရေးနှင့် ပင်တင်ပြခဲ့ရာ နောက်နေ့ သတင်းစာများတွင် လွတ်လပ်ရေးကို (၆)ရက်နေ့တွင် ကြေငြာပြီး (၁၅)ရက်နေ့တွင် ၀န်ကြီးများ ကျမ်းသစ္စာ ကျိန်ဆိုကြမည်ဟု ပါလာခဲ့သည်။ 

(၆)ရက်နေ့ ဂြိုဟ်ခွင်နှင့် ပတ်သက်၍ ဝေဖန်သောဆောင်ပါးများသတင်းစာတွင် အဆက်အပြတ်ပါလာရာ လွတ်လပ်ရေးအခါနှင့် ပတ်သက်သောဆောင်းပါးများသတင်းစာတွင် မထည့်ရဟု ၀န်ကြီးချုပ်က ပိတ်ယူရသည်အထိဖြစ်လာခဲ့သည်။

သို့သော် များမကြာမီမှာပင် ဇန်န၀ါရီလ (၄)ရက် တနင်္ဂနွေနေ့ နံနက် ၄နာရီ ၂၀မိနစ်တွင် လွတ်လပ်ရေး ကြေညာမည်ဟု ပါလာခဲ့သည်။ ဘုန်းကြီးတစ်ပါးနှင့် လူပုဂ္ဂိုလ်နှစ်ဦးတို့ ရွေးချယ်ပေးသောအခါဟု ဆိုပါသည်။ လူပုဂ္ဂိုလ်တစ်ဦးမှာ ဗိုလ်လက်ျာ၏ ဗေဒင်ဆရာ ပဲခူးဦးသက်တင်ဖြစ်သည်။ (၄)ရက်နေ့ အခါ သည် ကောင်းလှသည်မဟုတ်သော်လည်း (၆)ရက်နေ့ထက်ကောင်းကြောင်း အိန္ဒိယ ဗေဒင်မဂ္ဂဇင်း (၁၉၄၈ ဇန်န၀ါရီ လထုတ်)တွင် ဗေဒင်ပညာရှင်ဒေါက်တာရာမန်က ဝေဖန်ခဲ့သည်။ ထိုမဂ္ဂဇင်း(၁၉၄၉မေလထုတ်) မှာပင် ပရောဖက်ဆာဆတ်စတြီးက (၄)ရက်နေ့၏ အင်္ဂါ-စနေဂြိုဟ်တို့ မကောင်းပုံကို ဝေဖန်ထားပြန် သည်။ 

နက္ခဗေဒင်မဂ္ဂဇင်းအယ်ဒီတာချုပ် ဒေါက်တာဦးဖေဥာဏ်ကမူ လွတ်လပ်ရေးအခါဇာတာနှင့် ပတ်သက်၍ အောက်ပါအတိုင်းသုံးသပ်ပါသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးဇာတာ (၄-၁-၁၉၄၈)နံနက် ၄နာရီ၊ ၂၀မိနစ်၊ တနင်္ဂနွေနေ့

ယခုအခါ လွတ်လပ်ရေးဇာတာမှာ အတော်ကောင်းမွန်သည့်ဇာတာပင်ဖြစ်ပါသည်။ လဂ်သည် ဇေဋ္ဌနက္ခနှင့် ပူးယှဉ်ထားပါသည်။ ဇေဋ္ဌနက္ခမှာ တော်ဝင်ကြယ်ကြီးလေးလုံးတွင် အပါအ၀င်ဖြစ်ပြီး မင်းစိုးရာဇာ တိုင်းကြီးပြည်ကြီး ကိစ္စရပ်များနှင့် ဆက်နွှယ်နေသည့် နက္ခတ်ဖြစ်ပါသည်။ ထိုတော်ဝင်ကြယ်ကြီး လေးလုံးမှာ ရောဟဏီနက္ခတ်၊ မာဃနက္ခတ်၊ ဇေဋ္ဌနက္ခတ်နှင့် ရတနာသိဒ္ဓိနက္ခတ်တို့ပင် ဖြစ်ပါသည်။ တိုင်းကြီးပြည်ကြီး၊ တိုင်းရေးပြည်ရေးနှင့် ပတ်သက်၍ ခမ်းနားကြီးကျယ်မှုကို ပေးနိုင်စွမ်းသည့် တော်ဝင်ကြယ်ကြီးလေးလုံးဖြစ်ပါသည်။ 

လဂ်သည် ကြာသပတေးဂြိုဟ်နှင့် အံသာနီးကပ်စွာပူးယှဉ်ခြင်းသည် အပြစ်တစ်သန်းကိုငြိမ်းသည်ဟူသော ရှေးပညာရှိကြီးများအဆိုအရ အလွန်းကောင်းမွန်သည့် ကိန်းခမ်းပင်ဖြစ်ပါသည်။ အ န္တရာယ်အသွယ်သွယ်မှ ကင်းဝေးပြီး စိတ်ချမ်းသာခြင်း၊ ကိုယ်ချမ်းသာခြင်းကို ဖြစ်စေနိုင်သည့် ဂြိုဟ်ပူးပင်ဖြစ်ပါသည်။ အထူးသဖြင့် ဘာသာ သာသနာရောင်ဝါတွင် သူမတူအောင်ထွန်းတောက်မည့် အမြင်ယှဉ်ပင်ဖြစ်ပါသည်။ ထိုကြာသပတေးဂြိုဟ် နိစ်မူကာ န၀င်းတွင် စနေဂြိုဟ်ခွင်နှင့် ပရိဝတ္တနပြုထားသဖြင့် လောကီရေးထက် လောကုတ္တရာရေးက အလေးသာနေသဖြင့် ထေရ၀ါဒနိုင်ငံတော်အတွက် သင့်မြတ်လျောက်ပတ်သည့် ဂြိုလ်အမြင်ပင်ဖြစ်ပါသည်။ 

လဂ်အိမ်ရှင်အင်္ဂါဂြိုလ်သည် မိတ် သိဟ်ရာသီတွင် ရပ်တည်နေခြင်းက သိဟ်ခြင်္သေ့ဟောက်ကိုဖြစ်စေပြီး ၉တန့်သုဘအိမ်ရှင် တနင်္လာစန်းသည် ၁၁တန့် လာဘအိမ်တွင် ကန်ကြာပေါက်ကိုဖြစ်စေခြင်းကအမျိုး ဂုဏ်ကြီးပွားချမ်းသာရေးအတွက် လျော်ကန်သင့်မြတ်သည့် ဂြိုဟ်မြင်ဂြိုဟ်ယဉ်ပင်ဖြစ်ပါသည်။ 

ကြာသပတေးဂြိုလ်နှင့် တနင်္လာဂြိုလ်တို့ ၆၀ဒီဂရီ ဆပ်စတိုင်းမြင်ခြင်းသည်လည်း ချမ်းမြေ့သာယာစွာ နေထိုင်နိုင်ကြောင်းကို ဖော်ပြထားပါသည်။ ထိုတနင်္လာဂြိုဟ်သည် နက်ပကျွန်းဂြိုဟ်နှင့် ပူးယှဉ်ထားသဖြင့် သနားခြင်း၊ ကိုယ်ချင်းစာနာစိတ်ထားခြင်း၊ နောင်တမလွန်သံသရာအတွက် ပိုမိုအလေးထားခြင်းကို ဖော်ပြထားသဖြင့် ကျွန်တော်တို့နိုင်ငံတော်နှင့် အလွန်လိုက်ဖက်သင့်လျော်သည့် မင်္ဂလာအခါတော်ဖြစ် ကြောင်း မင်္ဂလာစကားမော်ကွန်းထိုးအပ်ပါသည်။ 

                                                                                         ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)







သမိုင်းတွင်အောင် သမိုင်းသင်ပါ



အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာမည့် မောင်အောင်ဆန်းသည် ရေနံချောင်းမြို့ အမျိုးသားအထက်တန်းကျောင်းတွင် ၁၉၂၈ ခုနှစ်မှ ၁၉၃၂ ခုနှစ်အထိ ပညာသင်ကြားခဲ့သည်။ ထိုစဉ်က မောင်အောင်ဆန်း၏ ငယ်ဆရာများထဲတွင် ဆရာဦးကြွယ်စိုးလည်းပါဝင်ခဲ့သည်။

မောင်အောင်ဆန်းသည် အမျိုးသားအထက်တန်းကျောင်းမှ မြန်မာ(၁၀)တန်း အောင်မြင်ပြီးနောက်(၁၅) နှစ်အကြာ ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းအဖြစ် ရေနံချောင်းသို့ ရောက်ရှိလာခဲ့သည်။ ရောက်ရှိလာခဲ့ သည့်အကြောင်းရင်းမှာ ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ)၏ တာဝန်အရ မြန်မာပြည် လွပ်လပ်ရေးအတွက် စည်းရုံးဟောပြောရန်ဖြစ်သည်။

လူထုစည်းဝေးပွဲကို ထိုစဉ်က အစိုးရတန်းမြင့်ကျောင်း(ယခု အထက-၁)တွင် ကျင်းပခဲ့သည်။ ထိုကျောင်း၏ကျောင်းအုပ်ဆရာကြီးမှာ ဦးသံဗျင်ဖြစ်ပြီး ဗိုလ်ချုပ်၏အစ်ကို ဦးဘ၀င်းမှာ အထက်တန်းပြ ဆရာအဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိသည်။

၁၉၄၇ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ကျောင်း၏ညောင်ညိုရိပ်၌မြို့ လူထုအား ညီညီညွတ်ညွတ်စည်းစည်း လုံးလုံးရှိစွာဖြင့် မြန်မာ့လွပ်လပ်ရေးကို အရယူကြရန် ဗိုလ်ချုပ်ကတိုက်တွန်းပြောကြားခဲ့သည်။ ဟောပြောမူ အပြီးတွင် ငယ်ဆရာဦးကြွယ်စိုးနှင့် ကျောင်းသားသမဂ္ဂ၏မေတ္တာရပ်ခံချက်အရကျောင်းစာသင်ခန်းများကို လှည့်လည်ကြည့်ရှုရသည်။ ထိုသို့လှည့်လည်ရင်း ကျောင်းသားကျောင်းသူများကို သြ၀ါဒပေးခဲ့သည်မှာ တန်ဖိုး ရှိလွန်းလှသဖြင့် အသက် ၇၀ ကျော် ၈၀ တွင်းရောက်နေပြီးဖြစ်သော ကျောင်းသားဟောင်းကြီးများ အဖို့ ယနေ့တိုင်မမေ့နိုင်ကြပေ။

စာသင်ခန်းတစ်ခုသို့ရောက်လာသော ဗိုလ်ချုပ်အောင်ဆန်းကို ကျောင်းသားကျောင်းသူများက မတ်တပ် ရပ်ကာ နူတ်ဆက်ကြိုဆိုကြသည်။ ဗိုလ်ချုပ်ကပြုံးရွှင်စွာဖြင့် ပြန်လည်နူတ်ဆက်ရင်းမေးလိုက် သည်.။ 

“အခု ဘာ ဘာသာသင်နေကြသလဲ”

“သမိုင်းဘာသာပါခင်ဗျ/ရှင်” 

“သမိုင်းဘာသာဆိုတာ အလွန်ကောင်းတဲ့ဘာသာပါ။ လူတွေအားလုံးသိသင့်ပါတယ်။ ဒါပေမဲ့ ရှင် ဘုရင်တွေ မွေးတဲ့နှစ်၊ သေတဲ့နှစ်၊ နန်းတက်တဲ့နှစ်၊ နန်ကျတဲ့နှစ်တွေကို သိရုံလောက်နဲ့တော့ မသင်ကြပါနဲ့။ 

သမိုင်းကိုလေ့လာပြီး ကိုယ်ဟာကိုယ့်နိုင်ငံအတွက် ဘယ်လိုအကျိုးရှိရှိလုပ်နိုင်မလဲ၊ ဘယ်လိုနေရာက ပါဝင်ရမလဲဆိုတာ သိအောင်ကြိုးစားသင်ယူဖို့လိုတယ်။

ဒါကြောင့် To learn history is to make history သမိုင်းသင်တာကောင်းတယ်။ သမိုင်းကို သင်လည်းသင်ကြပါ။ သမိုင်းတွင်အောင်လည်း လုပ်ကြပါ။ ”

“ နောက်တစ်ခုက အင်္ဂလိပ်စာကိုလည်း ကြိုးစားသင်ယူကြပါ။ အင်္ဂလိပ်ကို ဆန့်ကျင်တော်လှန်နေတာ ဟာ သူတို့ရဲ့ကိုလိုနီစနစ်၊ နယ်ချဲ့စနစ်ကိုသာ ဆန့်ကျင်တော်လှန်နေတာဖြစ်တယ်။ အင်္ဂလိပ်ဘာသာကို ဆန့်ကျင်ပစ်ပယ်ဖို့မဟုတ်ဘူး။ 

နောင်အနာဂတ်မှာ ပြင်သစ်ဘာသာထက် အင်္ဂလိပ်ဘာသာကလွှမ်းမိုးပြီး အသုံးကျလာမှာဖြစ်တဲ့ အတွက် အင်္ဂလိပ်ဘာသာကိုလည်းကြိုးစားသင်ယူကြပါ။”

“ ရှေ့ခရီးဆက်ဖို့နောက်ကျနေပြီ ဗိုလ်ချုပ်”

စီစဉ်သူများ၏သတင်းပို့မှုကြောင့်သာ စကားဖြတ်လိုက်ရသည်။ သူတို့သာ ဝင်မလာက မည်သို့သော အကြောင်းအရာများကို မည်မျှကြာအောင် ဟောပြောနေမည်မသိ။ တန်ဖိုးရှိသော ဆုံးမစကားများ ထပ်မံကျန်ရစ်မည်ကား မလွဲပေ။

ဗိုလ်ချုပ်၏လမ်းညွှန်ချက်များအရ နှစ်ပေါင်း ၆၀ ကျော်ပြီဖြစ်သော်လည်း ဒီနေ့တိုင်မှန်ခဲ့သည်။ မှန်နေဆဲ လည်း ဖြစ်သည်။ နောင်လည်း မှန်နေအုံးမည်ပင်။ 

မျိုးချစ်စိတ်ကိုပြုစုပျိုးထောင်ပေးခဲ့သောအမျိုးသားကျောင်းတွင်သမိုင်းဘာသာသင်ယူခဲ့သော မောင်အောင် ဆန်း သည် အမျိုးသားခေါင်းဆောင်ကြီးအဖြစ် သမိုင်းတွင်ခဲ့သည်။ 

ကျောင်းသားဘ၀က နယ်ချဲ့အင်္ဂလိပ်ကို မုန်းတီးသော်လည်း နန်းရင်းဝန်ဒေါက်တာဘမော်လို အင်္ဂလိပ် တော်အောင်ကြိုးစားခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ အင်္ဂလိပ်စာအပေါ် ထားရှိသောအမြင်မှာ ယနေ့ခေတ် အင်္ဂလိပ်စာ တွင်ကျယ်မှုအခြေအနေနှင့် တစ်ထပ်တည်းကျနေပေသည်။ 


ကျေးဇူးတင် ဝန်ခံချက်

ရေနံချောင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရာပြည်မဂ္ဂဇင်းပါ ကျောင်သားဟောင်းကြီးများဖြစ်ကြသော -

ဒုတိယဗိုလ်မှူးကြီးအံ့စိန် (အငြိမ်းစား) ၏“ နှစ်တစ်ရာသမိုင်းတစ်ကွက်နှင့် ဗိုလ်ချုပ်အောင်ဆန်း” ကျော်လွင် (ရေနံ့သာ) ၏ “ သမိုင်းဝင်စာအုပ်နှင့် သမိုင်းတင်ရန်ရှာပုံတော်”

မောင်အောင်သန်း၏ “ တွေ့မြင်ကြသိ မှတ်မိသမျှ ကျောင်းသားဘဝ” ဆောင်းပါးကို ဖတ်ရှုရသဖြင့် ဤစာကို ရေးနိုင်ခြင်းဖြစ်ကြေင်း ကျေးဇူးတင်ရှိစွာဖြင့် ဝန်ခံအပ်ပါသည်.။

                                                                                        ခင်လယ်လယ်ချစ် (မြန်/ဂုဏ်)